Nuffnang Ads

Tuesday, 23 October 2012

လေပြေကလေး
 
 
                                                လေပြေ ကလေး
 
   စိုးလှိုင် (မန်းတက္ကသိုလ်)
 
 
 
 
    
(၁)
 
 မောင်မောင်စိုး တောင်အာဖရိကနိုင်ငံ၊ ပရီတိုးရီးယားမြို့ မြန်မာသံရုံးမှာ တာဝန် ထမ်းဆောင်စဉ် က မကြာ မကြာ ကြား ရလေ့ရှိ တဲ့ စကားလေး တစ်ခုက Everybody has a story to tell တဲ့။ လူတိုင်းမှာ ပြောရမဲ့ပုံပြင် ကိုယ်စီရှိကြသည် ဆိုရမည်ပင်။   ပုံပြင် တစ်ခုကို ကို ဖွဲ့နွဲ့ ပီပြင်စွာ ပြော ပြန်တော့လည်း  တကယ့်အဖြစ်အပျက်လားလို့ မေးကြပြန်သည်။ ပုံပြင်ဆိုသည်မှာ ဒဏ္ဍာရီမဟုတ် သည့်အတွက် ဘဝ ၏ရေစီး ကြောင်း လေးတစ်ခုထဲမှာ မြောပါနေရင်း တိုးမိတိုက်မိ ခဲ့သည်ကလေးများ၏ ပြန်လည် ထင်ဟပ် ချက်တစ်ခုဟု သာ ဆိုလျှင် လုံလောက်မည်ဟု ထင်ပါသည်။

 
(၂)


 
 
Pretoria
 
 
 နေ့စဉ် နံနက်ခင်း လုပ်ငန်း ဖြစ်တဲ့ နေ့စဉ် အစီရင်ခံစာ ရေးနေဆဲ တယ်လီဖုန်းမည် လာသည်။ တယ်လီဖုန်း Indicator ကို ကြည့်လိုက်တော့ သံအမတ်ကြီး  အတွင်းရေးမှူး မလေး ခရစ်စတာ ထံကဖြစ်နေသည်။ ကောက်ကိုင်လိုက်တော့-
 " မစ္စတာစိုး  သံအမတ်ကြီးခေါ်ပါတယ် "
 မောင်မောင်စိုး သံအမတ်ကြီး အခန်းသို့ တက်သွားပါသည်။
 
"  ကိုမောင်မောင်စိုး၊ ဒီရောက်တာ နှစ် နှစ် ကျော်ပြီနော်၊ နိုင်ငံခြားရေးရုံးမှာ တုန်းက နောက်ဆုံး အပြည်ပြည်ဆိုင်ရာဌာနမှာ(UN) တာဝန်ကျခဲ့တယ်ထင်တယ်။ တခြားတော့ မဟုတ်ပါဘူး ကိုမောင်မောင်စိုး ကို  Spare  လို့ ရမလားလို့ ရုံးချုပ်ကမေးလို့ပါ။ ကိုယ်ကလည်း သူ့နဲ့ သင့်တော်တဲ့ တာဝန်ပေး ဘို့ ရှိရင်ပေးပါ ၊ အရာရှိ အစားကိုတော့ အဆင့်တူ ပထမအတွင်းဝန် ဘဲ ပေးပါလို့ ပြောလိုက်တယ် "
 
"  ဘာတာဝန်ပေးမယ်လို့ရောပြော ပါသေးသလားသံအမတ်ကြီး "
 
" ကိုယ်လဲ မမေးသင့် ဘူးထင်လို့ အသေးစိတ်တော့ မမေးလိုက်ဘူး။ ဒါထက် UN မှာ ဘာ ဘာသာရပ် ကိုင်ခဲ့သလဲ "
 
" ကျွန်တော့် အဓိကဘာသာရပ်ကတော့ လက်နက် ဖျက်သိမ်းရေး CD  ( Conference on Dis armament ) ဘာသာရပ်ပါဘဲ။ ဒီမလာခင် နောက်ဆုံးမှာတော့ နျူကလီးယား ဖေါက်ခွဲစမ်းသပ်မှု  အလုံးစုံပိတ်ပင်ရေး CTBT စာချုပ်ကို မြန်မာနိုင်ငံ အနေနဲ့ အတည်ပြု လက်မှတ်ရေးထိုးဘို့ သင့် မသင့် အထူးပြု ဆောင် ရွက်ခဲ့ရပါတယ် "
 
 " အေးကွာ ကိုယ်လဲ အတိအကျ တော့ မပြာတတ်ဘူး။  ရုံးချုပ်က ကိုရင့် ဘာသာရပ်နဲ့ ဆိုင်တဲ့ နေရာ တစ်ခုခုများစဉ်း စားနေသလား မပြောတတ်ဘူး။ ဒီမှာ အင်အား ကလည်း နည်းတော့ ဒို့ ရုံးမှာ လုပ်ငန်း အခက်အခဲ မဖြစ်အောင် ရုံးချုပ်က  စကားဦးသန်းပုံရတယ်လို့ ထင်တာဘဲ။ ရှိတဲ့ လုပ်ငန်းလေး တွေ အစသတ်ထား ရင်တော့ ကောင်းမယ်  "
 
"  ကျွန်တော်က တစ်ယောက်တည်းသမား မို့ ဘာတာဝန်ဘဲ ပေးပေး လှုပ်ရှားလို့ လွယ်ပါတယ၊် အခက်အခဲမရှိပါဘူး သံအမတ်ကြီး "
 
"   အေး ဒါဟာ ကိုရင့် အတွက် ရှေ့ ဆက်တက်လှမ်းရမဲ့ လမ်း ဖြစ်လိမ့်မယ်။ ကိုရင် က ငယ်သေးတော့ ရှေ့ လျှောက်ရမဲ့ခရီးက အရှည်ကြီးရှိသေးတယ်။ ဦးတည်ချက် ပန်းတိုင် မပျောက်ဘို့ အရေးကြီးတယ်။ ဦးတည်ချက်တွေကတော့ကွာ အထူးပြောဘို့ မလိုပါဘူး။  နိုင်ငံခြားရေးဝန်ထမ်း ဆိုတာက ပြည်ပမှာ နှစ်ရှည်လများ နေကြရတော့ ပိုအရေးကြီး တယ် "

သံအမတ်ကြီး က ကြို ၍ သတိပေးသင့် သည်များကို သတိပေးပါသည်။
 
 သံအမတ်ကြီးသည် အောက်လက်ငယ်သားကို စာနာ ထောက်ထားသူဖြစ်သည်။  ထုနှင့်ထည် နှင့် ဆောင်ရွက်ရသည့် လုပ်ငန်းများကို  အောက်ကိုချပေးလေ့မရှိဘဲ ကိုယ်တိုင် လုပ်လေ့ရှိသူဖြစ်သည်။ အခုလည်း သူ့အား ရုံးချုပ်က အတွင်းရေး အဖြစ်ပြောသည်ကို အောက်လူ အဆင်ပြေစေရေးအတွက် ပေးသင့် သမျှ သတင်းအစအန ပေးခြင်းဖြစ်သည်။

အောက်ထပ်ပြန်ဆင်းလာလို့ အခန်းဝသာရောက်လာ သည် ဘာကိစ္စရယ်လို့ အတိအကျ စဉ်းစားရ ခက်နေသည်။ အခန်းထဲဝင်လိုက်တော့ တတိယအတွင်းဝန် ကိုတင်မောင်ဝင်းကစားပွဲ ရှေ့တွင် ထိုင်စောင့်နေသည်။
 
 " အကို Daily Report ပြီးရင် စာရိုက်ဘို့စောင့်နေတာ၊ ရုံးချုပ် က ကျွန်တော်တို့ ထက်  လေးနာရီခွဲစော တော့အစီရင်ခံစာကို အစောဆုံးပို့နိုင်မှ တော်ရုံကြမယ်။ ဒါထက် ဒီနေ့ အကို DFA South East Asia Director နဲ့ တွေ့ပြီး High Level Visit programme ကိစ္စ ညှိဘို့ ရှိတယ်နော်၊ ကျွန်တော် ယာဉ်မောင်း စတီဗင်ကိုတော့ အချိန်ကိုက် ကားထိုးထားဘို့ ပြောပြီးပါပြီ "
 
  ကိုတင်မောင်ဝင်းက နှစ်ဦးစလုံးရဲ့ အလုပ်များ အချိန်မှီ ပြီးပြတ်စေရေးအတွက် ပြောရန် ရှိ သည်များကို လု၍ ပြောလိုက်သည်။
 
"  ဒီမှာဘဲ ခန ထိုင်စောင့်ပါကွာ တစ်ပိုဒ်ပဲ ကျန်ပါတော့တယ် ပြီးပါတော့မယ် "
မောင်မောင်စိုးကလည်း သက်ပြင်းမှုတ်ထုတ်ကာ ပြန်ပြော ရသည်။
 
 တတိယအတွင်းဝန် ကိုတင်မောင်ဝင်းသည် နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် ဆိုင်ရာများကို အောက်ခြေမှ တာဝန်ယူ ဆောင်ရွက်နေသည့် အရာရှိ ဖြစ်သည်။ အလုပ်များလှသူ လည်းဖြစ် သည်။ အလုပ်များစေကာမူ တိကျ မှန်ကန် မြန်ဆန်စွာ ဆောင်ရွက်သူလည်းဖြစ်သည်။
ထိုအခိုက် Receptionist မလေး ရှနဲလ် ဝင်လာပြန်သည်။
 
 "  မစ္စတာစိုး ဝင်ဒီ ဖုန်းဆက်ပါတယ်။ မစ္စတာစိုး သံအမတ်ကြီး အခန်းထဲ ရောက်နေတယ် ဆိုလို့ သူ ဒီနေ့  အချိန်ပို သင်တန်းရှိုလို့  ညနေခြောက်နာရီမှ သင်တန်းပြီးမယ်ဆိုတဲ့အကြောင်း မစ္စတာစိုး ကို ပြောပေးပါလို့ ပြောပါတယ် "  
 
  ရှနဲလ် ပြန်ထွက် သွားတော့ ကိုတင်မောင်ဝင်းက ရီကျဲကျဲ နဲ့ -
"  ဘယ်လိုလဲ ဒို့ဆရာ လူပျို ကြီး ဈာန် လျှော တော့ မယ်နဲ့ တူတယ်။ လျှော ရင်လဲ မြန်မြန်လျှော အသက် (၃၅) နှစ်လဲ ပြည့်တော့ မယ်။ ကျော်သွားရင် မကောင်း ဆရာရေ့ "
 
 ဒီတော့မှ ဝင်ဒီနဲ့ Menlyn  Shopping Mall က Mugg and Bean  မှာ ညနေစာ စားဘို့ ချိန်းထားတာသတိရမိသည်။


                                                 Menlyn Shopping Mall
 
 " ဈာန် လျှောရင်လဲ ပြုတ်တော့ မကျပါဘူး ကိုတင်မောင်ဝင်းရယ်၊ လေထီးလေးနဲ့ ဘဲ တငြိမ့်ငြိမ့် ဆင်းမှာပါ "  
အရှက်ပြေလေးပြောလိုက်ရပါသည်။ ကိုတင်မောင်ဝင်းလဲ ရီကျဲကျဲ မောင်မောင်စိုးကလဲ မလုံမလဲ  ...။
 
 
 
(၃)

 
Jacaranda City Pretoria. 


တောင်အာဖရိက နိုင်ငံခြားရေး ဝန်ကြီးဌာန အရှေ့တောင်အာရှဌာနခွဲရောက်တော့ ညွှန်ကြားရေးမှူး  Mr. Moloketi Young က ဧည့်ခမ်း အပေါက်ဝက စောင့်နေရင်း -
 " Hello Mr. Soe,  What can you do for me ?  ၊  ခင်ဗျားတို့ APGA  ( ASEAN Pretoria Golf Association ) ဒီအပတ် တန၈င်္နွေ ဘယ်မှာ ကစားကြမလဲ"

 ဂေါက်သီး သမားခြင်း ခင်မင်စွာ နောက်၍နှုတ်ဆက်သည်။၏
 
 " Waterkloof Golf Course မှာပါ ကျွန်တော် မလာခင်ကလေး မစ္စတာရမ်း ဆီကို ဖိတ်စာ ပို့ခိုင်း  လိုက်ပါပြီ။ ဒီနေ့ ပဲ ရောက်ပါလိမ့် မယ် "
 
 ပရီတိုရီးယားရှိ ဂေါက်သီးရိုက်သည့် အာရှနိုင်ငံများမှ သံတမန်များသည် Asian Pretoria Golf Association အဖွဲ့ကို စည်းဖွဲ့ ထားကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း  ပြိုင်ပွဲကျင်းပလေ့ရှိသည်။ မောင်မောင်စိုးသည် ပြိုင်ပွဲ ကျင်းပရေးတာဝန်ယူရသည်။ ပြိုင်ပွဲ ကျင်းပ တိုင်း မစ္စတာ ရမ်း အပါအဝင် တောင်အာဖရိက နိုင်ငံခြားရေး ဝန်ကြီးဌာန ၊ အာရှဌာနမှ ဂေါက်သီး အားကစားသမား အရာရှိများကို ဖိတ်ကြား လေ့ရှိသည်။ မစ္စတာရမ်း နှင့် မောင်မောင်စိုးတို့သည် ဂေါက်သီး အားကစားသမားများဖြစ်ကြ၍ လည်းများစွာ ရင်းနှီးကြခြင်း ဖြစ်သည်။

လုပ်ငန်း ဆောင်တာများ လုပ်ကိုင်ကြရာတွင် ဤ ကဲ့သို့ ရင်းနှီး ပါက လုပ်ငန်း ဆောင်ရွက် ရ လွယ်ကူသည်။ ဤ ခရီးစဉ် ကိစ္စ တွင်လည်း အလွန် ကြပ် နေသည့် Tight Programme ကို ပြန်လျှော့ခြင်း ၊ ရုံချုပ် က လိုသည့် အပိုင်းများ ထပ်ဖြည့် ခြင်း များ ဆောင်ရွက်ရာတွင် တစ်ဖက် နှင့် တစ်ဖက် ဈေးဆစ် ကြသကဲ့သို့ ဆောင်ရွက်ကြရသည်။ အိမ်ရှင် နိုင်ငံ ဘက်မှ ဆွေးနွေးရသူ အနေနှင့်လည်း တစ်ဦးထည်း ဆုံးဖြတ်၍ မရ သည့် အပိုင်း များရှိသည်။ ခင်မင်ရင်နှီး တော့လည်း မစ္စတာ ရမ်း က သူအနေနှင့် ဆုံး ဖြတ် နိုင်သည့် ကိစ္စများကို တစ်ခါထည်း ဆုံးဖြတ် ပေးလိုက် သော ကြောင့် လုပ်ငန်း အတော် များများ ပြီးခဲ့သည်။

 

(၄)
 
 
                                                Pretoria Menlyn Shopping Mall
 
 ညနေ ခြောက်နာရီ တွင် ဝင်ဒီ ကျောင်းတက်သည့်  Alliance  Françoise  ပြင်သစ် ကျောင်း သို့  သွားကြိုသည်။  ကျောင်းကလဲ ခြောက်နာရီ ကျော်သည်အထိမပြီး။ 

ဝင်ဒီ သည် အဖေ ဒတ်ခ်ျ နှင့် အမေ ဇူးလူး ကပြား တို့ ၏ သွေး ဖြစ်၍ အသား ညို ဝါ ညက် ကလေး ၊ တောက်ပနေသည့် မျက်လုံးများ နှင် လှိုင်းတွန့် ဆံပင်ကလေးနဲ့ ဖြစ်သည်။ သူ၏ ပြောဟန်ဆိုဟန် နဲ့ အမူအယာလေးများသည် တစ်ပါးသူကို ညွှတ်ယိမ်း လာအောင် ဖမ်းစား နိုင်သည့်စွမ်းအင်များရှိသည်ဟု ဆိုရမည်။ သူ့အသက်ကို မမေးဖြစ်။ မိန်းခလေး တစ်ဦးရဲ့ အသက်မေးသည်မှာ ရာဇဝတ်မှုတစ်ခု ကဲ့သို့ ဖြစ်၍လည်း မမေးဖြစ်ခဲ့။ သို့ ရာတွင် ဆယ်ကျော် သက်မဟုတ်ဘဲ နှစ်ဆယ် တော်တော် ကျော်သည့်အသက် ဖြစ်မှာတော့ ကြိမ်းသေသည်။

ဝင်ဒီသည်  ဟောင်တိန်း  ပြည်နယ် ပရီတိုးရီးယား အနီးက ၈ျိုဟန်နစ္စဘတ်ရှိ မက်ဂနီးစ် နှင့်ကျောက် မီးသွေး ကုမ္ပဏီ တစ်ခုတွင်Marketing ဌာန၏ သုတေသီတစ်ဦး ဖြစ်ပါသည်။ နေတော့ ပရီတိုးရီးယားတွင်ဖြစ်သည်။ အဖေ နှင့် အမေ မှာ ကွာဇူးလူး နာတဲလ်  ပြည်နယ်မှာ ဒါဘန် တွင် နေသည့်အတွက် သူကလဲတစ်ယောက်တည်းသမား မောင်မောင်စိုး ကလည်း တစ်ကိုယ်ရည် ဆိုတော့ တွဲမိကြ သည်။
 
 
 
Durban Beach


ပရိတိုးရီးယား သံတမန်လောကတွင် ညစာ စားပွဲ နှင့်အခန်းအနားများ ဖိတ်လျှင် ….. and Spouse ဟူ၍ဖိတ် သကဲ့သို့ …… and Partner ဟူ၍လည်း ဖိတ်လေ့ရှိကြသည်။ ဤသည်မှာ တောင်အာဖရိက သံတမန်အသိုင်းအဝင်းရဲ့ အလေ့အထ ဖြစ်သည်။ တစ်ယောက် တည်းသမား သံတမန်များကို တစ်ဦးထဲဟု သိစေကာမူ…… and Partner ဟု ဖိတ်လေ့ရှိသည်။ မိတ်ဆွေခေါ်လာ နိုင်စေရန် ဖြစ်သည်။ မောင်မောင်စိုးသည် …… and Partner ဟူ၍ အဖိတ်ခံရသည့် အထဲတွင် ပါသည်။ ရင်းနှီးသည့် သံတမန် မိတ်ဆွေများ ဖိတ်ကြားသည့် ပွဲများသို့ ဝင်ဒီ အားခေါ်သွားလေ့ရှိသဖြင့် မောင်မောင်စိုး မိတ်ဆွေများက ဝင်ဒီ ကို ကောင်းစွာ သိကြသည်။

" မောင်စိုး မင်းကောင်မလေးက Good Looking ကြည့်ကောင်းတယ်နော် "

 ညီအစ်ကိုလို ခင်နေကြသည့် မလေးရှား သံမှူး နာဇာရူဒင် က နောက် သလိုလို အတည်လိုလို ပြောလေ့ရှိသည်။


                                                    Durban Hotels at Beach

 ဤသို့ ဤနှယ် အတွေးနယ်ချဲ့လို့ကောင်းနေစဉ် ဝင်ဒီ ကျောင်းထဲက ထွက်လာသည်။
 
 " စိုး  ဆောရီး သိပ်ကြာသွားတယ်။ ဒီနေ့ French Co-operation Scholarship အတွက် အကြိုပြင်ဆင်တဲ့ သင်တန်းတက်နေရလို့လေ၊ ရွေးထားတဲ့ လူကမများလှဘူး ပဏာမ လေးယောက်ထဲ ရွေးထားတယ်။ အားလုံးထဲမှာ ဝင်ဒီ က ထိပ်ဆုံးမှာ ရှိနေတယ်။ အရွေးခံရ ရင် ပါရီမှာ ရှိတဲ့ European School of Management  မှာ Business Management Master ဘွဲ့အတွက် သွားတက်ရမှာ ၊ ပဏာမ ရွေးထားတဲ့သူတွေထဲမှာ Business Management  သမားဆိုလို့ ဝင်ဒီ တစ်ယောက်ထဲပါတယ်၊ ရ ဘို့ Chance  အတော် များတယ်  စိုး "    

 ဝင်ဒီသည် University of South Africa မှ  Bachelor of Business Management ဘွဲ့ ရ ထားသူဖြစ်သည်။       ဝမ်းနည်းရမှာလား ဝမ်းသာရမှာလား မသိန်းကြည် လို့ ဆိုသည့် မောင်မောင်စိုး တို့  ငယ်စဉ်က ကြည့်ခဲ့ရတဲ့ ရုပ်ရှင်ကားတစ်ခုကဲ့သို့ ပင် ထွေးမရ မြိုမရ ဖြစ်ရသည်။ ခွဲခွာကြရလျှင် ဝေဒနာတစ်ရပ် မဖြစ်ပါစေ နဲ့ လို့ သာ ဖြေလိုက်ရသည်။


                                 University of South Africa (UNISA)

 
 Menlyn  Shopping Mall အပေါ်ဆုံးထပ်ရှိ Mugg and Bean စားသောက်ဆိုင် ရောက်တော့ နှစ်ဦးထိုင်နေကြ ပရီတိုရီးယားမြို့ ကြီး တစ်ခုလုံးနီးပါးကို အပေါ်မှစီး၍ မြင်ရသည့် အပြင်ဘက်ဝရန်တာမှာ ထိုင်ကြသည်။ မောင်မောင်စိုးက Smoke Salmon နဲ့Trout ပါတဲ့ Royalar နဲ့ Nederburg Red Wine  မှာပြီး ဝင်ဒီ က  အသီးအနှံများသာ ပါတဲ့ Tropical   နဲCider မှာသည်။ ဒါတောင် အသီး အနှံထဲမှာပါတဲ့ Cream တွေကိုဖယ်ကာ ကီဝီ၊ စတော်ဘယ်ရီ၊ သင်္ဘောသီးနဲ့ သခွားချို များကို သာ စားပါသည်။ အော်  ဒါကြောင့်လဲ ဒီလိုလှပေ တာပဲလို့ စိတ်ထဲမှာ တစ်ကိုယ်ကြား ပြောမိသည်။
 
  အဝေးမှာရှိတဲ့ ပရီတိုးရီးယားမြို့ ကြီးသည် ဆောင်းည၏ မီးရောင် စုံအောက်မှာ တဖြတ်ဖြတ်နှင့် လှနေပါသည်။ ခတ်လှမ်းလှမ်း တောင်တန်းအထက်မှ Uion Building ကြီးကို အပြာရင့်ရောင် နောက်ခံအောက်မှာ ဝေဝါးဝါး မြင်ရသည်။ အောက်ခြေမှ လူးလာဆန်ခတ် သွားလာနေကြသည့် မော်တော်ကား မီးရောင်များမှာလည်း ရောင်စုံမီးတန်းက တသီတတန်း။ တောင်အာဖရိက မေလ ၏ လေနုအေးသည်လည်း မွှေးလှပါသည်။ မေလ၏ ဆောင်းဦး၏အအေးကြောင့် ဆိုင်အပြင် ခုံတန်းများတွင် လွတ်လပ်မှုကို လိုခြင်ကြသည့် စုံတွဲ သုံး လေး တွဲခန့်သာ။ ကမ္ဘာ့တောင်ဘက်ခြမ်း သည်မှာက အေးသော ဆောင်း မြောက်ဘက်ခြမ်း နဲ့ မောင်မောင်စိုးတို့  နိုင်ငံမှာက နွေးသော နွေ ။
 
  ထိုအခိုက် ဆိုင်မျက်နှာကြက် နှင့် ရှေ့ မျက်နှာစာ ကစားကွင်းထဲ တွင်တပ်ဆင် ထားသည့် Speaker များ မှ ရှေးခေတ်အနောက်တိုင်းသီချင်းများကို ညှင်းသာစွာ ဖွင့်ထားသည်။ သတိထားမိတဲ့အချိန်မှာတော့ သီချင်းက မောင်မောင်စိုး နှစ်ပေါင်းများစွာတည်းက စွဲစွဲ လန်းလန်း ဖြစ်ခဲ့ရတဲ့  " Nothing's Gonna Change My Love for You "  သီချင်း။
              " If I had to live my life without you near me,
              The day would all be empty,
              The Night would seem so long,……..
           
        " မင်း မရှိတဲ့ ကိုယ့်အနား၊
         နေ့များလည်း ဗလာ၊ 
         ညများလည်း ရှည်ကြာ"  သီချင်း ပထမ ပိုဒ်ကို တိုးတိုးလေး လိုက်ဆိုမိသည်။
 
"  စိုး   ဘယ်သူ့ကို ညွှန်းဆိုတာလဲ ဟင်၊ ညွှန်းဆိုတဲ့ ထဲ ဝင်ဒီ ကော ပါသ လား "

လို့Cider အရှိန်နဲ့ ရီဝေတဲ့ မျက်လုံး အပြုံးမျက်နှာ နဲ့ မေးလာတော့၊

 " သြော် ထင်တဲ့သူရှိရင် အဲဒီထင်တဲ့ သူကိုပဲ ညွှန်းဆိုတာပါဘဲ "

 လို့ ဝါးလုံးရှည် နဲ့ သိမ်းရိုက်လိုက်ပါသည်။
ရိုက်လိုတဲ့နေရာက နှလုံးသား ။ ဝါးလုံးရှည်နဲ့ သိမ်းကြုံး ရိုက်မှ တော့ထိပြီပေါ့။ သူ့ကို အဖျား နဲ့ ရိုက်မိသည်တွင် ကိုယ့် ကိုလည်း အရင်းကခတ်မိပါသည်။ ရင်အတွင်း ကွက်လပ်ကလေးတစ်ခုနဲ့ ဘဲ အိမ်သို့ပြန်လာ ခဲ့ရပါ သည်။ အိမ်ပြန်ရောက် တော့ သူနဲ့ ဆုံရတွေ့ခဲ့ကြသည့် ပုံရိပ်ကလေးများက အဆိုပါ ကွက်လပ်ကလေးထဲ ဝင်လာပါသည်။


 

(၅)
 

  
NAASP Opening Ceremony, Durban.
 
ဝင်ဒီ နှင့် စတွေ့ကြသည်က ဒါဘန်မြို့တွင် ကျင်းပသည့် အာရှ-အာဖရိက မဟာဗျူဟာ မိတ်ဖက်သစ် New Asia Africa Strategic Partnership အစည်းအဝေး တွင်ဖြစ်သည်။ ၁၉၅၅ ခုနှစ် ဘန်ဒေါင်း ကွန်ဖရင့်မှစခဲ့သည့် အာရှနှင့်အာဖရိ က တိုက်ကြီး  နှစ်တိုက်၏ ချစ်ကြည် ပူးပေါင်း ဆောင်ရွက်ရေးမှတ် တိုင်မှ မြစ်ဖျားခံသည့်ကိစ္စဖြစ်၍ အစဉ် အလာကြီးမားသည်။ ၂ဝဝ၅  ဧပြီလ အတွင်းက အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပခဲ့သော အာရှအာဖရိက ထိပ်သီးအစည်းအဝေးမှ ချမှတ်ခဲ့သည့် ကြေငြာစာတမ်း ကို အကောင် အထည် ဖေါ်ရန် အစပျိုးသည့် အစည်းအဝေးလည်းဖြစ်သည်။ သံအမတ်ကြီး ဘီနင်နိုင်ငံ၌ အစည်းအဝေး တက်ရန်ရှိ၍ ၄င်း ကိုယ်စား မောင်မောင်စိုးတက်ရန် တာဝန်ပေးခဲ့ခြင်းဖြစ်သည်။
 
 အာရှ-အာဖရိက ပေါင်းစည်း ချစ်ကြည်ရေး  အစည်းအဝေးဆိုစေကာမူ  ပြဿနာနှင့် အစပျိုး ခဲ့သည်။ အစည်းအဝေး စကာ အစီအစဉ်ကိုအတည်ပြုရန်  အတွက် ဆွေးနွေးရုံမျှရှိသေးသည် မော်ရိုကိုနိုင်ငံမှ ခွဲထွက်လိုက်သည့် အနောက်ဆာဟာရ ကို အစည်းအဝေးသို့ ဖိတ်ကြားသည့် ကိစ္စနှင့်ပတ်သက်၍ မော်ရိုကိုသည် အိမ်ရှင်တောင်အာဖရိကကိုရော ပူးတွဲသဘာပတိဖြစ်သည့် အင်ဒိုနှီးရှားကိုပါ အပြစ်တင် စကားပြောကြားခြင်းနှင့်စခဲ့သည်။ ယင်းနောက် အုပ်စုများကွဲ၍ အငြင်းပွားမှုကြောင့် အစည်းအဝေးသည် အစထဲက ယဉ်သကို ဆိုသကဲ့သို့ ဖြစ်ခဲ့ရသည်။ တစ်ရက်အချိန်ကုန်ပြီးမှ မူလအစီအစဉ်များကို အတော်ကြိုး စား ဆွေးနွေးရသည့် အဖြစ်ရောက်ခဲ့သည်။ ချစ်ကြည်ရေး အစည်းအဝေးသည် အမုန်းနှင့် စခဲ့ကြရသည်။
 
 နောက်တစ်နေ့ ဆွေးနွေးကြရာ၌ ဝေငှထားသည့် အစီအစဉ်အလိုက် ဆွေးနွေးရန် ပြုစုထားသည့် စာကြမ်း၏  ငြိမ်းချမ်းရေးတည်ဆောက်မှု (Peace-building)  စာပိုဒ်၏ ပိုဒ်ခွဲ (၄) တွင် လက်ရှိ တင်းမာမှု ဖြစ်ပေါ်နေသည့်  အီရန်နိုင်ငံ၏ နျူကလီးယား ပြဿနာ ပါလာသည်။ အဆိုပါစာပိုဒ်တွင် အီရန်သည် နျူကလီးယား နည်းပညာ ( Technology)  ကို ငြိမ်းချမ်းစွာ အသုံး ပြုခွင့်ရှိ သည်ဟူ၍ နျူကလီးယား မပြန့် ပွားရေးစာချုပ် (NPT)   တွင်ဖေါ်ပြပါ ရှိသကဲ့သို့ ဘက်မလိုက်အဖွဲ့ နှင့် အပြည်ပြည် ဆိုင်ရာ အစ္စလာမစ်အဖွဲ့  များ ကလည်း ထောက်ခံထားကြောင်း စသည်ဖြင့်ပါလာသည်ကိုတွေ့ရသည်။

ဤ ဘာသာရပ် သည် လက်နက်ဖျက်သိမ်းရေးဘာသာရပ်၊ မောင်မောင်စိုး၏ အဓိကဘာသာရပ် ဖြစ်၍ ထည့် သွင်းလို သည့် အချက်တစ်ရပ်ကို (NPT)  နှင့်ချိတ်ဆက်ကာ မသိမသာထည့်သွင်းကာ အတည် ပြု ချက်ရရန် ကြိုးပမ်းချက်တစ်ရပ်ဟုသိလိုက်သည်။ သို့နှင့်သဘာပတိထံ စကားပြော ခွင့် တောင်းသည်။
 
 မြန်မာကိုယ်စားလှယ်အား စကားပြောခွင့် ပေးသည့်အချိန်တွင်  မောင်မောင်စိုးက ငြိမ်းချမ်းရေး တည် ဆောက်မှု အပိုင်း၏ စာပိုဒ် (၄) ကို ဆွေးနွေးလိုပါကြောင်း၊ အဆိုပါ စာပိုဒ်ပါ အီရန်နျူကလီးယား ကိစ္စတွင် (NPT)  ကို ညွှန်း၍ ရေးထားသော်လည်း (NPT)  တွင် ဖေါ်ပြထားချက် နှင့်ကွဲလွဲနေပါကြောင်း၊ ယခုစာပိုဒ်တွင်....inalienable right of nations to use of nuclear technology  ဟုဖေါ်ပြထားကြာင်း၊ ဏြွှ NPT Article IV Para (1) တွင် ဖေါ်ပြထားသည်မှာ........inalienable right of all the parties to the Treaty to develop research, production and use of nuclear energy for peaceful purposes ....... ဟူ၍ ဖွင့်ဆိုထားသဖြင့်(NPT)  ကိုညွှန်းမည်ဆိုပါက ယခု စာကြမ်း ၏စာပိုဒ်(၄)တွင်လည်း Nuclear Technology    ဟု မသုံးဘဲ Nuclear Energy  ဟုသာ သုံးသင့်သည်ဟု ယူဆပါကြောင်း၊ အဆိုပါ စကားလုံး နှစ်ရပ်၏ အဓိပ္ပါယ်သည် များစွာခြားနားပါကြောင်း စသည်ဖြင့် တင်ပြသည်။
 
 သဘာပတိက မြန်မာ ကိုယ်စားလှယ်သည် (NPT)  ကို ထောက်ပြ ပြောကြားနေပြီဖြစ်၍ အခြားသော ကိုယ်စားလှယ်များ ၏သဘောကို တောင်းခံရာ မောင်မောင်စိုး ၏တင်ပြချက်ကို ထောက်ခံသူ အင်အားများ သဖြင့် နောက်ဆုံးတွင် စကားလုံးအသုံးအနှုံး ကိစ္စသာမက အဆိုပါ အပိုဒ် တစ်ပိုဒ်လုံး စာကြမ်းမှ ပြုတ်သွားပါသည်။
 
 ကော်ဖီသောက်ရန် ခေတ္တရပ်နားစဉ်တွင် တောင်ကိုရီးယား ကိုယ်စားလှယ် မစ္စတာ ကင်ဝမ်ဒေါင် က -
" ခင်ဗျားကို ကျေးဇူးတင်ပါတယ်၊ ကျွန်တော်လည်း ဘာရပ်ကို သိပ်နားမလယ်တော့ အဲဒီ အချက်ကို သတိမပြု မိလိုက်ဘူး၊ ဒီအတိုင်း အတည်ပြုလိုက်လျှင် အားလုံးမကောင်း ဖြစ်သွားပြီး တာဝန်ရှိတဲ့ထဲမှာ အစည်းဝေးတက်တဲ့ ကျွန်တော်ပါ ပါသွားမယ် "   လို့ပြောသည်။
 
 ထိုအခိုက် အနက်ရောင် ကုတ်အင်္ကျီ အနက်ရောင် စကပ် နှင့် မိန်းမချော တစ်ဦး ရောက်လာသည်။ အတော် အသင့် ဟင်းလင်း ဖွင့်ထားသည့် ရင်ညွန့်တွင် ပန်းနုရောင် Crystal လည်ဆွဲလေးနှင့် ဖြည့်ထားရာ အသားဝါလေးနှင့်ပန်းနုရောင် လည်ဆွဲလေးမှာ ပဏာရလှသည်။
 
" ကျွန်မ ဝင်ဒီ ပါ ၊ ဝင်ဒီ စဘွန်ဂီလေး  ပါ ကိုယ်စားလှယ်အဖွဲ့ဝင်တော့ မဟုတ်ပါ ဘူး၊ အစည်းအဝေး ကိုလေ့လာတဲ့ အဖွဲ့ ဝင်အဖြစ် အစည်းအဝေးရုံးအဖွဲ့မှာ စာကြမ်း ပြုစုရေးကို ကူညီဆောင် ရွက်နေတာပါ၊  ခုနက ဆွေးနွေး ခဲ့တဲ့ စာကြမ်းထွက်ပေါ်လာရေးအတွက် လွန်ခဲ့ တဲ့ညက တစ်ညလုံး စာကြမ်းပြုစုရေး အဖွဲ့အနေနဲ့ ပင်ပင်ပမ်ပမ်း အစွမ်းကုန်ကြိုး စားညှိနှိုင်းထားရတဲ့ စာကြမ်း ဖြစ်ပါတယ်၊ အခုတော့ ကြိုးစား ထားရတာတွေ သဲထဲရေသွန်သလို ဖြစ်သွားရတယ်၊ မြန်မာကိုယ်စားလှယ် ထောက်ပြတဲ့ (NPT) စာချုပ်ကို ခဏလောက် ကြည့်နိုင်ပါသလား "
 
 စသည်ဖြင့် မောင်မောင်စိုး ကို ရန်တွေ့ သံမပါစေကာမူ မကြေနပ်ဟန် နဲ့ပြောသည်။  သည့်နောက် မောင်မောင်စိုး ဖြီးဖြန်းလေသလားလို့ (NPT) စာချုပ်ကို ကြည့်လိုသည်ဟု ယဉ်ယဉ် လေး စစ်ဆေးပါတော့ သည်။
 
 မောင်မောင်စိုးကလည်း ဤကိစ္စ မဆွေးနွေးမှီကပင် အစည်းအဝေးခန်းမ အပြင် ကွန်ပြူတာ ခန်း Internet မှ ထုတ်ယူထားကာ ကြိမ်း သေမှ အတိအကျ ထောက်ပြ ဆွေးနွေး ခြင်းဖြစ်သည်။
 
"  မစ္စ စဘွန်ဂီလေး ဒီစာကြမ်း အတွက် ညက တစ်ညလုံး ကြိုးစား ထားရတယ်ဆိုတာ စာကြမ်းပြုစုရေး အဖွဲ့မှာပါတဲ့ကျွန်တော့် သူငယ်ချင်း မလေးရှားကိုယ်စားလှယ် နာဇာရူဒင် ပြောလို့ သိရပါတယ်၊ အခုအစည်း အဝေးက အမြင့်တန်းအရာရှိအဆင့်အစည်းအဝေး ၊  ဒီအစည်း အဝေးက အသေးစိတ် အချက် အလက်များ ဆွေးနွေး ရမဲ့ အစည်းအဝေးဖြစ်ပါတယ်၊  ဒီကိစ္စ ကို တိတိကျကျ မဆွေးနွေး ကြဘဲ အတည်ပြုလိုက်ရင် ဝန်ကြီး အဆင့် နဲ့ ထိပ်သီးအဆင့် စတဲ့ အစည်း အဝေးတွေမှာ တောက်လျှောက် ထပ်ပြီးအငြင်းပွားရမဲ့ ကိစ္စဖြစ်လာမှာမို့ ကျွန်တော် ထောက်ပြတာပါ "

 
  သည်နောက် ဝင်ဒီ အား စားသောက်ခန်းရှိ စားပွဲတစ်လုံးသို့ ခေါ်ကာ နျူကလီး ယား ဖေါက်ခွဲစမ်းသပ်ခြင်း နှင့်ပတ်သက် သည့် Partial Test Ban Treaty မှ အစ  NPT    အလယ် CTBT ( Comprehensive Test Ban Treaty) အဆုံး အားလုံးသော စာချုပ်များ၏ သဘောသဘာဝ နှင့် နောက်ဆုံး စာချုပ်ဖြစ်သည့် CTBT အတွက် ညှိနှိုင်း ဆွေးနွေးးကြရာတွင် စာလုံး တစ်လုံးခြင်းအတွက် အချိန်ကြာမြင့်စွာ အသေးစိတ် ငြင်းခုံ ဆွေးနွေး ခဲ့ကြရသည်များကို ကိုယ်တွေ့ရော စာတွေ့ ပါရှင်းပြမှ၊ ကိုယ်တော် မြတ်မလေး ဘဝင်ကျတော်မူ ရှာသည်။

 
 ရင်းနှီးလာတော့ မောင်မောင်စိုးက " ဝင်ဒီ ( Windy )  ဆိုတော့ လေပြေ ကလေးပေါ့နော် "
 လို့ သိလျှက်နဲ့ နောက်လိုက်သည်။ မိန်းမချော လေးများတွေ့လျှင် နောက်လေ့နောက်ထ ရှိတာက မောင်မောင်စိုးအကျင့်။
 
" မဟုတ်ဖူးလေ Wendy "  ဝင်ဒီကလဲအပါး နောက်မှန်းသိ၍ ရီကျဲကျဲ နဲ့ ပြန်ပြောသည်။


                                                 အာဖရိက လွင်ပြင်


 
 အစည်းအဝေးနောက်ဆုံးနေ့တွင် ကိုယ်စားလှယ်များကို KwaZulu Natal  ပြည်နယ်၏ အထင်ကရ ဘိုးဝါးများနှင့် ဇူးလူးများ သွေးချောင်းစီးတိုက်ပွဲဖြစ်ပွားခဲ့ကြသည့် Battlefields   နေရာအချို့ ကိုလိုက်ပြသည်။ သည်နေရာတွင် ဝင်ဒီသည် ဇူလူးသွေး အနည်းငယ်ပါသူလည်းဖြစ်၊ ဤပြည်နယ်မှာ ကြီးပြင်းလာသူလည်း ဖြစ်၍  မောင်မောင်စိုး၏ Tour Guide  ဖြစ်လာပါသည်။


 


Isandlanwana Battle Field
 
Battle Field Memorial


Blood River  နှင့် Island Lwanz  စသည့် စစ်မြေပြင်နေရာများရောက်ချိန်တွင် မောင်မောင်စိုး ငယ်စဉ်က ကြည့်ခဲ့ရသည့် ပတ်ပတ်လည် တောင်တန်းများ၏ထိပ်များတွင် မည်းမည်းလှုပ် နေသည့် ထောင်သောင်း ချီသော ဇူးလူးများနှင့် လူဖြူများ သွေးချောင်းစီး တိုက်ခိုက်ခဲ့ကြ သည်ကို မြင်ယောင်လာ သည်။ ဝင်ဒီက သူ့အမေပြောပြတဲ့ အချက်လေးအခိျု့ကို ဖြည့်၍ ရှင်းပြသည်။ ဓါတ်ပုံဝါသနာအိုး မောင်မောင်စိုးက ဝင်ဒီ အားမြောက်များစွာသောပုံများ ရိုက်သည်။ ဝင်ဒီ ကလည်း ပုံများကို အရည်အသွး မကျသွားစေရန် Resize  များများမလုပ်ဘဲ  သူ့ထံ e-mail  ဖြင့် တဖြည်းဖြည်းခြင်း ပို့ပေးရန်ပြောသည်။



                                                           Zulu Hut

                                                            Zulu Dance
 
 ပရီတိုးရီးယား ပြန်ရောက်သော် ပုံများကို ကြည့်ချင်လွန်း၍ ဓါတ်ပုံများကို ကင်မရာမှ ကွန်ပြူတာထဲ ချက်ခြင်းထည့်ကာ ကြည့်မိသည်။ Nikon D-  80,  Large Size ဖြင့် ရိုက်ကူးထားသည့် ဝင်ဒီ၏ ဒစ်ဂျစ်တယ် ရုပ်ပုံလွှာများ ကွန်ပြူတာ မှန်သားပြင်ပေါ်တွင် အသက်ဝင်လှသည်။ မှန်သားပြင်မှ အပြင် သို့ ထွက်လာလေမလားဟုပင် ထင်ရသည်။  Large Size နှင့်ရိုက်ထားသည့်  ပုံများကို ခြုံ့ ပြီး e-mail ဖြင့် ပို့ရမှာ ဝန်လေးလာသည်။  မောင်မောင်စိုးက ပို၍ စေတနာထားကာ ပုံများကို CD  တွင်ထည့်၍ ညစာ ဖိတ်ကြွေးရင်း ဝင်ဒီကို ပေးခဲ့သည်။ ဤပုံများသည် နှစ်ဦး စတင်တွေ့ ဆုံရခြင်း၏ မှတ်တမ်း ဟုဆိုရာ ဝင်ဒီက ပြုံး၍ ခေါင်းငြိမ့်ပြပါသည်။


                                      Durban Beach Sovenir Market

 
(၆)
 
 
 
                                        Waterkloof Golf Course, Pretoria.
 
 
ပရီတိုးရီးယား ပြန်ရောက်သည့် နောက်တစ်ရက် တနင်္ဂနွေနေ့တွင်  ဂေါက်သီးကစားဖြစ်သည်။ ပရီတိုးရီးယား၏ နံနက်ခင်း ဆောင်းမှာ အေးလှသည်။ လေကလည်း တိုက်နေ၍ ပိုအေးသည်။ Waterkloof ဂေါက်ကွင်း၏ Faireway များပေါ်တွင် ရေခဲပြင် ပါးပါးကလေးများကပ်နေသည်။ Fairwayများသည် စိမ်းမနေဘဲ  ဖြူဝင်းနေ ကာ ရေခဲလွှာ လေးများက နေရောင်တွင် တဖြတ်ဖြတ် လက်နေသည် ဂေါက်သီး ဘောလုံး ကလဲ အဖြူရောင် ဆိုတော့ အတော် ကြည့်ယူရသည်။ မောင်မောင်စိုးတို့ အတွဲတွင် ဂျပန်သံရုံးမှ သံမှူး  Kanichi  နှင့် ဖိလစ်ပိုင်သံရုံးမှ သံမှူးကြီး Renato တို့ပါသည်။
 
ဤသုံးယောက်သည် နှစ်ပေါက် ရိုက်နေသည့် အတွဲဖြစ်၍ တစ်ယောက်အကြောင်း တစ်ယောက် ကောင်းစွာ သိကြသည်။ မောင်မောင်စိုး တီခုံပေါ်သာ တက်လာရသည် မျက်စေ့ထဲတွင် ဘောလုံးကိုမမြင် ဝင်ဒီ ကိုသာမြင်နေသည်။  တစ်ဆယ် တီ ခုံမှ ကင်နီချီ ပထမစရိုက်သည်။ ချောချာ မောမောပင်။ ဒုတိယ ရီနာတို ရိုက်သည် ပြဿနာမရှိ။ နောက်ဆုံး မောင်မောင်စိုး ရိုက်ရမည်။ တီပေါ်တွင် တင်ထားသည့် Titleist  ProV1   ဘောလုံးလေးပေါ်တွင် ဝင်ဒီ့ မျက်နှာလေးကိုမြင်လာပြန်သည်။ ဘောလုံး ကို ရိုက်ရမှာပင် ခတ်ခက်ခက်။ ခက်ပြီ၊ ပြဿနာပင်။ သို့သော် မတ်တတ်နိုင်၊ ရိုက်ရပါမည်။ TaylorMade R-7 Driver နှင့်ရိုက်လိုက်သည့် ဘောလုံးကလေးသည် အစတွင် ဝါးလုံးထိုး ထွက်သွားရာမှ ဟုတ်မလိုလိုနဲ့  ကိုက် ၁၈ဝ ခန့် အရောက်တွင် အဖြား၌ ညာလန်သွားကာ မြောင်းထဲကျသွားသည်။ ဒုတိယအချက် သံ (၇) နဲ့ရိုက်ရာ ထိပ်ခုတ်ကာ ဘောလုံး ရေခဲမှုန်ထဲ လူးနေပြန်သည်။ အခြေအနေက မကောင်း။ ရှိစေတော့ ဂေါက်သီးမှာ ဒီလိုဘဲ ဖြစ်တာဘဲ လို့ဖြေရသည်။ နောက် တစ်ကျင်းမှာလဲ မောင်မောင်စိုး တီခုံမှ စထွက်တည်း က ဘောလုံးက Out of Bound ထဲကျသွား ပြန်သည်။
 
 
 သည်လို တောင်ရိုက် မြောက်ရိုက် နှင့် Par-3 ,Short Hole  ရောက်လာပါပြီ။ ရှေ့ Green  ဘယ် ဘက်မှာ ရေကန်။ ပြောရန်မလို မောင်မောင်စိုးဘောလုံး ရေငုတ် သွားပါသည်။ ကင်နီချီ နှင့် ရီနာတိုတို့ ရယ်ကြ သည်။ သည်အတွဲ မှာထုံးစံရှိသည်။ နောက်ပြောလေ့ရှိတဲ့ စကားလုံး ဖြစ်တဲ့  One Under( Water)  ဘောလုံး ရေထဲကျတဲ့သူက ကျန်သူများကို ဘီယာနှင့် အချိုရည် တိုက်ကြေး။One Under (Birdie)  ရတဲ့သူကလည်း ကျန်သူများကို တိုက်ရကြေး။ မောင်မောင်စိုးသည် One Under (Birdie)  ရလို့ ဘီယာ၊ အချိုရည် တိုက်ရပေါင်းများသည်။ One Under( Water)  ကြောင့် တိုက်ရသည်မှာ ရှားသည်။ ထိုနေ့တွင်  အေးလွန်းသေး၍ Albert ရဲ့ အအေးရောင်းတဲ့ကားကလေး ကွင်းထဲ ရောက်မလာသေးသဖြင့် ကံကောင်းသွားသည်။
 
 " မောင်စိုး မင်း ဒီနေ့ ဘာဖြစ်နေတာလဲ၊ တောင်ရိုက် မြောက်ရိုက်နဲ့ " ကင်နီချီက မေးသည်။ ကင်နီချီသည် မောင်မောင်စိုးထက် အသက်ရော ဂေါက်သီးဝါ ပါကြီးသူ ဖြစ်သည်။ တစ်ခုခု တော့ တစ်ခုခု ဘဲဆိုတာသိသည်။
 
 "  ဒီမောင် ညက အိပ်ရေးပျက်တယ်နဲ့တူ တယ် "  ရီနာတိုကလဲ စပ်ဖြဲဖြဲ နဲ့ပြောသည်။
 
 " ဘာမှ မဖြစ်ပါဘူးဗျာ၊Windy ဖြစ်နေလို့ပါ " ဒါက အမှန်စကား၊ မောင်မောင်စိုး တစ်ဦးတည်းသာသိသည့် အမှန်စကား။
 " မင်းဟာကလဲ မဆီမဆိုင်ကွာ လေတိုက်ထဲ မရိုက်ဘူးတာကျနေတာဘဲ "  ကင်နီချီက လက်မခံသည့် လေသံနဲ့ ပြောသည်။
 
 ဝင်ဒီ လွှမ်းမိုးစွာနဲ့ဘဲ (၁၈) ကျင်းပြီးသွားပါသည်။ သည်နေ့ မောင်မောင်စိုး ဂေါက်သီး ရိုက်မည်ကို ဝင်ဒီ ကိုပြောထား၍ သူသိနေသည်။ အိမ်ပြန်ရောက်တော့" Dear Wendy, My this morning Golf was a Windy-Wendy Golf  ဆိုတဲ့  e-mail   တိုလေးကို ဝင်ဒီထံ ပို့လိုက်သည်။ လေပြေ လေညှင်း ကလေးသည် ရင်တွင်း၌ လေပြင်းအဖြစ် တိုက်ခတ် စပြုနေပါပြီ။ သည်ဖြစ်ရပ်လေးတွေသည် ဤပုံပြင်လေး၏ မြစ်ဖျားအရင်းခံဟု ဆိုရပါမည်။


 
                                   Waterkloof Golf Club, Merloe's Restaurant  

 
(၇)
 
  မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးဆိုင်ရာ အမှုတွဲများ စီစစ်အပြီး စားပွဲပေါ်တင်ထားသည့် ပြည်ဝင်ဗီဇာများ စီစစ်နေစဉ် ကောင်စစ်အရာရှိ ဒုတိယ အတွင်းဝန် ကို ရဲထက်အောင် ဝင်လာသည်-


 
                                                               Johannesburg


"  အကို မြန်မာသင်္ဘော သားတစ်ဦး ဂျိုဟန်နစ္စဘတ်ဆေးရုံ တက်နေတာ သွားကြည့်ဘို့ အခုထွက်မှ ဖြစ်မယ်၊  ယာဉ်ကျော ကြပ်တဲ့ အချိန်မတိုင်မှီ ထွက်မှ ဖြစ်မယ်  "


                                                     Johannesburg at Night
 
  စီးပွားရေး အချက်အခြာ ဂျိုဟန်နစ္စဘတ်သို့ ပရီတိုးရီးယားမှ အလုပ်သွားကြ သည့် လုပ်သား များလှ၍ ဤနှစ်မြို့ ဆက်သွယ်ရာ R-21  နှင့် N-1 လမ်းမကြီး များသည် နံနက်ခင်းနှင့် မွန်းလွဲပိုင်းများတွင် ယာဉ်များစွာကျပ်လေ့ရှိသဖြင့် ကိုရဲထက်အောင်က သတိပေးခြင်း ဖြစ်ပါ သည်။သူ့ကို ကိုရဲ ဟုသာခေါ် လေ့ရှိကြသည်။ သူသည် ကုလသမ၈္ဂနှင့် အပြည်ပြည်ဆိုင်ရာ ကိစ္စရပ်များ၊ စီးပွားရေးနှင့် ကောင်စစ် ရေးရာတာဝန်ခံ အရာရှိ ဖြစ်ပါ သည်။ သက်ဆိုင်ရာ ဘာသာရပ်များကို နောကြေသူဖြစ်ပြီး  လုပ်ငန်းတိကျ မှန်ကန် သူလည်း ဖြစ်သည်။ မြေပုံ ဖတ်တော်သဖြင့်လည်း ခရီးဝေးသွားလျှင် သူ့ကိုခေါ်သွား လေ့ရှိသည်။

 
 ဆေးရုံရှိ မြန်မာ သင်္ဘောသားအား သွားရောက် တွေ့ဆုံကာ မြန်မာနိုင်ငံပြန်ပို့ရေးအတွက် တာဝန် ယူထားသည့် အဖွဲ့အစည်းနှင့် အတိမ်းအစောင်း မဖြစ်စေရေးအတွက် အသေးစိတ် ညှိနှိုင်းရသည်။ လူဝင်မှု ကြီးကြပ်ရေး၏ ကင်းရှင်းချက်ရရှိရေးအတွက် ကြိုတင်ညှိနှိုင်းခြင်း၊ လေယာဉ် ပေါ်တွင် ဆေးအကူအညီ ပေး နိုင်ရေးအတွက် ဆေးတာဝန်ခံများနှင့်စီစဉ်ခြင်း၊ ရန်ကုန်လေဆိပ်၌ လာရောက်ကြိုဆိုမည့်သူများအား ကြိုတင်အကြောင်းကြားခြင်း၊ တာဝန်ရှိသူများ သိမ်းဆည်း ထားသည့် နိုင်ငံကူးလက်မှတ်နှင့် ပစ္စည်းများ ပြန်ထုတ်ယူခြင်း စသည်များကို အလစ် အဟာ မရှိဆောင်ရွက်ပြီး နှစ်ဦးသား  ပရီတိုးရီးယား သို့ ပြန် လာခဲ့ ကြသည်။ စင်ကာပူ ၊ မလေးရှား ၊ ထိုင်း ကဲ့ သို့ သော နိုင်ငံ များ ရှိ မြန်မာသံရုံ များ နှင့် နှိုင်းစာလျှင် တောင်အာဖရိကတွင်  မြန်မာ နိုင်ငံသား  နည်း ပါးသည့် အတွက် နိုင်ငံကူးလက်မှတ်ကိစ္စ ၊ ၀င်ငွေခွန်ကိစ္စ ကဲ့သို့  ပုံမှန် ကောင်စစ်ရေးရာ ကိစ္စများ မှအပ ဤ ကဲ့ သို့  နိုင်ငံသားအရေး  လိုက်ပါဆောင်ရွက်ရသည့်  ကိစ္စနည်းပါးလှသည်။

အပြန်တွင် ပရီတိုးရီးယား သို့ မ၀င်မှီ  ၀င်နေကြအတိုင်း R-21 လမ်းဘေးရှိ Waterkloof Golf Clib, Sky-in-One Driving Range ရှိ Merloe's Restaurant   သို့ဝင်ကြကာ Castel Beer တစ်လုံးစီ သောက်ကြ ကာ အပန်းဖြေကြသည်။
 

Merloe's Restaurant 
 
 

Sky-in-One Praticing Green
 
 
 (၈)
 
 ASEAN Secondman Club  ညစာစားပွဲကို စင်ကာပူ၊ သံမှူး Francis Yap အိမ်မှာ ကျင်းပတော့ ထုံးစံအတိုင်း ဝင်ဒီကိုခေါ်သွားသည်။ အာဆီယံသံရုံးများမှ သံရုံးဒုတိယ အကြီး အကဲများ၏ ညစာစားပွဲ ဆိုစေကာမူ အရာရှိငယ်များကိုပါ အတွေ့ အကြုံရစေရန် ဖိတ်လေ့ ရှိပါ သည်။ သံရုံးအလိုက် အလှည့်ကျ တစ်လတစ်ကြိမ် ကျင်းပကြသည်။ သည်လမှာ စင်ကာပူသံရုံး မှ ဖရန့်စစ် အလှည့်ဖြစ်သည်။ ဝင်ဒီ ကိုလည်း အာဆီယံ အသိုင်းအဝိုင်း အားလုံးက သိကြသည်။


                                                       ASEAN Gathering

                                               ASEAN Family Dinner

 
 ညစာ စာ စားပွဲသည် မိသားစု ပုံစံမျိုး ဖြစ်၍ အမျိုးသမီးများ အားလုံး ဝိုင်း ချက် ကြ စုပေါင်းပြင်ဆင်ကြမို့ ပျော်ရွှင် ရင်းနှီးမှုရှိသည့် ပွဲလည်းဖြစ်သည်။  ညစာ မစားမှီ အမျိုးသား များ အဖျော်ယမကာ သောက်နေကြ စဉ် ဝင်ဒီ က ဖရန်စစ်ဇနီး ကော်နီ၊ အင်ဒိုနီးရှား သံအရာရှိ မလေး  ဗီယင် ၊ ဗီယက်နမ်သံမှူးထရမ်တင်ရဲ့ဇနီး  လမ်း Lam  တို့ နှင့် စကားဝိုင်းဖွဲ့နေသည်။ ဝင်ဒီသည် သတ္တုထုတ်လုပ်သည့်လုပ်ငန်းမှဖြစ်၍ စိန်ထုတ်လုပ် သည့် De Beers နှင့်လည်း အဆက်အသွယ်ရှိသည်။  အထူးသဖြင့် အမျိုးသမီးများ စိတ်ဝင်စားသည့် အာဖရိက စိန် အပါအဝင် ပစ္စည်းပစ္စယများအကြောင်းကို ဝင်ဒီ က ကောင်းစွာ ရှင်းပြ၊ပြောပြနိုင်၍ အာဆီယံ အမျိုးသမီးများ က ဝင်ဒီကိုခင်ကြသည်။ ဈေးဝယ်ထွက်လျှင်လည်း ခေါ်လေ့ရှိသည်။ အကြာင်း ကြောင်းကြောင့် ဝင်ဒီ လိုက်မလာနိုင်သည့် ပွဲများတွင်လည်း သူတို့ ကတခုတ်တရ မေးလေ့ ရှိကြသည်။

 
 အမျိုး သားများစကားဝိုင်းတွင်မူ ထိုင်းသံမှူးကြီး ဝမ်ချိုင်း က တောင်အာဖရိသည် လုံခြုံရေး ကောင်စီ၏ အမြဲတမ်းမဟုတ်သော အဖွဲ့ဝင်ဖြစ်လာသည့်အချိန်တွင် နိုင်ငံရေး ပို၍ကစားလာသည့် ကိစ္စ နှင့် ပတ်သက်၍  အသားရောင် ခွဲခြားရေးခေတ် တော်လှန်ရေးကာလ အတွင်း ANC    မြေအောက် တော်လှန်ရေးကို ဇင်ဘာဘွေ၌ အခြေပြု ဆောင်ရွက်ခဲ့ရသည့် ကျေးဇူး ကိုထောက်ကာ လက်ရှိ ဇင်ဘာ ဘွေ ပြည်တွင်း နိုင်ငံရေး ပြသနာများကို လက်ရှောင် နေကြောင်း ၊ သို့နှင့် အချို့ သော နိုင်ငံများ၏ အလားတူ ပြဿနာများ ကိုလည်း လုံခြုံရေးကောင်စီမှ ဖယ်ထုတ်ရန် ကြိုးစား နေကြောင်း၊ စင်စစ် အားဖြင့် အဆိုပါ နိုင်ငံကိုချစ်၍ မဟုတ်ကြောင်း စသည်ဖြင့် တောင်အာဖရိ၏နိုင်ငံရေးကစားကွက် များကို သူရရှိထား သည့် သတင်းများအရပြောသည်။

 ဗီယက်နမ်သံမှူး ထရမ်တင် ကလည်း ဘာသာရေး အစွန်းရောက် နှင့် အကြမ်းဖက် အဖွဲ့အစည်းများ သည်  ကမ္ဘာပေါ်ရှိ အခြားသောနေရာများတွင် ခြေကုတ်မရတော့သဖြင့် အာဖရိကကို ခြေဦးလှည့်လာသည့် အနေအထားကို ထာက်အထားများနှင့်ပြောသည်။
 
 စားသောက်သည့်အချိန်တွင် ဝင်ဒီက မောင်မောင်စိုး ကြိုက်တတ်သည့် Roasted Pork   နှင့် Tempura ပုဇွန်များကို မောင်မောင်စိုး ပုဂံထဲအရင်ထည့်ပေးပြီးမှ သူ့အတွက် သူထည့် သည်။ အခြားသူများအနေနှင့် ထူးခြားသည် ဟုမထင်ရသော်လည်း မောင်မောင်စိုး အတွက်မှာမူ ကြင်နာမှု၏ သယုဒ် ကလေးတစ်ခုဖြစ်၍ ကြည်နူးမိပါသည်။
 
 စားသောက်ပြီးသည့်အချိန်တွင် အာဆီယံ ဇာတိ ပြလေတော့သည်။ ကာရာအိုကေ စပြီ။ ဖိလစ်ပိုင် တတိယအတွင်းဝန် ဒင်းနစ် က မိုက် ကိုင်ကာ A man without love  ကို ပိုင်နိုင်စွာ ဆိုပါတော့ သည်။  Filipinos are born with music ဟု ဆိုသည့်အတိုင်း လှလှပပ ဆိုနိုင် ပါသည်။ သူကပင် ပြောသေးသည် -

"  အာဆီယံသည် ဂေါက်ကွင်းမှာ မွေးဖွားပြီး သီချင်းဆိုရင်း ကြီး ထွားလာသည် "  တဲ့။

ဟုတ်သင့် သလောက်လဲ ဟုတ်မည်ထင်ပါသည်။ သည်နောက် ထရမ်တင်၏ဇနီး  လမ်း  က Titanic ဇာတ်ကား၏ အဓိက ဇာတ်ဝင်သီချင်းလည်းဖြစ် ဆိုရခက်သော My heart will go on ကို အတိမ်းအစောင်းမရှိဆိုသည်။ အသံလည်းကောင်း အဆိုကိုလည်းကောင်း သူမို့ သီချင်းရေယာဉ်ကျောမှာ အားလုံးမြောကြရသည်။ သည်နောက် အင်ဒိုနီးရှား စီးပွားရေး သံမှူး အာဆာ က ဟူလေယို အစ်ဂလေးရှား  ရဲ့ Amor ကို အင်္ဂလိပ်အပိုဒ် များသာမက လက်တင်ဘာသာ နှင့်ဆိုသည့် အပိုဒ်များကိုပါ ပိုင်နိုင်စွာဆိုသည်။ သည့်နောက်တော့ မြန်မာအလှည့်။ ကံကောင်းထောက်မစွာ မောင်မောင်စိုး ငယ်စဉ်က မြန်မာမှုပြု ကာ ဆိုထားသည်ကို ကြား ဘူးတဲ့ Quando, Quando, Quando  သီချင်း ကို သွားတွေ့မိသည်။


" Tell me when will be mine, Tell me Quando, Quando, Quando."
   မင်းကလေး ကိုယ့်အချစ် ဘယ်တော့ ဖြစ်မှာလည်း၊ လှစ်ဟလို့ ရယ်     ပြောစမ်းကွယ်၊
 
ကို ဆိုတဲ့အပိုဒ်မှာ ဝင်ဒီ ကိုကြည့်ပြီး ဆိုမိသည်။ တမင်တကာ မဟုတ်ဘဲ စိတ်ထဲက အလိုလို ကြည့်မိ သွားခြင်း ဖြစ်သည်။ ဝင်ဒီ ကိုကြည့်လိုက်တော့ သူ့မျက်နှာလေးက  ချစ်ရည်ရွှန်းလဲ့၊ မျက်ဝန်းလဲ့ပြာပြာ။

 
  မောင်မောင်စိုးသည် ဒီသီချင်းကို မြန်မာလို Copy လုပ်ထားသည့် သီချင်း ကိုလည်း ဆိုဘူး၍၊ လွယ်လည်း လွယ်၍၊ ဝင်ဒီလည်းရှိနေ၍ သီချင်းမှာ စည်းကိုက် ဝါးကိုက် လမိုင်းဝင်သွားသည်။ ကော်နီက " ဗရာဗို"  ဟု အားပေးသည်။ ဖိလစ်ပိုင် တတိယအတွင်းဝန် မလေး မေမီ က မောင်မောင်စိုးကို နောက်မှ လာဖက်ကာ  " ပက်ဘွန်းကွ " ဟုဆို တော့ ဝင်ဒီ က မျက်စောင်းထိုးကြည့်ကာ ချောင်း ဟန့်ပြသည်။

အပြန်တွင် ကားပေါ်၌ " ချောင်းဆိုးပျောက်ဆေး သောက်မလား " လို့ မောင်မောင်စိုးက နောက်မေး မေးတော့ ဝင်ဒီက မောင်မောင်စိုး ကျောကိုထု ပါတော့သည်။ နှစ်ဦး သား အတွက် ဝင်းလက်တောက်ပ နေသော နေ့ရက်များဖြစ်ခဲ့ပါသည်။

 
 
(၉)


KwaZula Natal
 
  သည်နောက် ဝင်ဒီသည် သူ့အမေ နေမကောင်း၍ ကွာဇူးလူး နာတဲလ် ရှိ ဒါဘန် သို့ ပြန်သွားသည်။ သူ့ ကုမ္ပဏီ၏ ဒါဘန် လုပ်ငန်းခွဲ ဖြစ်သော Richard Bay ဆိပ်ကမ်းတွင် ကျောက်မီးသွေး သင်္ဘောတင်သည့် လုပ်ငန်းများကိုပါ ဆောင်ရွက်ရ၍ လူချင်းမတွေ့ဖြစ် သည်မှာ ရက်အတော်ကြာသွားသည်။ Cell Phoneနှင့်သာ ဆက်သွယ်ခဲ့ကြသည်။ ရုံးပိတ် ရက်များအတွင်း မောင်မောင်စိုးကို ဒါဘန်ကို လိုက်ခဲ့ရန်ခေါ်ပါသည်။ ပရီတိုးရီးယား နှင့် ဒါဘန်သည် ကီလိုမီတာ (၆ဝဝ) မျှဝေးသည်။ မော်တော်ကားကို မှန် မှန်နှုန်း နှင့်မောင်းလျှင် (၆) နာရီခွဲခန့် မောင်းရသည်။ သို့ရာတွင် ရုံးအလုပ် ဂေါက်သီးအရှုပ် တို့ကြောင့် မောင်မောင်စိုး မသွားဖြစ်ခဲ့။ ရက်သတ္တ နှစ်ပတ် ခန့်မကုန်မီ ဝင်ဒီပြန် ရောက်လာ သည်။
 

Durban Beach

 Zulu Performance
 
 
   ဝင်ဒီ ပြန်ရောက်လာသည့် နောက်တစ်နေ့နံနက် ရုံးရောက်၍ စာရွက်စာတမ်း များစားပွဲပေါ်ချနေဆဲ အပေါ်ထပ်ရှိ အဝင် ဖက်စ်  ( Incoming Fax ) များ တက်ကြည့်သည့် ကိုတင်မောင်ဝင်းက စာရွက် တစ်ရွက် ကိုင်ကာ ပြန်ဆင်းလာသည်။
 
"   ကျွန်တော် ထင်တဲ့အတိုင်းဘဲ အကို ဂျီနီဗာကို ပြောင်းရမယ်။ ဒီမှာ အမိန့် စာ ကော်ပီ ကူးလာတာ၊  မူရင်းကိုတော့ သံအမတ်ကြီး စားပွဲပေါ် တင်ပေးထားတယ်၊ Fissile Meterial Cutoff အစည်းအဝေး အမှီ အမြန်သွားဘို့ အမိန့် မှာပါတယ် အစ်ကို "
 
  ကိုရဲကလည်း-
 "  ကျွန်တော်လည်း သံအမတ်ကြီး စကားဦးသန်းတည်းက ထင်နေတာ၊ CD  သမားဟာ ဂျီနီဗာ သွားဘို့ဘဲရှိ တယ်လို့၊ ကဲ ဒီနေ့ ညနေ  Blue Crane မှာ တစ်ခုခု လိုက်ကျွေး "
 
 ကိုရဲ ဂျီနီဗာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအဖွဲ့ ရုံး၌ တာဝန်ကျစဉ် မောင်မောင်စိုး ကလည်း ဂျီနီဗာ၌ လက်နက်ဖျက်သိမ်းရေး အစည်းအဝေးများ တက်ရလေ့ရှိသဖြင့် ဂျီနီဗာတွင် ကိုရဲနှင့် စားဖေါ် သောက်ဖက် လည်း ဖြစ်သည်။
 
"   အေးပါကွာ ကျွေးပါ့မယ်၊ ဒါပေမဲ့ ဒီနေ့ တော့ မလုပ်ပါနဲ့  ကွာ "

  " အကို ဒီအချိန်က ဂျီနီဗာမှာနွေရာသီ သိတဲ့အတိုင်းဘဲ  သိပ်လှ တယ်။ Lac Lamont   မှာ ဒီအချိန် မိန်းမချောလေးတွေ နေစာလှုံနေပြီ၊ ကန်ဘေးက ကျွန်တော်နဲ့ အကို ထိုင်ခဲ့တဲ့ ကော်ဖီဆိုင် လေးကို သတိရမိပါရဲ့ ဗျာ"  


Geneva Lake


 သည်အချိန်တွင်မူ ဝမ်းနည်းရမှာလားဝမ်းသာရမှာလား မသိန်းကြည် ဇာတ်လမ်းသည် တကယ့် ဇာတ်လမ်း ဖြစ်လာပါသည်။ ၀င်ဒီ သွားးမည့် ပညာ သင်ဆိုသည် မှာ အချိန်တန်တော့ အိမ်ပြန်ရ မည်ပင်။ မောင်မောင်စိုး တို့လို သံတမန်ဘ၀ မှာတော့ Assignment တစ်ခု ဆိုတာ ဧည့်သည် အဖြစ်ရောက်ကြရတာပါ။ သည် နေရာ ကို ဘယ်တော့ ပြန် ရောက်မယ် ဆိုတာ ဘယ်လိုမှ ပြော လို့ ရနိုင်စွမ်း မရှိတဲ့ ကိစ္စပါ။ ပရီတိုးရီးယား မှာ နေတယ် ဆိုတာ ကလည်း ဧည့်သည် အနေနဲ့ပါ။ သည်ကနေ ကနေ ဂျီနီဗာ ပြောင်းတော့ ဧည့်သည်ကလေး မောင်မောင်စိုး သည်နေရာ ပြန်ရောက်ဘို့  ဆိုတာ အမှန်းအဆမရှိ နိုင်သည့် ဖြစ်ရပ်။ အိမ်မက် မက်နေရာ က လန့် နိုး ရသည့် အနေအထား မျိုး ပါ။
 
 ညနေတွင် ဝင်ဒီကို ခေါ်ကာWaterkloof Golf Club  ရှိ Merloe's Restaurant  သို့သွားကြသည်။ Merloe's Restaurent  သည် ဂေါက်ကွင်းကို အပေါ်စီးမှ မြင်ရသည့်အတွက် အပြောကျယ်လှသည့် စိမ်းလဲ့နေသော မြက်ခင်းများ နဲ့ ရေကန်များကို တမျှော်တခေါ် မြင်ရ သည်။ အတားအဆီးမရှိသည့် မြင်ကွင်းကို မြင်ရသဖြင့် မောင်မောင်စိုး သဘောကျသည်။ လူလည်းရှင်းသည်။ စိတ်ရှင်းလိုလျှင် ထိုင်လေ့ရှိသည့် နေရာလည်းဖြစ်သည်။

 
 " ဝင်ဒီ ကိုယ် ၈ျီနီဗာကို ပြောင်းဘို့ အမိန့် ဒီနေ့ဘဲ ထွက်တယ် "
 
 
 အပြောင်းအရွှေ့ အကြောင်းပြောတော့ သူ့မျက်နှာ အနည်းငယ်တွေသွားပြီး  သက်ပြင်းလေးချကာ ဂေါက်ကွင်း တစ်ဖက်ရှိ Green Valley Natural Park   တောင်တန်းကိုသာ ကြည့်နေသည်။ ဘာမှပြန်မပြော။ တောင်တန်းပေါ်တွင် အာဖရိကသမင် တစ်မျိုးဖြစ်သည့်  Impala တစ်အုပ် နေချည် ဖြိုးဖျ အချိန်တွင် တရွေ့ရွေ့သွားနေသည်ကို မှုန်ပျပျ မြင်နေရသည်။ ခပ်လှမ်းလှမ်း အမြန် လမ်းမကြီးဘေးရှိ ဆောက်အအုံများမှ မီးရောင်စုံများလည်း အဖြတ်ဖြတ် လက်လာပြီ။



                        Waterkloof Golf Course and Green Valley Natural Park  .

 တဖြည်းဖြည်း မှောင်စပျိုး နေပြီ။ သူ နဲ့ ဝင်ဒီတို့၏ ဝင်းလက် တောက်ပခဲ့သော နေ့များသည် မှောင်ရည် သန်းစ ပြုလေပြီလားဟု မောင်မောင်စိုး ထင်မိခဲ့သည်။

  ဝင်ဒီသည် အတော်ကြာ မှ သက်ပြင်းချရင်း-
 
"   ကောင်းပါတယ် စိုး၊ ဒီနေရာက စိုး ရဲ့ တကယ့် နေရာဘဲ Reality   ကို ဝင်ဒီတို့ ကြည့် ကြတာပေါ့  Feeling  ကိုတော့ ခဏ ဘေးဖယ် ထားကြမယ် ဆိုတာ ဝင်ဒီသိ ပါတယ် "
 
"   ဒါထက် ဝင်ဒီ ပညာသင် ကိစ္စရော Acceptance    ဘယ်တော့ လောက်ရမှာလည်း၊ ဂျီနီဗာ နဲ့ ပါရီ အမြန်ရထား ဟာ သုံးနာရီ ကျော်လောက်ဘဲ မောင်းတယ်၊  ဆွစ်ဇာလန်နဲ့ ပြင်သစ်က ကပ်နေတာပါ "
  
 " ဘယ်တော့ ဆိုတာတော့ ဝင်ဒီလဲ မပြောတတ်ဘူး၊ ရ ဘို့ ကတော့ Chance များပါတယ် " ဝင်ဒီက လေသံ ပျော့ပျော့ နဲ့ ဖြေသည်။

  မောင်မောင်စိုးကလည်း ဝင်ဒီကို နှစ်သိမ့် အားပေးသည့်အနေနှင့် -
 
" ဝင်ဒီ ပါရီရောက် ရင် ရှာမိုနီ ( Chamonix)  ကိုလာခဲ့ပါ ကိုယ်လည်း ရှာမိုနီကိုလာခဲ့မယ်။ ဂျီနီဗာ ကနေ နှစ် နာရီလောက်ဘဲ ကားမောင်းရတယ်။ ကို ယ်တို့  အဲလ်ပ်  တောင်စောင်းက Aiguille du Midiကိုတက်ကြမယ် "


Chamonix Town
 
 
Aiguille du Midi

 
 နောက်တော့ ဝင်ဒီ့ လက်ကို အသာဆွဲကာ သူ့လက်ရဲ့ လက်ဖဝါးလေး ပေါ်မှာ ဆုံရပ် မှန်ရည် - ရှာမိုနီ  " Expected Rendezvous - Chamonix "   လို့ ရေးပေးလိုက်ပါသည်။

 လွတ်လွတ်လပ်လပ် ထိုင်လို၍ ဆိုင်၏အစွန်ရှိ မှန်အပြည့် နံရံဘေး တွင်ထိုင်နေရာ အတော်ကြာတော့ အေးလာသည်။ ဝင်ဒီက အာဖရိက အစားအစာဖြစ်သည့် Puff  ကိုအမှုန့်လုပ်ကာ ချက်ထားသည့်Mielie  ကိုလက်စသတ်နေရာမှ "  စိုး အေးတယ်ကွာ " ဟုပြောသည်။ သို့နှင့် သူ့အတွက် Stolichnaya Gold Vodka     ရောထားတဲ့ Red Square    ဖျော်ရည်ကိုမှာပေးလိုက်သည်။

 ဆိုင်ရှင် ပေါလ် အား Stolichnaya Single    ရောစပ်ပေးရန် မှာလိုက်သည်။ Red Square  တွင် ပါဝင်သည့် Vodka  ရာခိုင်နှုန်းသည် (၆%) ခန့်ဖြစ် သည့်အပြင် အအေးခံနိုင်စေရန် Stolichnaya Gold ကိုပါ ထပ်ဆောင်းထားသဖြင့် အဝင်မှာ ချိုသော်လည်း မိန်းကလေး တစ်ဦးအတွက်မှာမူ ပြင်းလှသည်။ သူကလည်း မငြင်း။ ပြင်းမှန်း သိလျှက်နှင့် သောက် ခြင်းဖြစ်သည်။ ဝင်ဒီ ယနေ့နှုတ်ဆိပ်လျှက်ရှိသည်။ အတော်ကြာတော့ မောင်မောင်စိုးကို လှည့်ကြည့် သည်။ ဝင်ဒီ့ မျက်ဝန်းများထဲတွင် မျက်ရည် လေးများ ဝေ့နေသည် ကိုတွေ့ရသည်။ ဝင်ဒီ့ မျက်နှာပြင်ပေါ်ရှိ ရောထွေးနေသည့် ရင်တွင်း၏ ထင်ဟပ်ချက်များ ကို မောင်မောင်စိုး မသိတချက် သိတချက်။ ကြိမ်းသေသည့်တချက်မှာ ခွဲခွာရခြင်းမှာ ဝေဒနာ တစ်ရပ်ဆို သည်ကို  နှစ်ဦးစလုံး သိနေကြခြင်းပင်ဖြစ်ပါသည်။

 နှစ်ယောက်ထိုင် ဆိုဖာပေါ်တွင် ထိုင်နေကြရာမှ ဝင်ဒီသည် မောင်မောင်စိုး ပုခုံးကို မှီလိုက်သည်။ နောက် မျက်လုံးများ မှိတ်လိုက်သည်။ ရှူ ရှိက်နေသည့် သက်ပြင်းသည် တဖြေးဖြေးငြိမ်လာသည်။ ဝင်ဒီ အိပ်ပျော်သွားလေပြီ။ မောင်မောင်စိုးသည် သူ့အနွေးထည် တစ်ချမ်းကိုဖြန့်၍ ဝင်ဒီ အပေါ်လွှမ်းပေးရင်း ပုခုံးလေးအား အသာထိမ်းကာ ဖက်ထား လိုက်ပါသည်။ နွေးသောအတွေ့၊ မွှေးသောအငွေ့ နှင့်အတူ ဝေဒနာတစ်ရပ်၏ ရေယာဉ်ကြောတွင် တွေးတောမှု များစွာနှင့် မျှောနေခဲ့မိပါသည်။
 

 (၁ဝ)
 

 
 Beautiful scenery of Johannesburg.

 
  လေဆိပ်ဆင်း သည့်နေ့တွင် ဂျိုဟန်နစ်ဘတ်  O. R. Tambo    နိုင်ငံတကာလေ ဆိပ်သို့ ဝင်ဒီ လိုက်ပို့သည်။  နှစ်ဦးစလုံး၏ မျက်နှာပြင်တွင် ကွယ်ဝှက်၍မရသော ရင်တွင်းမှထင်ဟပ်ချက် များကို ရိပ်စား မိသည့် သံရုံး မှ လိုက်ပို့ သည့် ကိုတင်မောင်ဝင်း က - "   ကိုရဲ ဆာတယ်ကွာ မနက် ကလည်း ဘာမှဟုတ်တိ ပတ်တိ မစားရသေးဘူး လာ  အပေါ်ထပ် မှာ တစ်ခုခု သွားစားရ အောင် "   ဟုဆိုကာ ရှောင်ထွက် သွားသည်။
 
 ဝင်ဒီသည် သူ့ လက်ကိုင်အိပ်ထဲမှ ဘူးရှည်ကလေးတစ်ခုကိုထုတ်ကာ ဖွင့်လိုက်သည်။ အထဲမှာက  ကျားသစ်ခေါင်းနှင့် ကျားသစ်ကွက် အဝါအနက်ပြောက် ဘောပင်ကလေးတစ်ခု။ ကျားသစ် သားရေသည် ရှေးရိုးရာဇူးလူးတို့အထွဋ်အမြတ်ထား ကာ ဝတ်ဆင်ကြသည့် ရိုးရာ ပစ္စည်း ဖြစ်သည်။
 
 "  ဒီ ဘောပင် ကလေးဟာ ဝင်ဒီ့ ကိုယ်ပွားပါ။ သူ့ကို စိုး ရဲ့အင်္ကျီ ဘယ်ဘက် အိပ်မှာ ထိုးပါနော်။ ဘာကြောင့် ဒီဘောပင် လေးကို တမင်ရွေး ပေးရသလဲဆိုတာ စိုး သိရဲ့လား ဟင် ၊ ဘောပင်ဆိုတာ နှလုံးသားနဲ့ အနီးဆုံး ဘယ်ဘက် အင်္ကျီအိပ်မှာ ထိုးလေ့ရှိတဲ့ အရာလေ ၊ ဝင်ဒီ့ ကိုယ်ပွားဟာ စိုး ရဲ့ နှလုံးသားအနီးမှာ အမြဲရှိနေစေချင်လို့ ပါ "

 
 နှလုံးသား နဲ့ အနီးဆုံးနေရာကို နှလုံးသားခြင်း သိနှင့်ပြီးဖြစ်ပါသည်။ သို့သော် နှုတ်က ထပ်ဆင့် ပြောရမည့် ကစားလုံးများ နှုတ်ဖျားမှထွက်၍ မလာနိုင်သောကြောင့် မောင်မောင်စိုး ခေါင်းသာငြှိမ့် ပြလိုက်ရပါသည်။ သည်နောက် ကျားသစ်ဘောပင်လေးကို နှလုံးသားနဲ့ အနီးဆုံး နေရာတွင် ထိုးလိုက် ပါသည်။ ဝင်ဒီသည် ကိုယ်ပွားဘောပင်လေးအဖြစ် သူနဲ့အတူ လိုက်ပါလာသည်ဟု မှတ်ယူ လိုက်ပါသည်။

 သည်လို နှင့် လေယာဉ်ပေါ် တက်ရမည့် Boarding Time  နီးလာပါပြီ။ အပေါ်ထပ်မှ ပြန်ဆင်း လာကြသည့် ကိုတင်မောင်ဝင်းနဲ့ ကိုရဲ တို့က "  Bon Voyage  " အကို၊  ကျွန်တော် တို့  Air Cargo မှာ Pouch   ဝင်ယူ ရမှာမို ပြန်တော့မယ် Keep in touch   ဆိုကာ နှုတ်ဆက် ၍ ထွက်သွားကြပါသည်။

        Transit Lounge    အတွင်းဝင်မည့်အချိန်တွင် ဝင်ဒီသည် မောင်မောင်စိုးအား အသာဖက်၍ ပါးခြင်းကပ်ကာ နှုတ်ဆက်ပါသည်။ သူ့နှာခေါင်းမှ ဝင်သက်ထွက်သက် လေးများက မောင်မောင်စိုး၏ ပါးပြင်ပေါ်တွင်ပြေးလွှားနေသည်။ မောင်မောင်စိုး၏ ပါးပြင်တွင် စိုစွတ်မှု တစ်ခု၏ ထိတွေ့လာသည်ကို ခံစားမိသည်။ မျက်နှာ ချင်းခွာလိုက်တော့ ဝင်ဒီ မျက်ဝန်းတွင် မျက်ရည်များလည်နေပါသည်။ နှုတ်ဖျားမှ ဖွင့်ဟမပြောသော်လည်း သူ့မျက်ဝန်းများက နှုတ်ဆက်စကား ပြောနေပါသည်။ သည်စကားကို မောင်မောင်စိုး ရင်ထဲက နားလည်ပါသည်။ မောင်မောင်စိုး မျက်ဝန်းများက နှုတ်ဆက်စကား ပြောနေသည်ကိုလည်း ဝင်ဒီ ရင်အတွင်းမှ  နားလည်ပါလိမ့်မည်။ ရင်တွင်း၌ ပြည့်ကျပ်နေမှုများကြောင့် မျက်လုံးခြင်းဖြင့်သာ စကားပြော နိုင်ကြပါသည်။

 
        Boarding   ခေါ်နေပြီ။  ဝင်ဒီ ၏လက်ကလေးများကို ဆုပ်ထားသည့် လက်များ ဖြေကာ Transits Entrance  ဘက်သို့လှည့်လိုက်ပါသည်။ မောင်မောင်စိုး Immigration Counter   ဘက် ဦးတည်လျှောက်စဉ် ရင်ထဲမှ ခံစားချက်သည် မျက်ဝန်းသို့ တက်လာပါသည်။ အမြင်များ ရည်ဝေလာ ပါသည်။
 
 ရှေ့တွင်ရှိ Immigration Counter  ကို ကြည့်ရသည်မှာေ၀၀ါးနေသည်။ မသိစိတ်ကြောင့် မျက်ဝန်း၏အမြင် ဝေဝါးနေစေကာမူ သိစိတ်၏ အမြင်တွင် ရှေ့ သို့ ဦးတည် လျှောက်လှမ်း ရမည့် လမ်းကိုကြည် လင်စွာ မြင်နိုင်ရန်အတွက် အားတင်းလိုက်ပါသည်။ မသိစိတ် နှင့် သိစိတ် နှစ်ခုတို့  လွန်ဆွဲနေရင်း ရင်တွင်းမှ ပွင့်ထွက်လာသည့် စကားစုကလေး တစ်ခုကို စိတ်မှ ရွတ်ဆိုကာ ရှေ့သို့ ဆက်၍ လျှေက်လှမ်းနေမိပါသည်။
 
                                      အို...လေပြေကလေး၊
                                      အေးသော ကမ္ဘာ၊
                                      ဝေးသော နေရာမှ၊
                                      နွေး သော ကမ္ဘာ၊
                                     ကိုယ့်  ရင်လွှာသို့၊
                                     ဝေ့ ကာတိုက်စေ၊
                                     မောင့်  လေပြေ။

 
                                                                                   စိုးလှိုင် ( မန်း တက္ကသိုလ် )
 

No comments:

Post a Comment