Friday 7 December 2012

Down the Memory Lane ( South Africa - Part 1)


Down the Memory Lane ( South Africa - Part 1)
 
 
 
စိတ် အစဉ် အတွင်းမှ အာဖရိက
အပိုင်း(၁)
 
 
By Soe Hlaing
 
 
ပရီတိုးရီးယား
 
လူတို့ မည်သည် အနီးဆုံးနေရာ ၊ နောက်ဆုံးဖြစ်ရပ်တို့သည် အဦးဆုံး ပြန်လည် အမှတ်ရလေ့ ရှိသောအရာများ ဖြစ်ကြပါသည်။ မကွာဝေးလှသော အချိန်ကာလ များ၏ ဖြစ်ရပ်များသည် ဆေးရောင် မပျယ်သေးဘဲ တောက်ပနေဆဲ စိတ်၏ပန်းချီကား ချပ်များ” ဟု လည်း ဆိုနိုင်ပါသည်။ အမှတ်ရခြင်း များ ၏ထိပ်ဆုံးနေရာတွင် ရှိသည်ဟု ဆိုရ ပါမည်။
 
ကျွန်တော်၏ နိုင်ငံခြားရေး ၀န်ထမ်းဘ၀၏ နောက်ဆုံး တာဝန်ကျရာ နေရာသည် တောင် အာဖရိကနိုင်ငံ ပရီတိုးရီးယားမြို့ မြန်မာသံရုံးဖြစ်ပါသည်။ Down the Memory Lane အတွက် မှတ်တမ်းလေးများ ရေးရန် ပြန်၍ စိတ်ကူးလိုက်သည်နှင့် တောင်အာဖရိသည် အရင်ဆုံး ပေါ် လာပါ သည်။
 
 
တောင် အာဖရက မြို့တော် ပရီတိုးရီးယား။
 
အာဖရိကသည် သာမန် ခရီးစဉ်အရ လမ်းကြုံသော နေရာမဟုတ်၍လည်း ရောက်ခဲ သည့် နေရာဟုလည်း ဆိုနိုင်ပါသည်။ ကျွန်တော် တတိယအတွင်းဝန်ဘ၀နှင့် တာဝန်ထမ်း ဆောင်စဉ်က သံအမတ်ကြီး တစ်ဦး က “ ကျွန်တော် အာဖရိက ရောက် ဘူးတယ် ဗျ “  လို့ ဂုဏ်ယူ စွာ တခုတ်တရ ပြောခဲ့ဘူးသည် ကို သတိရမိပါသည်။ အဆိုပါ သံအမတ်ကြီးမှာ ယခင် နိုင်ငံတော်၏ ရောင်းဝယ်ရေးဆိုင်ရာ ရာထူးတာဝန်နှင့် နိုင်ငံတကာ သို့ သွားခဲ့ သည့် ပုဂ္ဂိုလ် တစ်ဦး ဖြစ်ပါသည်။ အာရှ၊ ဥရောပ အမေရိက အနှံ့ ခေါက်ပေါင်းများစွာ ရောက်ခဲ့သူ ဖြစ်သော်လည်း ကင်ညာနိုင်ငံ Safari တစ်ခု၏ သစ်ပင်ပေါ်တွင် ဆောက်ထား သည့် ဆိုင်လည်းဟုတ် ညထွက်သတ္တ၀ါတွေကိုလည်း ကြည့်သည့် နေရာလည်း ဟုတ်သည့် လင့်စင် ပေါ်မှ ညထွက်သည့် အာဖရိက သားကောင်များကို ကြည့်ခဲ့ရသည့် အကြောင်း ကိုအမှတ်ထင်ထင် ပြောလေ့ရှိပါသည်။

 တောင်အာဖရိကမြို့တော် ပရီတိုးရီးယား၏ လေဆိပ်သည် ကီလိုမီတာ ၄၀ ကျော်ခန့် ဝေးသည့် ဂျိုဟန် နစ္စဘတ်မြို့တွင် ဖြစ်သည်။ ပရီတိုးရီးယား မြို့ ၏ မြို့ ခင်း မြို့ ကွက်သည် တောင်ကြီးမြို့ နှင့် ဆင်ဆင်တူသည်။
Jacaranda ပန်းများ ပွင့်ချိန် ပရီတိုရီးယား မြို့ရဲ့ အလှ။
 
ပရီတိုးရီးယား မြို့ ၌ Jacaranda ပန်းပွင့်ချိန်တွင် တစ်မြို့လုံးသည် ပင်ယံ ထက်၌ လည်း ခရမ်းပြာပန်း ၊  မြေပြင်ပေါ်တွင်လည်း ကြွေနေလေသည့် ခရမ်းပြာ ပန်းများ နှင့် ဖွေးဖွေး လှုပ်နေသည်။ မြန်မာ နိုင်ငံ ရှိ စိန်ပန်းပြာ နှင့် အလွန်တူသည်။ အလွန်လည်း လှသည်။ ထို့ကြောင့် Jacaranda City Pretoria ဟု ခေါ်ကြသည်။
 
နိုင်ငံတော် အာဏာ (၃) ရပ်၊ နေရာ (၃) နေရာ
တောင်အာဖရိက ၏ထူးခြားချက် တစ်ရပ်မှာ နိုင်ငံတော် ၏ အာဏာ (၃) ရပ် ကို နေရာ သုံးနေရာ ခွဲ ကာ ထား ခြင်းဖြစ်သည်။ ပရီတိုးရီးယားသည် စီမံခန့် ခွဲရေး ဆိုင်ရာ Administrative  Capital သမ္မတရုံး စိုက်သည့် မြို့ဖြစ်ပြီး  ကိပ်တောင်း ( Cape Town ) သည် ဥပဒေပြုရေးဆိုင်ရာ Legislative Capital ဖြစ်သည်။ တရားစီရင် ရေးဆိုင်ရာ Judical Capital မှာ ဘလွန်းမ်ဖေါင်တိန် ( Bloemfontein ) ဖြစ်သည်။
 
ပရီတိုးရီးယား မြို့ ရှိ တောင်အာဖရိ နိုင်ငံ ဆိုင်ရာ မြန်မာသံ ရုံး။
 
 
ပရီတိုးရီးယား မြို့၏ စိမ်းလန်း စိုပြေသည့် အတက်အဆင်း လမ်း တစ်ခု။
 
 
ပရီတိုးရီးယား မြို့ လယ် တစ်နေရာ။
 





တောင်အာဖရိက နောက်ခံ သမိုင်း အကျဉ်း
တောင်အာဖရိက သမိုင်းကြောင်းပြောသည်နှင့်  လွင်တီးခေါင်တောင်တန်းတစ်လျှောက် မဲမဲ လှုပ်နေသည့် Zulu  များနှင့် လူဖြူများ တိုက်ခိုက်ကြသည့် သွေးချောင်းစီး Zulu ရုပ်ရှင်ကား ကို မြင်ယောင်လာသည်။
 
လက်ရှိတောင်အာဖရိကနိုင်ငံ တည်ရှိရာဒေသသည် ယခင်ကဇူးလူး (Zulu) လူမျိုး နွယ်စု များ၏နယ်ဖြစ်သည်။ (၁၇) ရာစုနှစ်၌ နောင်တွင်အာဖရိကားနား ( Africanas) များဖြစ် လာကြသော  ပြင်သစ်မျိုးနွယ်ဆက်များ၊ ဒတ်ခ်ျမျိုး နွယ်ဆက်များနှင့် ဂျာမန်မျိုး နွယ်ဆက် ( Boer ) များ ရောက်လာာကြသည်။ အဆိုပါ လူသစ် အုပ်စု များကို ဒေသခံ ဇူးလူးများက နယ်မြေကျူး ကျော်သူများဟု ဆိုကာ အခွင့်ရလျှင်ရ သကဲ့သို့ တိုက်ခိုက် ခဲ့ကြသည်။
 
၁၈၃၈ ခုနှစ် ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် Dundee ၏အရှေ့ဘက် ၄၈ ကီလိုမီတာ အကွာ၌ ဒေသခံ ဇူးလူးပေါင်း (၁၅ဝဝဝ) မှ (၂ဝဝဝဝ) ခန်သည် Bore ကွန်မန်ဒို (၄၆၄)ဦး အားတိုက်ခိုက်ခဲ့သည်။ ထိုစစ်ပွဲကို Voortrekker-Zuh Conflict ဟု၍ အမည်တွင် ခဲ့သည်။ ယင်းတိုက်ပွဲတွင် ဇူးလူး (၃ဝဝဝ)ခန့်ကျဆုံးကာ အဆိုပါနေရာရှိမြစ်သည် သွေးချင်းချင်း နီသွား သောကြောင့် Blood River ဟုခေါ်စမှတ်ပြုခဲ့သည်။
 
Gatisandlwana စစ်ပွဲ နေရာ။
 
(၁၉) ရာစုတွင် ယင်းဒေသသို့ ဗြိတိသျှများ စတင်ရောက်ရှိ လာသည်။ ဗြိတိသျှ တို့ရောက်ရှိလာပြီး မကြမီကာလဖြစ်သည့် ၁၈၇၉ ခုနှစ်တွင် ဇူးလူးအင်အား ၂၄ဝဝဝ ခန့်သည် အင်အား (၂၁၁၈၇၉) ပါဝင်သည့် ဗြိတိသျှ စစ်ကြောင်း (၃) ကြောင်း စခန်းချလျက်ရှိသော Isand Lwanz စခန်းကို ၀င်ရောက် တိုက်ခိုက်ရာ  နှစ်နာရီ အတွင်း ဗြိတိသျှစစ်သည် (၁၇ဝဝ) ကျဆုံးခဲ့သည်။ ဤစစ်ပွဲကို Anglo-Zulu War ဟု သမိုင်းတွင်ခဲ့သည်။
Isandlawana စစ်ပွဲ နေရာ။
 
တောင်အာဖရိက ပေါ် ထွန်းလာခြင်း
၁၈၉၈-၁၉ဝ၂ နှစ်များအတွင်း ယနေ့ တောင်အာဖရိက ဒေသတွင် အာဖရိကားနား (Afrikaners) ဟုခေါ်သည့် ဒတ်ခ်ျမျိုးနွယ်ဆက်များ၊ ပြင်သစ်မျိုးနွယ်ဆက်များနှင့် ဂျာမန်တို့ သည် အင်္ဂလိပ်များအား နိုင်ငံရေးအုပ်စီးမှုရရှိရေးအတွက် တိုက်ခိုက်ခဲ့ကြသည်။ အာဖရိ ကားနား အုပ်စုသည် (၁၇)ရာစုနှစ် တွင် အာဖရိကတောင်ဘက်ပိုင်းရှိ Western Cape သို့ ရောက်ရှိခဲ့ကြပြီး အင်္ဂလိပ်တို့မှာမူ (၁၉)ရာစုတွင်မှ ရောက်ရှိ လာကြသူများဖြစ်ကြသည်။ အဆိုပါစစ်ပွဲများကို (Anglo-Boer) စစ်ပွဲဟု အမည် တွင်ခဲ့သည်။ အဆိုပါ စစ်ပွဲများသည် တောင်အာဖရိကဖြစ်ပေါ်လာ မှုသမိုင်းစဉ်တွင် အထင်ကရ စစ်ပွဲများဖြစ်ခဲ့ကြသည်။ ဘိုးဝါးနှင့် ဗြိတိသျှ တို့အကြား နယ်မြေလု သည့်စစ်ပွဲ များဖြစ်ပွားစဉ် ဒေသခံအာဖရိက လူမည်းများသည် လယ်ယာလုပ်ငန်း အလုပ်သမား၊ အစေခံ၊ လမ်းပြ၊ အစောင့်စသည့် လုပ်ငန်း များကိုသာ  လုပ်ကိုင်ရ လျက် ရှိသည်။
 
အုပ်စုနှစ်စု တိုက်ပွဲများပြီးဆုံးသည့်အချိန်တွင် Treaty of Vereenizing အရပေါ် ထွန်းလာမည့် လူဖြူများ၏ ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာပိုင် Self-Governing Authority သည် လူမည်းများ၏ အခွင့်အရေးကို ဆုံးဖြတ်ပေးရန် အစီအစဉ် ချမှတ် ခဲ့သည်။ ၁၉ဝ၇ ခုနှစ်များနှင့် ၁၉ဝ၈ ခုနှစ်များတွင်မူ ဘိုးဝါးများ အတွက်သီးခြား ကိုယ်ပိုင် အုပ်ချုပ်ရေး နယ်များ ထူထောင်ခဲ့ပါသည်။
 
ယင်းနောက် အမျိုးသားညီလာခံ (National Convention) ဖြင့်ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲကာ ၁၉၁ဝ ခုနှစ် မေလ (၃၁) Union of South Africa ဟူ၍ ပေါ်ထွန်း လာခဲ့ပါသည်။ တောင်အာဖရိကသည် သွေးချောင်း စီးသည့် စစ်ပွဲ များအတွင်း မှ ပေါ်ပေါက် ခဲ့ သည့် နိုင်ငံ ဖြစ် သည်။
 
 
လူမည်း များ နိုင်ငံတော် အာဏာ ရရှိလာ ခြင်း။
 
တောင်အာဖရိက သမိုင်းကြောင်း ပြောသည်နှင့် လူဖြူ များ၏ အသားအရောင်ခွဲခြား သည့် Apartheid စနစ် ၊ ယင်းစနစ်ကို တော်လှန်ခဲ့သည့်  African National Congress  (ANC) နှင့် အသားအရောင် ခွဲခြားသည့် စနစ် ကို ဦး ဆောင် တော်လှန် ခဲ့သည့် ANC ခေါင်းဆောင် Nelson Mandela တို့ ၏ အကြောင်း မပါ၍ မဖြစ်။
 
တောင်အာဖရိကနိုင်ငံ ပေါ်ထွန်းလာပြီးသည့် နောက်လူဖြူ အစိုးရများ၏ လက်ထက် တွင် လူမည်းများသည် နိုင်ငံရေးနှင့် လူမှုရေးအခွင့်အရေးများ လုံးဝမရရှိဘဲ လူဖြူများ၏ Apartheid ၀ါဒ ဟု ခေါ်သည့် အတန်း အစား ခွဲခြားမှုနှင့် အသား အရောင်ခွဲခြားမှု ကို ခံ ခဲ့ ကြရသည်။
 
လူဖြူများ၏ ဖိနှိပ်မှု အောက်မှရုံးထွက်ရန် လူမည်း နိုင်ငံရေး သမားများသည် ၁၉၁၂ ခုနှစ်တွင် လက်ရှိ တောင်အာဖရိက၏ အဓိကနိုင်ငံရေး ပါတီကြီးဖြစ်သော  African National Congress (ANC) ပါတီကို ထူထောင်ခဲ့သည်။ ANC သည်လူမည်းများ၏ ကြီးမားဆုံးနိုင်ငံရေး ပါတီဖြစ်လာ သည်။
 
၁၉၄၉ ခုနှစ်တွင် ANC သည် Apartheid စနစ် ကို တော်လှန်ရန် အတွက် နိုင်ငံရေး နှင့်သာမက လက်နက်စွဲကိုင်ရေးလမ်းစဉ်ကိုပါ ချမှတ်ဆောင်ရွက်လာပါ သည်။ အဆိုပါ အချိန်မှစ၍ အာဖရိက ပြည်သူများသည် အသားအရောင်ခွဲခြားရေးကို နိုင်ငံရေးအပြင် က်နက်ကိုင်တိုက်ခိုက်ရေး နည်းနှင့်ပါ အုံကြွ တွန်းလှန်ခဲ့ကြသည်။


၁၉၉၄ ခုနှစ်တွင် အသား အရောင်ခွဲခြားသည့် Apartheid စနစ် ကျဆုံးသွားကာ ANC ခေါင်းဆောင် Nelson Mandela သည် ပထမဆုံးလူမည်း သမ္မတ ဖြစ်လာပါသည်။ Nelson Mandela သည် တောင်အာဖရိက နိုင်ငံ သမ္မတ တာဝန်ကို ၁၉၉၄ မှ ၁၉၉၉ ခုနှစ် အထိ ထမ်းဆောင်ခဲ့သည်။
 
Nelson Mandela in 2008။
 
Nelson Mandela သည် လူဖြူ အစိုးရ အား မြေအောက်လက်နက်ကိုင် တော်လှန် ရေး ကို ဒုက္ခ ပေါင်းများစွာ အကြား မှ ဆောင်ရွက် ခဲ့သည့် အပြင် Robben Island ရှိ လူဖြူ များ၏ အကျဉ်း ထောင်တွင် (၂ရ) နှစ်တာမျှ အကျဉ်းကျ ခံခဲ့ရသည့် ဒုက္ခများ စွာ နှင့် ရင်းကာ အသားအရောင် ခွဲခြားရေးစနစ် ကို တွန်းလှန် ခဲ့ သော ကမ္ဘာ ကျော် နိုင်ငံရေး ခေါင်းဆောင် တစ်ဦးဖြစ်သည်။
ထို့ကြောင့် တောင်အာဖရိက သို့လာရောက်ကြသည့် နိုင်ငံတကာ ခေါင်းဆောင် များသည်  Nelson Mandela သမ္မတတာဝန်မှ အနားယူပြီးဖြစ်စေကာမူ တောင်အာ ဖရိက နိုင်ငံအကြီး အကဲကို ( Official Call) တွေ့ ဆုံပြီးသည်နှင့် Nelson Mandela  ကို သားရောက်တွေ့ ဆုံလေ့ ရှိသည် မှာ တောင်အာဖရိ နိုင်ငံ၏ သံတမန် ကျင့်ထုံး တစ်ခု လိုဖြစ်နေပါသည်။
 
ပရီတိုးရီးယား ၏ ထူးခြားသည့် အချက်ကလေးများ။
 တောင် အာဖရိက ၏ ထူးခြားချက် တစ်ရပ် မှာ လုံခြုံရေး ဖြစ်ပါသည်။ လုယက်မှု ၊ လူသတ်မှု စသည့် ရာဇ၀တ် မှု များမှာ နေ့စဉ် ဆိုသကဲ့ သို့ ဖြစ်နေသည်။ လက်ရှိ အာဏာ ရ African National Congress ( ANC)  လူဖြူအစိုးရအား တော်လှန်ခဲ့စဉ် က စစ် အကြွင်း အကျန် လက်နက် များစွာ တို့သည် လူမည်း အတော်များများ၏ လက်ထဲသို့တွင် ရောက် နေ သည်။

 
 ထူးခြားသည်မှာ အိမ် အတွင်း ဖေါက်ထွင်း ၀င်ရောက်သည့် လူဆိုး ဓါးပြ များနှင့် အိမ်ရှင် တို့  ၏ ဆွေးနွေး ညှိနှိုင်းမှု ဖြစ်သည်။ တစ်ချိန်က ပရီတိုးရီးယားရှိ မြန်မာ တစ်ဦး၏ အိမ် သို့ လူမည်းတစ်စု ဖေါက်ထွင်းဝင်ရောက်ခဲ့သည်။ အမှန်တော့ အိမ်တွင် ငွေသားများများ ထာလေ့ရှိသည့် တရုတ်ကုန်သည်အိမ် အမှတ်နှင့် ဖေါက်ထွင်း ခြင်း ဖြစ်သည်။ အိမ်သားများ အားလုံးကို လက်ပြန်ကြိုး တုတ်ထားပြီး ငွေတောင်းသည်။ အိမ်ရှင်က ၄င်း သည် စီးပွားရေးသမား မဟုတ်၍ အိမ်တွင်ငွေမရှိကြောင်း၊  လခစားဝန်ထမ်း သာ ဖြစ်ကြောင်း၊ လူ ကို မသတ်ဘဲ ကားကိုသာ ယူသွား ပါရန် အပြေအလယ် ဆွေးနွေး ပြောကြားရာ လူဆိုးများက လက်ခံသည်။ လူဆိုးများက မော်တော်ကားမှာ ဟောင်းနေပြီ ဖြစ်သဖြင့် မယူဟု ဆိုကာ ပြန်ထွက် သွားကြသည်။


ဤကဲ့သို့ ဆွေးနွေး မှုများမကြာကြာ ရှိသည်။ အချို့ အိမ်ရှင်များသည် လူဆိုးများကို ဆွေးနွေးအပြီး အဆိုပါလူဆိုး၏ ဘ၀အဖြစ်အပျက်ကို သနားသဖြင့်  ထမင်းကြွေး ကာ  အိမ်အတွင်မှ ပြန်အထွက်တွင် Alarm activate လုပ်မထားသည့် အပေါက်ကို လမ်းညွှန် ကာ  ပန်လွှတ်လိုက် သည်များ လည်း ရှိသည်။
 
သို့ရာတွင် အဆင် မသင့်ပါကလည်း ဘာမဟုတ် တာနဲ့ ပင် လူသတ်သွား ခြင်း မုဒိန်း ကျင့်သွားသည့် အဖြစ်မျိုး များ သည်လည်း အနတကမ ပင်ရှိသည်။  Cell ဖုန်း တစ်လုံး အတွက် နှင့်ပင် လူသတ်ရန် ၀န်မလေး သည့် နေရာ ဖြစ်သည်။ ထို့ ကြောင့် အိမ်တိုင်း လိုလိုသည် ခြံ စည်းရိုး အခိုင် အမာ မြင့် မြင့် နှင့် လျှပ် စစ် ဓါတ်အားကြိုး များကို ခြံ စည်းရိုး တစ်လျှောက် တပ်ဆင်ထားကြသည်။

 
 
ပရီတိုရီးယား သို့ ရောက်စ တွင် နေထိုင်ခဲ့သည့် Brooklyn ရပ်ကွက်ရှိ အိမ်။


 
ထို့ကြောင့် နိုင်ငံခြားသား နှင့် သံတမန် များအား လူမြင်ကွင်းတွင် ငွေကိုထုတ်၍ ရေတွက် ခြင်းမပြုရန်၊ မှောင်နေသည့် နေရာတွင် မော်တော်ကားကို မရပ်ရန်၊ မိမိ၏ ကားကို လူ ဆိုးများက ရပ်ခိုင်းပြီး ငွေ ပစ္စည်း စသည် တို့ ကို တောင်းပါက ရန်လိုသည့် မျက်နှာ မပြရန် ၊ မိမိလက်တွင် လက်နက် ကိုင်ထားခြင်း မရှိသည်ကို သိသာစေရန် ကား လက်ကိုင်ပေါ် တင်ထားရန်၊ စသည်ဖြင့် Guide Book များတွင် ရေးသား သတိပေးထားပါသည်။
 ကျွန်တော် ရှိစဉ် က ကာတာ လေကြောင်းလိုင်း၏  မန်နေ၈ျာ ဖြစ်သူသည် ပရီတိုးရီးယား မှ ဂျိုဟန် နစ္စဘတ် သို့  မိတ်ဆွေ တစ်ဦး ည စာ ဖိတ်ထားသဖြင့် သွားသည်။ လမ်းတွင် နေရာ မသေခြာ သဖြင့် ကားခေတ္တရပ်ကာ ဖုံးဖြင့် လှမ်းမေးစဉ် လူဆိုး တစ်စု ရောက်လာပြီး ပြောနေသည့် Cell ဖုံးကို တောင်းသည်။ မန်နေဂျာက ဖုံးရော ကားပါ ယူရန်နှင့် လူ ကို အန္တရယ် မပြုရန်ပြောသည်။ လူဆိုးများ က ဖုံးကိုယူ ကာ မန်နေဂျာ ၏ ခေါင်းကို သေနပ် ဖြင့် တေ့ ပစ်ကာ သတ်လိုက်သည်။
 
ပုံမှန် လုယက်မှု မျိုးမှာ ဂျိုဟန် နစ္စဘတ် လေဆိပ်မှ ပြန်လာသူများ၏ ကားနောက်မှ နောက်ယောင်ခံ လိုက်လာကာ အိမ်ဝင်ခါနီး လမ်းကျဉ်းထဲအ၀င် ပိတ်ကာ လုယက်ခြင်း  နှင့် ဆိုင်များ ဘဏ်များမှ ငွေများကို သယ်ဆောင်သည့် လက်နက်ကိုင် လုံခြုံရေး နှင့် Bullet Proof ကားကို လုယက်ခြင်း ဖြစ်သည်။ မကြာမကြာ လုယက်လေ့ရှိ ဖြစ်ရပ် များ ဖြစ်သည်။ ငွေသယ်သည့် ကားကို BMW, သို့မဟုတ် Mercedes ကဲ့သို့  ကားများနှင့် ငွေသယ် သည့် ကားကို မှောက် သွားအောင် အရင်ဝင်တိုက်ပြီးမှ အစောင့် များကို ပစ်ခတ်ကာ လုယူခြင်း ဖြစ်သည်။ ဤ ပုံ စံ မှာ လူဆိုး များ ပုံ မှန်တိုက်ခိုက် လုယက်သည့် နည်းဖြစ်သည်။ ၄င်း တို့ ကိုင်သည် လက်နက်များမှာ အစောင့်များ၏ လက်နက် များထက် ပစ်အား များစွာကောင်း သည်။
 
ဒုတိယ ပြောင်းရွှေ့ နေထိုင်သည့် Waterkloof Palm ရှိအိမ်။ ADT လုံခြုံရေး ယူထားကာ ပတ်ပတ်လယ် တွင် Electrified Wire များ ကာရံထားသည်။ မိမိ တစ်အိမ်မှသာ မဟုတ် အိမ်များ အားလုံး အလားတူ လုံခြုံရေးယူကြသည်။ အိပ်ခန်း အ၀င်နှင့် အဓိက နေရာ များကို ည အချိန်တွင် သံ တံခါး သော့ခတ် ပိတ်ကာ အိပ်ကြသည်။ မိမိ သည် သံ လှောင်အိမ်ထဲ တွင် နေရ သည်နှင့် တူနေပေသည်။


ပရီတိုးရီးယား မြို့ ရှိ Menlynn Shopping Mall ၏ဘေး မှ မြင်ကွင်း။
 
Menlynn Shopping Mall ၏ အတွင်းပိုင်း။
 
Menlynn Shopping Mall ၏ အတွင်းပိုင်း။
 

ပရီတိုရီယား လမ်းမ အလယ် တွင် အလှူခံနေသည့် အဖြူ တစ်ဦး။
 
တောင် အာဖရိကရှိ လူဖြူ များတွင်လည်း ဆင်းရဲသူများရှိကြသည်။ သို့သော် လူဖြူ များဆင်းရဲ နွမ်းပါး ပါက အခြားသော သူများအိတ်တွင် အစေခံကဲ့သို့ အလုပ်မလုပ်ဘဲ လမ်းမများ ပေါ်တွင်အလှူခံ သည်။ တစ်နည်း အားဖြင့် တောင်ရမ်း စားသောက် သည်ဟု ပြော စမှတ်ရှိသည်။
ကားများ တိုက်ခိုက်မှု ဖြစ်လျှင် ဆွဲ ရန် အသင့်စောင့်နေသည့် Tow Car များ။
 
ပရီတိုးရီးယား မြို့  Menlynn Shopping Mall ရှေ့ ရှိ Harley Davison မော်တော် ဆိုင်ကယ် ရောင်းသည့် ဆိုင်။
 
တောင်အာဖရိသည် ရာဇဝတ်မှု ထူပြောသည် ဆိုသော်လည်း တောင်အာဖရိက ပြည်သူ အများစုသည် ဖော်ရွေပျူ ငှာမှုရှိကြသည်။ လမ်းများပေါ်တွင် အကူအညီ လိုအပ်၍ တောင်းခံပါက လိုလားရွှင်ပျစွာ ကူညီပေးကြပါသည်။ မိမိသိလိုသည်များ မေးမြန်းပါက အဖြူ-အမည်းမဟူ လိုလိုလားလား စေတနာဖြင့်ကူညီ ညွှန်ပြပေးလေ့ရှိကြသည်။ ဈေးဆိုင်ကြီးများ ( Shopping Mall ) များတွင်လိုအပ်သည့် ပစ္စည်းကိုမေးလျှင် အဆိုပါ ပစ္စည်းထားရှိရာ နေရာသို့ရောက် သည်အထိ လိုက်လံ ပို့ဆောင်ပြသပေးကြသည်။ ငွေပေး ချေသည့်နေရာသို့ ရောက်လျှင် တာဝန်ကျဝန်ထမ်းသည် Hello, How are you  စသည်ဖြင့် ယဉ်ကျေးပျူ ငှာစွာ နှုတ်ခွန်း ဆက်ပြီးမှ ငွေကိုလက်ခံ ပါသည်။
 
ဝယ်ထားသည့် ပစ္စည်းကို မကြိုက်၍ ပြန်ပေးလျှင်လည်း Packing ခွာ လိုက် ပြီးပါစေ လဲ လိုက အသစ် နှင့် ပြန်လဲ ပေးသည်။ ငွေပြန် လိုခြင်ပါက ငွေပြန် အမ်းပေးသည်။ မိတ်ဆွေ တစ်ဦးသည် Jean ဘောင်းဘီ တစ်ထည် ၀ယ်သည်။ ယင်းနောက် ပရီတိုးရီးယား မြန်မာ သင်္ကြန်ကို ထို ဘောင်းဘီ နှင့် ရေ ကစား လိုက်သေးသည်။ ယင်းနောက်မှ စိတ်တိုင်း မကျ၍ သွားပြန်လဲ ရာ ၀ယ်ယူသည့် ပြေစာမှ အပ အခြား မည်သည် ကိုမျှ  စစ်ဆေးခြင်း မပြုဘဲ ငွေပြန်ပေးသည်။ မိတ်ဆွေက ငွေပြန်မယူလိုကြောင်း ပစ္စည်းသာကို ပြန်လဲ လိုကြောင်းပြော ရာ အသစ် နှင့် ပြန်လဲ ပေးသည်။  မိမိ ပုဂ္ဂိုလ် တစ်ဦးထည်း ၏ အမြင်အရ ပြောရလျှင် စင်ကာပူရှိ အရောင်းဝန်ထမ်း များထက် များစွာ ပြူငှာ သည် ဟု ဆိုခြင်ပါသည်။

ပီတာမာရစ်ဘတ်စ်  နှင့် ဒါဘန် ခရီး။
 ဇနီး နှင့် သမီး တို့ မြန်မာ နိုင်ငံ သို့ သမီး ကျောင်းဖွင့်ချိန်အမှီ မပြန်မှီ ပီတာမာရစ် ဘတ်စ် မြို့သို့ ခရီးထွက်ရန်ကြုံ လာသည်။ ပီတာမာရစ်ဘတ်စ်မြို့တွင် မြန်မာ ဗုဒ္ခဘာသာ ဘုန်းတော် ကြီးကျောင်း ကို တောင်အာဖရိက ရှိ မြန်မာ များ စုပေါင်း ဆောက်လုပ် လှူဒါန်း ထားကြသည်။ ကျောင်းထိုင် ကိုယ်တော်ကိုမူ ရန်ကုန်ရှိ ချမ်းမြေ့ ရိပ်သာ ဆရာတော် က ပို့ ထားပေးသည်။ အ ဆိုပါ ကျောင်း ၏ သိမ် ရေ စက်ချပွဲသို့သွားရန် ဖြစ်သည်။ ချမ်းမြေ့ရိပ်သာ ဆရာတော် လည်း ရောက်နေသည်။
 
ပီတာမာရစ်ဘတ်စ် မြို့သည် တောင် အာဖရိက တောင်ဖက် အိန္ဒိယသမုဒ္ဒရာ ကမ်းခြေရှိ ဒါဘန် မြို့ နှင့်လည်း နီးနေသဖြင့် ဒါဘန် မြို့သို့ ပါ သွားရောက် ခဲ့ ကြသည်။ သာမန် အားဖြင့် ရောက်ခဲသည့်နေရာ များလည်း ဖြစ်သည်။
 
 
ပီတာမာရစ် ဘတ်မြို့ ( Pietermaritzburg )


ပီတာမာရစ် ဘတ်မြို့ ( Pietermaritzburg ) ရှိ Zulu ရိုးရာ တဲ ကလေး။
 
 
ချမ်းမြေ့ ရိပ်သာ ဆရာတော်နှင့် ပီတာမာရစ် ဘတ်မြို့  မြန်မာ ဘုန်းတော်ကြီး ကျောင်း၏  ကျောင်းထိုင် ဆရာတော် ဦး မဏိ ဇောတ။


 
 ပီတာမာရစ်ဘတ်မြို့  မြန်မာ ဘုန်းတော်ကြီးကျောင်း  ကျောင်းထိုင် ဆရာတော် ဦးမဏိဇောတ။

 Pietermaritzburg  မြန်မာ ဘုန်းတော်ကြီး ကျောင်း
 
 
Pietermaritzburg  မြန်မာ ဘုန်းတော်ကြီး ကျောင်း  ရှိ သိမ်။
 
အလှူ ပွဲလာ ရွှေမြန်မာများ။


အလှူ ပွဲလာ ရွှေမြန်မာများ။

 
 
သိမ် ရေစက်ချ တရားနာ ပွဲ။
 
 
သိမ် ရေစက်ချ တရားနာ ပွဲ ၊ တရားနာလာ ရွှေမြန်မာများ။



 


ဒါဘန် သို့ အသွား လမ်းပေါ်တွင် Lion Park  ကို ၀င်ကြည့် ခဲ့သည်။ National Park ကြီး များတွင် Safari Car ဖြင့် ကြည့်ရာတွင် အာဖရိက ၏ One of the Big-Five ဖြစ်သည့်  ခြင်္သေ့ ကို တွေ့ရန်အလွန် ခက်သည်။ ယခု Lion Park မှာမူ အခြားသော တိရိစ္ဆာန်များကို လွှတ်ထားပြီး ခြင်္သေ့များ ကိုမူ သီးခြား ခြံ အကျယ်ကြီးတွင် ထည့် ထားကာ ကားဖြင့် ခြံ ထဲ ၀င်ကြည့် ရ သဖြင့် ခြင်္သေ့ များ ကို အနီး ကပ်ကြည့် ခွင့်ရသည်။
Lion Park အတွင်းရှိ ခြင်္သေ့ များ။
 
 
Lion Park အတွင်းရှိ ခြင်္သေ့ များ။
 
Lion Park အတွင်းရှိ Lonely Lion.
 
 
 
ဒါဘန်သို့ အသွား။
 
 
 
African Plain.
 
တောင်အာဖရိက တွင် ကားမောင်းရသည် မှာ မိုင်ပေါင်းများစွာ ကျယ်ပြောသည့် လွင်ပြင် ကြီး ပေါ်ရှိ မိုင်နှင့်ချီကာ လှမ်းကာ မြင်နေရသည့် လမ်းဖြောင့်ဖြောင့် ကြီးပေါ်တွင် မောင်းရ သည့်အတွက် လွန်စွာအိပ်ငိုက် ဘွယ်ရာကောင်းသည်။ ထို့ကြောင့် ပရီတိုးရီးယားနှင့် ဒါဘန်ကဲ့သို့ မြို့ကြီးနှစ်မြို့ ဆက်သွယ်သည့် အမြန် လမ်းမကြီး ပေါ်ရှိ နားနေ စခန်း ( Rest Place ) များတွင် မအိပ်ခြင်သည့် ဆေးပြားများ ရောင်း ကြသည်။
 
ဒါဘန် သွားသည့် လမ်း။
 
 
ဒါဘန် အ၀င်။
 
ဒါဘန်မြို့သည် ဆိပ်ကမ်းမြို့ဖြစ်သဖြင့် ပရီတိုးရီးယားထက် ပို၍စည်ကားသည်။ တိုက်ကြီး တာကြီးများ ၊ ဟိုတယ်ကြီးများပေါသည်။ နိုင်ငံ တကာ မှ ဧည့်သည်များ နှင့် စည်ကားသည်။ ပရီတိုးရီးယားမျာ မူ အုပ်ချုပ်ရေး မြို့ သာဖြစ်သဖြင့် ဒါဘန် လောက် စည်ကား မှု မရှိ။
 
ဒါဘန် မြို့တွင်း လမ်း။
 
ဒါဘန် ကမ်းခြေ။
 
ဒါဘန် ကမ်းခြေ ရှိ မြင်းစီး ရဲ များ။


ဒါဘန်ကမ်းခြေရှိ အပျော်စီး ရေချောင်း ကလေး။


 
ဒါဘန် ကမ်းခြေ ရှိ Zulu ကချေသည်များ။
 
 
ဒါဘန် ကမ်းခြေ ရှိ Zulu ကချေသည်များ။
 
 
ဒါဘန်ကမ်းခြေရှိ အမှတ်တရ ပစ္စည်း ဆိုင်များ။


ဒါဘန်ကမ်းခြေရှိ အာဖရိက ဆံပင်ပြင်နေသည့်  သူများ။


ဒါဘန်ကမ်းခြေရှိ လံခြား ဆွဲ သမား။
 
ဒါဘန်ကမ်းခြေရှိ အမှတ်တရ သားရေ ပစ္စည်း အရောင်းဆိုင်။
 
 
ဒါဘန်ကမ်းခြေရှိ အမှတ်တရ  ပစ္စည်း ဆိုင်။
 
 
 



ဒါဘန် တွင် အိန္ဒိယနွယ်ဘွား များစွာကို တွေ့ရသည်။ မြန်မာ နိုင်ငံ မှ ဒန်ပေါက် မျိုး ရသည်။ သမုဒ္ဒယာ ကမ်းခြေတစ်လျှောက်တွင် ဟိုတယ်ပေါင်း မြောက်များစွာ တန်းစီကာ ဆောက် ထား ကြသည်။  သမုဒ္ဒယာ  ကမ်းခြေ တစ်လျှောက် Promenade လမ်း ပေါ်တွင် ကမ္ဘာ လှည့် ခရီး သည်များနှင့် ပြည့်နေသည်။
ဒေသဆိုင်ရာ ရိုးရာ ပစ္စည်း ရောင်းချ သည့် ဆိုင်များ၊ အာဖရိက ဆံပင် ကောက်ကောက် ကို ဆံပင်ကျစ် ပေးသူများ။ အထူးအဆန်းအဖြစ် လံခြားဆွဲကာ ငွေရှာသူများဖြင့် ပြည့်နေ သည်။  ကျွန်တော်တို့ ကမ္ဘာ့ မြောက်ဘက်ချမ်းတွင် အေး နေသည့် ခရစ်စမတ်ကာလတွင် ချွေးသုတ်နေရ သော ကမ္ဘာ့ တောင်ဘက်အစွန်း က နေရာ တစ်နေရာ ဖြစ်ပါသည်။
 
-------------------------------------------


 






 
 




 



 
 






 
 

No comments:

Post a Comment