Saturday 29 December 2012

Down the Memory Lane ( South Africa - Part 3)


Down the Memory Lane ( South Africa - Part 3)

 

 

စိတ် အစဉ် အတွင်းမှ အာဖရိက

အပိုင်း(၃)

 African Animals and Kruger National Park

 

 

အာဖရိက နှင့် သားငှက် တိရိစ္ဆာန်များ။
 

အာဖရိက ဆိုသည်နှင့် ဇူးလူး ကဲ့ သို့ ဒေသခံ လူမည်း များ ၊ ခြသေ့င်္ ၊ ကြံ့ ၊ ရေမြင်း ၊ ကျားသစ် ၊ မြင်းကျား စသည် အကောင် ပလောင် သားရဲ တိရိစ္ဆာန် များကို မျက်စေ့ထဲတွင် စ၍ မြင်လာ ပေလိမ့် မည်။ ကိုယ် အထက်ပိုင်းတွင် ကျားသစ်ရေ လေးလောက်သာ ၀တ်ထားသည့် ဇူးလူးတွေက သတ္တ၀ါတွေကိုတော့ သတ်ဖြတ် ကြ တော့ မှာဘဲဟူ၍ ထင်ကောင်းထင် နိုင် စရာ ရှိပါသည်။
 
African Lion.
ဤသို့ ထင်လျှင် မှားပါလိမ့်မည်။  တောင်အာဖရိကသည် သားငှက် သားရဲ တိရိစ္ဆာန် များစွာ ရှိသော နိုင်ငံ ဖြစ်ပါသည်။ သို့ သော် ငှက် ကလေး တစ်ကောင် ကိုမှပင် ပစ်၍မရပါ။ ပြစ်မှု တစ်ခု ဖြစ်ပါသည်။ သတ်ဖြတ်ကြခြင်းလည်း တားမြစ် ထားသည်မှာ ကာလ ကြာလာ သည့်အချိန်တွင် လူတွေမှာလည်း အလေ့အကျင့် တစ်ခု ဖြစ်သွားပါ သည်။
 
ကျွန်တော်၏ Club ဖြစ်သည့် Waterkloof Golf Club ရှိရေကန် များတွင် အလွန်လှပ ဆူဖြိုး သည့် Egyptian Gees များ၊ ဘဲ ခေါင်းစိမ်း များစွာ ရှိပါသည်။ ရံဖန်ရံခါ ကုန်းပေါ် တက်လာလေ့ရှိပြီး Fair way နှင့် Green များအပေါ် အထိ တက်လာလေ့ ရှိပါသည်။ သူတို့ ကို ရန်မမူမှန်းသိတော့ လူကို လည်း မကြောက် ကြတော့။
 
ေ၈ါက်ကွင်း ရေကန်ထဲ က Egyptian Gees များ ။
 
 
Practicing Green ပေါ်သို့ တက်လာသည့် ဘဲ ခေါင်းစိမ်း (Green Head Mallard Duck ) များ။
 
 
တစ်ချိန်က သံအမတ်ကြီး ဦးအုန်းသွင် နှင့် ကျွန်တော် ဂေါက်သီး ကစားကြစဉ် သံအမတ်ကြီးက -
 
“ သံမှူးကြီး ၊ ကျွန်တော်တို့ ဆီမှာ ဆိုရင်  ဒီလိုဆူဖြိုးတဲ့ အကောင်တွေ ကြာကြာ ခံမှာ မဟုတ်ဘူး “
“ သံအမတ်ကြီး ကျွန်တော် ငယ်ငယ် တုန်းက တောမှာ နေတော့ ဒီလို အကောင် မျိုး မပြောနဲ့  စာကလေးတောင် ချမ်းသာ ပေးတာမဟုတ်ဘူး။ တွေ့ ရာ အကောင် ကို လောက်လေး နဲ့ ဆော်တာဘဲ။ “
 
အမှန်တော့ ကျွန်တော် ငယ်စဉ်ကတင်မက  တော်တော် ကြီးတဲ့ အချိန်အထိ တောထဲ တွင် တွေ့ ရာ သတ္တ၀ါများကို ပစ်ခတ်ခဲ့သည့် အချိန်ပိုင်း မုဆိုး  ဖြစ်ခဲ့ ပါသည်။
 
တောင်အာဖရိက တွင် သားငှက် တိရိစ္ဆာန်များအား သတ်ဖြတ်ခြင်း မပြု ကြ ဆိုသည့်  ထူးခြားချက် ကလေးကို ကျွန်တော် က မိတ်ဆွေ တစ်ဦး ထံ ဂုဏ်ယူ စွာဖြင့် e-mail ဖြင့် ကြွားလိုက်ရာ အဆိုပါ မိတ်ဆွေက -
“ ခင်ဗျားတို့  ဆီမှာ သားငှက်တိရိစ္ဆာန် ကိုတော့ မသတ်ကြ ဘူး။ လူဘဲ သတ်ကြ တာ။ “ ဆိုကာ ပြန် နောက် ပါသည်။
 
သူက ရာဇ၀တ်မှုများ ထူပြောသည်ကို တင်စားပြောလိုက်ခြင်း ဖြစ်ပါသည်။ စကား နိုင်လုကာ နောက်လိုက်ခြင်း ဆိုစေကာမူ သူပြောသည်မှာ လည်း မှန်ပါသည်။
 

 
အာဖရိက တွင် အမဲ လိုက်ခြင်း။
 
အမဲ လိုက်ခြင်းသည် တောင်အာဖရိက ၏ ထင်ရှားသည့် အားကစား (Sport ) တစ်ခု ဖြစ်သည်။ ဒေသခံ အတော်များများ သည် အမဲလိုက်ခြင်း ၊ ရသည့် သားကောင် ကို တောထဲ ၌ပင် ချက်ပြုတ်စားသောက်ခြင်း၊ သားကောင်၏ ဦးချို နှင့် သားရေ များကို အမှတ်တရ သိမ်းဆည်း ကာ ဧည့်ခန်း တွင် ချိတ်ဆွဲ ပြသ ကြခြင်း ၊ ပစ်ခတ်ရရှိထားသည့် သားကောင် နှင့်အတူ ရိုက်ထားသည့် ဓါတ်ပုံ များ ကို ဧည့် ခန်းတွင် ဂုဏ်ယူစွာ ချိတ်ဆွဲ  ပြသခြင်း စ သည့် အလေ့ အထများကြရှိပါသည်။ အထူးသဖြင့် လူဖြူ များ ၏ အလေ့ အထ ဖြစ်ပါသည်။
 
ထို့ကြောင့် တောင်အာဖရိကတွင် အမဲလိုက် သေနပ်၊ အမဲ လိုက်သည့်နေရာ တွင်းသုံးသည့် ဒါး အမျိုးမျိုး ။ စခန်းချ ပစ္စည်း မျိုးစုံ၊ တောတွင်းသွားရာတွင် သုံးသည့် အ၀တ်အစား ၊ ဖိနပ်၊ မိုးကာတဲ စသည့် အသုံးအဆောင် များစွာ ရောင်းချ သည့် ဆိုင်ပေါင်းများစွာ ကိုတွေ့ နိုင်ပါသည်။ အမဲ လိုက်ခြင်း ဆိုင်ရာ စာအုပ် စာတမ်း များစွာ ကိုလည်း ထုတ်ဝေပါသည်။ ကျွန်တော်ရောက် ခဲ့ ဘူးသည့် နိုင်ငံများ အနက် Hunting နှင့် Tracking ဖိနပ်ပေါင်း များ စွာ အပါအ၀င် ဖိနပ် ကောင်း များစွာ ရောင်းချသည် ကို တွေ့ရ သည့် နိုင်ငံ လည်း ဖြစ်ပါသည်။
 
အမဲ လိုက်ခြင်းကို ဒေသ ခံ များသာ မက နိုင်ငံတကာမှ အမဲ လိုက်ဝါသနာရှင် ပေါင်းများ စွာ လာရောက် အမဲ လိုက်ကြပါသည်။ အမဲ လိုက်ခြင်းကို တရားဝင်ဖွင့် ထားသည့် Game Park ထဲ တွင် အခ ကြေးငွေပေးကာ အမဲ လိုက်ကြရသည်။
 
သက်ဆိုင်ရာ Game Park က တည်းခိုနေထိုင်ရေး၊ အမဲ လိုက် မော်တော်ယာဉ် ၊ လမ်းပြ စသည်တို့ကို စီစဉ်ပေးသည်။ မိမိ ပစ်ခတ်မည့် သားကောင်အတွက် ကျသင့် ငွေ ပေးရသည်။ လမ်းပြ မပါဘဲ မိမိ ပစ်ခတ်လိုသည့် သားကောင် ကိုတွေ့ ရန် လွယ် ကူလိမ့် မည် မဟုတ် ပါ။
 
ဈေးနှုန်းများ မှာ နေရာကိုလိုက် ကာ ဈေး ကွာ ခြားသည်။ ဥပမာ အားဖြင့် Limpopo ပြည်နယ် ရှိ Game Park တစ်ခုတွင် အမဲ လိုက်မည်ဆိုပါက ရိုင်ဖယ်တစ်လက် ကိုင် မုဆိုးတစ်ဦးအတွက် နေထိုင်ခ၊ လမ်းပြ ၊ သားကောင် ရပါက ဦးခေါင်းကို အမှတ် တစ်ရ Trophy လုပ်ခ၊ အမဲလိုက်ယာဉ် စသည်တို့ အပါအ၀င် တစ်နေ့ လျှင် အမေရိကန် ဒေါ်လာ ၃၈၀/- ခန့် ပေးရသည်။
 
၎င်း အပြင် သားကောင် အလိုက် အခကြေး လည်း ပေးရသည်။ Impala ကဲ့သို့ အာဖရိက သမင် တစ်ကောင် ပစ်လျှင် အမေရိကန်ဒေါ်လာ ၃၀၀/-  ခန့် ကျ၍ Kudu ကဲ့ သို့ ဦးချိုလိမ် သမင် အကြီး စား တစ်ကောင် ပစ် လျှင် အမေရိကန် ဒေါ်လာ ၂၀၀၀/-  ခန့် ကျသည်။
 
ပစ်ခတ်ရရှိထားသည့် Kudu တစ်ကောင်။
 







သစ်ကုလားအုပ် ကဲ့သို့ အကောင်ကြီးများ ပစ်ခတ်လျှင် အမေရိကန်ဒေါ်လာ ၃၀၀၀/- ခန့် ဈေးရှိသည်။ အာဖရိက တောဝက် တစ်မျိုး ဖြစ်သည့် Warthog မှာ မူ အမေရိကန် ဒေါ်လာ ၂၅၀ မှ ၃၀၀ ခန့် ရှိသည်။
 
ပစ်ခတ်ရရှိ ထားသည့် ကျားသစ် နှင့်အတူ။
 
 
ပစ်ခတ်ရရှိ ထားသည့် တောကျွဲ နှင့်အတူ။
 
 
အာဖရိက တောဝက် တစ်မျိုး ဖြစ်သည့် Warthog.
 
 
အာဖရိက တွင် သတ္တ၀ါ များ ရောင်းချခြင်း။
 
တောင်အာဖရိက ၏ ဇူးလူး မျိုး နွယ် စုများ ၏ ပြည်နယ် ဖြစ်သော KuaZulu Natal ပြည်နယ်သည် တောင်အာဖရိက ၏ အရှေ့ တောင်အရပ် အိန္ဒိယသမုဒ္ဒရာ ကမ်းခြေ တွင် ရှိသောပြည်နယ် တစ်ခုဖြစ်သည်။ တောင်အာဖရိကဖြစ်ပေါ် သည့် သမိုင်း စဉ်တွင် လည်း အထင်ကရ နေရာတစ်ခု ဖြစ်ပါသည်။
 
Kua Zulu Natal Province.
 
အဆိုပါပြည် နယ်ရှိ Game Park များသည် အာဖရိက ၏ ထင်ရှားသည့် တိရိစ္ဆာန် များ ကို နှစ်စဉ် လေလံ စနစ် ဖြင့်ရောင်းချသည်။ နိုင်ငံတကာမှ လာရောက် ၀ယ်ယူ ကြသည်။
 
ကမ္ဘာကျော် Kruger National Park နှင့် ကပ်လျှက် ရှိနေသည့် Limpopo ပြည် နယ် သည်လည်း ဤကဲ့ သို့ တိရိစ္ဆာန် များ နိုင်ငံ တကာ သို့  ရောင်းချသည်။
 
 
အာဖရိက ကြံ့ ။
 
ကြံ့  အထီး အကြီး ၅ နှစ်သား ကို တောင်အာဖရိက ရန်း ၁၄၅၀၀၀ ( ခန့် မှန်း အမေရိကန်ဒေါ်လာ ၂၃၀၀၀/- ခန့် ) ၊ တောင်ဆိတ် ကဲ့သို့ Sable Bull အနက် တစ်ကောင်ကို တောင်အာဖရိက ရန်း ၂၆၅၀၀၀ ( ခန့် မှန်း အမေရိကန်ဒေါ်လာ ၄၁၀၀၀/- ခန့် ) ဈေးပေါက်သည်။

 
တောင်ဆိတ် နှင့် တူသည့် Sable Bullအနက်။
 
တောင်အာဖရိက သမင်အနက် တစ်မျိုး ဖြစ်သည့် Black Impala ၏ဈေးမှာ တောင်အာဖရိက ရန်း ၂၇၀၀၀၀ ( ခန့် မှန်း အမေရိကန်ဒေါ်လာ ၄၂၀၀၀/- ခန့် )၊ဈေးပေါက်သည်။ အ၀ါ ရောင် Impala မှာ မူ အလွန် ပေါပါသည်။ ပေါလွန်းသည့် အတွက် ဈေး လည်း မရှိပါ။ အချို့ သော Game Park များတွင် အဖိုးအခ ပေးရန် မလိုဘဲ ပစ်ခတ်နိုင် သည့် အကောင်များ ဖြစ်ပါသည်။
 
 
Black Impala.
 
အထက်ပါ ပုံ တွင် Balck Impala များ၏ ဘေးတွင် အ၀ါရောင် Impala များကို မြင် နိုင်ပါသည်။

 
 
Impala.
 
 
 
Porcupines.
 
 
အထက်ပါ ဖြူ ( Porcupines ) ကဲ့ သို့ အကောင်သေးများ၏ရောင်းဈေးမှာ တောင်အာဖရိက ရန်း ၈၀၀ ( ခန့် မှန်း အမေရိကန်ဒေါ်လာ ၁၂၅/- ခန့် ) ဈေးပေါက်သည်။
 
တောင်အာဖရိက နိုင်ငံ ၏ ထူးခြားသည့် တိရိစ္ဆာန် များရောင်းချခြင်း ကို ဗဟုသုတ အလို့ ငှာ အချို့ ကို ဖေါ်ပြခြင်း ဖြစ်ပါသည်။
 
 
 
Kruger National Park
 
တောင်အာဖရိက ရောက်မှတော့ Kruger National Park ကို ရောက်အောင်သွား လိုသည့် ဆန္ဒ ပြင်းပြခဲ့ပါသည်။ အကြောင်းတိုက် ဆိုင်စွာပင် Kruger National Park သို့ သံ အမတ်ကြီး ဦးဆောင် ကာ သွားဖြစ်ခဲ့ကြပါသည်။
 
Kruger National Park သည် အာဖရိက ရှိ အကျယ် ဆုံး သားငှက် တိရိစ္ဆာန် မွေးမြူ ထိန်းသိမ်း ထားရာ Game Reserves  ဖြစ်သည်။ ဧရိယာ စတုန်း ကီလိုမီတာ ၁၉, ၄၈၅ (မိုင် ၇၅၂၃) ရှိသည့် နေရာ ကြီး ဖြစ်သည်။ တောင် မှမြောက် သို့ ကီလို မီတာ ၃၆၀ ( မိုင်၂၂၀) ရှည်ပြီး အရှေ့ မှ အနောက်သို့ ကီလိုမီတာ ၆၅ (မိုင် ၄၀) ရှည်သည့် Park ကြီး ဖြစ်သည်။ တောင်အာဖရိက အစိုးရ က ၁၈၉၈ ခုနှစ်တွင် စတင်ကာ အဆိုပါ ဧရိယာ အတွင်းရှိ သားငှက် တိရိစ္ဆာန် များကို အကာအကွယ် ပေးခဲ့ပြီး ၁၉၂၆ ခုနှစ်တွင် တောင်အာဖရိက ၏ ပထမဦးဆုံးသော National Park ဖြစ် လာသည်။ Kruger National Park သည် United Nations Educational, Scientific and Cultural Organization (UNESCO) ၏ International Man and Biosphere Reserve တစ်ခု ဖြစ်သည်။  Kruger National Park သို့ ၀င်သည့် အ၀င် ဂိတ် (၉) ခု ရှိသည်။
 
အဆိုပါနေရာ ကို တောင်အာဖရိက အမည် မတွင်မှီ  Transvaal Republic ဘ၀က  သမ္မတ ဖြစ်သူ Paul Kruger သည် ၁၈၉၈ ခုနှစ်တွင် အဆိုပါ ဧရိယာ အတွင်းရှိ သားငှက် တိရိစ္ဆာန် များကို အကာအကွယ် ပေး သည့် Government  Wildlife Park အဖြစ် ကြေငြာ ချက် ထုတ်ပြန်ခဲ့သည်။ ထိုစဉ်က အမည် မှာ Sabi Game Park ဟု အမည်တွင် ခဲ့ပြီး ၁၉၂၆ ခုနှစ်တွင် National Park အဖြစ် သတ်မှတ်သော အချိန်တွင် မူ Kruger National Park ဟု အမည် တွင်ခဲ့သည်။
 
Kruger National Park အတွင်း  ၌ မျဉ်းကျား တစ်သောင်း ငါးထောင်ခန့် ၊ သစ်ကုလားအုပ် ၄၅၀၀ ခန့်၊ တောကျွဲ ၃၂၀၀၀ ခန့်၊ အာဖရိက သမင်ကြီးမျိုး ဖြစ်သည့် Kudu ၁၁၀၀၀ခန့် ၊ အာဖရိက တောဝက် ၄၀၀၀ ခန့်၊ ခြင်္သေ့ ၂၀၀၀ ခန့်အာဖရိက သမင်ငယ်မျိုး ဖြစ်သည့် Implala ၂၂၀, ၀၀၀ ခန့် ရှိသည်ဟု သိရှိရသည်။

 
 
Kruger National Park Map.
 
မော်တော် ယာဉ် (၃) စီးနှင့် ပရီတိုးရိးယားမှ နံနက် စောစော ထွက်ခဲ့ကြပါသည်။   နားနား နေ နေ မောင်းခဲ့ကြ ၍ ပန်ဝန်းကျင် ကို စိန်ပြေ နပြေ ကြည့် ရှု ခွင့် ရ ခဲ့ကြပါသည်။ သံရုံး တွင် ယာဉ်မောင်း နှစ် ဦးသာ ရှိသောကြောင့် ကျွန်တော် က တစ်စီး အတွက် ယာဉ်မောင်း တာဝန်ယူရပါသည်။ ကျွန် တော်သည် ယာဉ်မောင်း တာဝန် နှင့် အတော် အကျိုးပေးသည်။ ၁၉၈၃ ခုနှစ် စင်ကာပူ မြို့ မြန်မာသံရုံးတွင် တတိယ အတွင်းဝန် အဖြစ်တာဝန်ကျသည့် အချိန်မှ စ၍ ယာဉ်မောင်း မလုံလောက်သဖြင့် တာဝန်အရ မောင်းလိုက် ရသည် မော်တော် ယာဉ်မှာ သံမှူးကြီး အဆင့် အထိပင် ပါလာပါသည်။

 နိုင်ငံခြားရေး ၀န်ကြီး ဌာန၏ စည်းမျဉ်း စည်းကမ်းအရ သံရုံး အရာရှိတစ်ဦးအား နိုင်ငံ တော်ပိုင် မော်တော်ယာဉ် အား မောင်း နှင် ရန်တာဝန်ပေးလျှင် မောင်းနှင်ခွင့် အမိန့် ကို ရုံးချုပ်က ထုတ်ပေးရသည်။  ကျွန်တော့်အတွက် ထိုအမိန့်များ တစ်ပုံတစ်ခေါင်း ရှိနေ သည်။  အထူးသဖြင့် ယာဉ်မောင်းငှားရမ်းရာတွင် လုပ်အားခအလွန်ဈေးကြီးသည့် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ ကဲ့သို့နေရာမျိုးတွင် ကျွန်တော်သည် Semi-official 3rd Driver လိုပင် မောင်းနှင်ခဲ့ရသည်။ မောင်းတော့ လည်း နေရာ စုံ ရောက်ခဲ့ရပါသည်။ ဘယ် အရာ မဆို အလုပ်အတွက် အကျိုး ဆို သည်က ရှိစမြဲ ပင်။
 
Mpumalanga နယ်ထဲသို့ ရောက်သည်နှင့် ခြောက်သွေ့ က ပြောင်တလင်းခါ နေသည့် အာဖရိက မြင်ကွင်းသည် စိမ်းစို လာသည်ကို တွေ့ရသည်။ တောင်အာဖရိ အတွင်း၌ တည်ရှိ နေသည့် ဆွာဇီလန် နိုင်ငံ ကလေး နှင့် နီး နေကာ အာဖရိ အရှေ့ ဘက်ရှိ အန္ဒိယ သမုဒ္ဒရာ နှင့် လည်း နီး လာပြီ ဖြစ်သည်။ ရာသီ ဥတုမှာ မျှတ လာပြီး စိမ်းစိုသည့် သစ်တော များ ကိုတွေ့ လာရသည်။
 
ကျွန်တော် တို့ အဖွဲ့ သွားသည့် စခန်းသည် Kruger National Park ၏ တောင်ဘက် အစွန်ရှိ Malelane Camp ဖြစ်သည်။ Malelane Camp သည် အငယ် တန်း စား Private Camp ဖြစ်ပါသည် ။ တော ရိပ် တောင်ရိပ် ခိုကာ မောင်းလာ ကြရာ နေ့ လယ် ခင်း တွင် Malelane Camp Gate သို့ ရောက်ကြသည်။

 
 
Gate of Malelane Camp.
 
အ၀င် Gate တွင် ဆင်ဦးခေါင်း အရိုးစုများ နှင့် အခြားသော သတ္တ၀ါ ကြီးများ၏ အရိုး ခေါင်းများကို ချိတ်ဆွဲထားသည်ကို တွေ့ရသည်။  ဂိတ်တွင် စာရင်း သွင်းရန်ရှိသည် များကို သွင်းကာ Camp Site ရှိရာသို့ ဆက်ထွက် ခဲ့ကြသည်။ လမ်းတစ်လျှောက် တွင် အာဖရိက၌ ပေါပေါများများ တွေ့ ရ သည့် Impala သမင်များကို တွေ့ရသည်။ နှစ်မိုင်ခန့် မောင်းပြီးသော်မှ Camp site သို့ ရောက်လေသည်။ Camp  ကို သားရဲ တိရိစ္ဆာန် များ မ၀င်နိုင် စေရန် ပတ်ပတ်လည် ခြံစည်း ရိုး အမြင့် ကာ ထားကာ ခြံစည်းရိုး ထိပ်တွင်  Electrified Wire များဖြင့်  တပ်ဆင်ထားသည်။ အ၀င် ၀ အပေါက်တွင် လည်း Electrified Wire ခင်းထားကာ လုံခြုံရေး ကို အတော် ယူသည်ကို တွေ့ ရသည်။
 
အတွင်းရှိ လူနေဆောင် Cabin များမှာ အာဖရိက ရိုးရာ သက်ကယ် မိုးများဖြစ်သည်။ မြန်မာ နိင်ငံ မှ သက် ကယ်နှင့် တူ၍ သာ သက်ကယ် ဟု ခေါ်သော် လည်း စင်စစ် အားဖြင့် ရိုးတန်မာ မျက် တစ်မျိုး ဖြစ်သည်။ အမိုးကို ခြောက်လက်မခန့် ထားအောင် ထူအောင် မိုးထားသဖြင့် အတွင်းသို့ အပူ ရှိန် မရောက်ဘဲ အေးနေသည်။ ခံ လည်း အတော် ခံ ၍ ဆယ်နှစ် မှသာ တစ်ကြိမ်သာ လဲ ရသည်ဟု သိရသည်။
 
 
 
Camp သို့ အရောက်။
 
 
 
 
Camp Cabin.
 
 
 
 
Cabin  အတွင်းပိုင်း။
 
 
 
 
Camp အတွင်း ရှိ လမ်းကလေး။

 
နေ့ခင်းပိုင်းတွင်မူ မိမိ အစီအစဉ်အရ Camp အတွင်း ၌ လိုက်လံ ကြည့် ရှ နိုင်ပါ သည်။ အပြင်သို့  Camp Safari Car သို့မဟုတ် မိမိ ကိုယ် ပိုင် ကား နှင့် ထွက် သည်က လွဲ၍ လူလွတ် ထွက်ခွင့် မရှိပါ။ သားရဲ တိရိစ္ဆာန် ဘေး ရန်ကြောင့် အသက် အန္တရာယ် ရှိနိုင် သောကြောင့် ဖြစ်ပါသည်။
Kruger National Park ကြီးအတွင်း၌ ဤကဲ့သို့ Safari Camp ပါင်း မြောက်များ စွာရှိသည်။ ကျွန်တော် တို့ Camp သည် အသေး ကလေးသာ ဖြစ်သည်။ National Park အလယ် လောက်ရှိ Sakukuza Rest Camp ကဲ့ သို့ Camp မျိုး မှာ အကြီး ထဲတွင် ပါဝင်သည်။
 

Camp အတွင်း ကျွန်တော် တို့ Cabin အနီး သစ်ပင် ပေါ်ရှိ မြောက်။
 
 
 
အောက်ဆင်း ကာ အစာ တောင်းစဉ်။
 
 
The Big-Five.
 
 
 
 
အထက် ပန်းချီပုံ တွင် ပြထားသည့် သတ္တ၀ါ များမှာ အာဖရိက ၌ တွေ့ ရမြင်ရ ခက် ၍ အလေးထားသည့် သတ္တ၀ါ (၅) မျိုး ပုံ ဖြစ်ပါသည်။  ၄င်းတို့ မှာ-
-      African Lion, (အာဖရိက ခြင်္သေ့ )
-      African Elephant, ( အာဖရိက ဆင်)
-      Cape Buffalo, ( ကိပ် တောကျွဲ)
-      Leopard, (ကျားသစ် )
-      Rhinoceros, (ကြံ့ )
စသည်တို့ ဖြစ်ကြသည်။
 
Safari ထွက်လျှင် အဆိုပါသတ္တ၀ါ (၅) မျိုးကို အဓိက ထားကာ ရှာဖွေ ကြည့်ရှု ကြသည်။ အဆိုပါ သတ္တ၀ါ (၅) မျိုး လုံးကို တစ်ချိန် ထည်းတွေ့ နိုင်ရန် အလွန် ခဲ ယဉ်းပါသည်။ Kruger National Park ကဲ့ သို့ Park ကြီး များ ၏အတွင်းနေရာ များ၌ Safari ခရီး ရှည် ရှည် ထွက် နိုင် မှ ကံကောင်းလျှင် အားလုံး သော Big-Five Safari ခရီးစဉ် တစ်ခု အတွင်း မြင်နိုင်ပါသည်။
 
 
အာဖရိက နှင့် ကျား
 
အာဖရိက တောများအတွင်း သဘာဝအလျှောက် ကျက်စားနေသည့်  ကျား ( Tiger) မရှိပါ။ မည်သည့်အတွက် ကြောင့်ဆိုသည့် အကြောင်းရင်းကို တော့ မသိပါ။ ကျား ကို မြန်မာ၊ အိန္ဒိယ စသည့် အပူပိုင်း စွတ်စိုတော များတွင်သာတွေ့ ရသည်။  အာဖရိကတွင် တကူးတက မွေးမြူထားသည့် ကျားများသာ ရှိသည်။ ယခု အချိန် တွင် မူ တရုတ် နိုင်ငံက ၄င်းနိုင်ငံ၏ မျိုး ပြုန်း လု နီး ဖြစ်နေသည့် ကျားအချို့ ကို တောင်အာဖရိကတွင် မွေးမြူကာ အာဖရိကတောတွင် နေထိုင် စားသောက်တတ် စေရန်  တောင်အာဖရိက ၌ လေ့ကျင့် ပေးလျှက် ရှိသည်ဟု သိရှိရသည်။
 
 
Safari ထွက် ခြင်း
 
Safari ထွက် ချိန်မှာ ညနေ ၅.၃၀ မှ (၈) နာရီအထိ တစ်ကြိမ်  နံနက် ၃ နာရီ မှ (၈)တွင် တစ်ကြိမ်ထွက်သည်။ များသော အားဖြင့် တိရိစ္ဆာန်အများစုသည် နံနက်ခင်း တွင် တစ်ကြိမ် နှင့် ညနေ နေခင်း တွင် တစ်ကြိမ် အစာ ရှာ ရေသောက် ဆင်းသည်။ နေ့ ခင်းပိုင်းတွင် အရိပ် အာဝါသ ကောင်းကောင်း နေရာတွင် နားနေ အိပ်စက်လေ့ ရှိကြ သည်။ သို့ ရာတွင် အာဖရိက လွင် ပြင် တွင်မူ တိရိစ္ဆာန် အကြီးများသည် နေ့ ခင်း တွင်လည်း အနည်း အကျဉ်းထွက် လေ့ရှိကြ သည်။
သစ်ပင်ပေါ်ရှိ ကျားသစ်။
 
 
သစ်ပင်ပေါ် က ကိုရွှေ မြောက်။
ထို့ကြောင့် Safari ထွက်လျှင် များသော အားဖြင့် အထက်ပါ အချိန် နှစ်ချိန် တွင်သာ ထွက်လေ့ရှိသည်။ Safri Car ၏ ထိုင်ခုံ ဘေး များတွင် ခရီသည်များ ကိုယ်တိုင် မီး ကို ကိုင်တွယ် ကာ ည ပိုင်း သတ္တ၀ါ များအား ကြည့် နိုင်ရန်  အား ကောင်းသည့် Search Light များ ပေးထားသည်။
ညနေပိုင်း Safari Car စတင်ထွက်ခွာ စဉ်။
 


Safari လမ်း။

 
အလင်းရောင် မပြောက်မီ ပထမဦးဆုံး စတင် မြင်ရသည့် သတ္တ၀ါ မှာ သစ်ကုလား အုပ် ဖြစ်သည်။ သစ်ပင်ပု များအထက်သို့ ထိုးထွက်နေသည့် သူတို့၏ လယ်ပင်း ကြောင့် စတင် မြင်ရခြင်း ဖြစ်သည်။ Safari Guide ဖြစ်သူက ယခု မြင်နေရသည့်  သစ်ကုလားအုပ် မှာ အမ ဖြစ်ကြောင်း၊ အသက် မည်ရွေ့ မည်မျှ ရှိပြီ ဖြစ်ကြောင်း ရှင်းပြသည်။



 
 
သစ်ကုလား အုပ်များ။
 
 

 
ကိုယ်ပိုင် Safari Car တစ်စီး။
 
 
အလင်းရောင် ပြောက်သွားသည့် အချိန်တွင် ပေးထားသည့် မီး နှင့် ထိုးကြည့်ရ သည်။ ခြုံ ပုတ်များအတွင်း အနီ ရောင်၊ အစိမ်းရောင်၊ အဖြူရောင် တောက်နေသည့် မျက် လုံး အစုံများစွာ ကိုတွေ့ ရသည်။ Guide က ယခု မြင်နေရသည့် သတ္တ၉ါ သည် မည်သို့ သော သတ္တ၀ါ များ ဖြစ်ကြောင်း ရှင်းပြသည်။ အဆိုပါ Search Light မီးရောင် အောက်တွင် မြင်ရသည့် အကောင်များကို ရ နိုင် ထင်နိုင် သမျှ ဓါတ်ပုံ ရိုက်ကြရသည်။ အချို့ မီးရောင် မကြိုက်သည့် သတ္တ၀ါများ ရှိနိုင်သည့်နေရာ များတွင် မူ မီးမထိုး ရန် Guide က သတိပေးသည်။

 
 
တော အတွင်း ၀င်သွားသည့်  ကြံ့။
 
 
အလင်းရောင်ရှိစဉ် မြင်လိုက်ရသည့် ကြံ့။
 
 
နံဘေး တွင် ဒါဏ်ရာ နှင့် ကြံ့။
 
 
လမ်းဘေးတွင်တွေ့ ရသည် အာဖရိက သမင် တစ်မျိုး ဖြစ်သည့် Impala များ။
 
 
အမည် မသိ အစိမ်း ရင့်ရောင် တောက်တောက် ငှက် များ။
 
 
 
Cape Buffalo .
 
 
အလင်းရောင်ရှိစဉ် မြင်လိုက်ရသည့် အာဖရိက တောဝက် Warthog။
 
 
တော အတွင်း ၀င်ပြေး သွားသည့်  ဆင်အုပ်။


အာဖရိက တောဆင်။



အဆိုပြပါ ညနေ ခင်း နှင့် ညပိုင်း Safari ခရီးစဉ် အတွင်း နံမည်ကြီး Big-Five အနက် ကြံ့  နှင့် ကျွဲ နှင့် ကျာသစ် သုံး မျိုး ကိုသာ မြင်လိုက်ရပါသည်။ အတော် ကံကောင်း၍ သုံးမျိုး မြင် လိုက် နိုင်ပါသည်။ အချို့  ဆိုလျှင် Big-Five တစ်ကောင် မှ မမြင် လိုက်ရသည်လည်း ရှိသည်ဟု သိရှိရပါသည်။

 

နံနက် (၃) နာရီ Safari မှာ မူ အတော် ဒုက္ခ ရောက်သည့် ခရီးစဉ် ဖြစ်သည်။ အိပ် ကလည်း အိပ်ငိုက်၊ အေးကလည်း အလွန်အေးသည်။ မည်သည်ကိုမျှ စိတ်ဝင်စားစွာ မကြည့်နိုင်ကြ။ ကျွန်တော့် ဘေး တွင် ရှိသည့် ဗြိတိန်  နိုင်ငံမှခလေးတွေ များသည် ရှိသမျှ အနွေး အကျီင်္ လေးထဲ လက်များသွင်းကာ အိပ်ကြတော့သည်။ အတော် နေပွင့်လာ မှ နိုးလာကာ ဟိုကြည့် သည် ကြည့်  ကြည့် နိုင်ကြသည်။
 
 
အာဖရိက လွင်ပြင်ရှိ တောကျွဲ အုပ်ကြီး တစ်အုပ်။
 
နံနက် စောစောတွေ့ ခဲ့ရသော သစ်ပင်ထက် နား နေသည့် အာဖရိက လင်းဠ များ။
 
Zebraa Crossing.
 
မည်သို့ သို့ ဆိုစေကာ မူ ဤကဲ့ သို့ အတွေ့  အကြုံ များ နှင့် အလှမ်းဝေးသည့်  အနောက် နိုင်ငံ သားများအတွက် မူ ပတ်ဝန်းကျင် အဆန်း၊  အတွေ့ အကြုံ အသစ် ဆန်း ဖြစ်၍ အများအပြား လာရောက် လည် ပတ် လေ့ ရှိ ပါသည်။ ကျွန်တော် အနေနှင့်မူ ငယ်စဉ်က တောအတွင်း နွားလှည်း စီး ပြိး မီးထိုးကာ နှင့် အမဲ လိုက် ခဲ့သည်ကို သတိရမိပါသည်။ သို့ သော် ရေမြေ ဒေသ ကွာ ခြားသည့် အတွက် အာရှတွင် မမြင်နိုင်သည့် သတ္တ၀ါများ ကိုမြင် တွေ့ခဲ့ ရသည့် အမြတ် တစ်ခု ရရှိခဲ့ပါ သည်။
 
-------------------------------------------------
 
 



 

 
 
 

 
 










 
 

2 comments:

  1. ဗဟုသုတ အရမ်းရတယ် ဆြာရေ ရှယ်ပဲ
    ဆြာဆိုဒ်ကို မှက်ထားတယ် နောက်ရက်တွေလဲ
    လာဖက်အုံးမယ်ဗျာ.
    .လေးစားစွာဖြင့် (ဒုတိယ)

    ReplyDelete
  2. ကျွှန်တောလည်းကွန်မန့်လေးရေးဖို့မေ့မေ့နေတယ် အရမ်းစေတနာပြည့်ဝပါတယ်ဆရာ......ကျေးဇူးလည်းအရမ်းတင်ပါတယ်....

    ReplyDelete