Friday 7 June 2013

HDR Part ( I )


(42)   HDR Part ( I )                                                ဓါတ်ပုံပညာရပ်ဆိုင်ရာ မှတ်စု (၄၂)
                 
 

အလင်း အပြင်း အပျော့ ကို တွဲ၍ မြင်နိုင် မှု  အတိုင်းအတာ HDR

 ( High Dynamic Range )

HDR Part (I)



 By Soe Hlaing



စကားဦး

ကျွန်တော် ရေး ခဲ့သည့် မှတ်စုများတွင် ဘာသာရပ်များ အား တတ် စွမ်း သမျှ စဉ်းစားကာ ရေးခဲ့ရာ တွင် အလင်းရောင် အပြင်း အပျော့ ၊ တစ်နည်း အားဖြင့် အဖြူ ရောင် မှအနက် ရောင် တို့ ၏ အကြား အလင်းကူး ပြောင်းသွားသော ဖြစ်စဉ် အတွင်း ကင်မရာ က အလင်း နှင့် အမှောင်ကို မည်သည့် အတိုင်း အတာ အထိ တွဲ၍ သဲကွဲ စွာ မြင် နိုင် ဖြစ်သည် ဆိုသော  Light Dynamic Range မပါသေးပါ။ ဤ ဘာသာ ရပ် ကိုလေ့လာရသည်မှာလည်း အလင်း ရူပဗေဒ ဆိုင်ရာ ပညာ ရပ် ဖြစ်နေသဖြင့် နည်းနည်း အတွင်း နှိုက် လေ့လာ ရသည့် အတွက်ကြောင့်လည်း ဖြစ်ပါသည်။ ကျွန်တော် ကိုယ်နှိုက် က တက္ကသိုလ် တွင် ရူပဗေဒ ဘာသာရပ် ကို အထူးပြု သင်ယူ ခဲ့ သော်လည်း  အချို့  သော အပိုင်း များကို လွယ်ကူစွာ သဘော ပေါက် စေကာမူ အချို့ သော နေရာ များတွင် ရုတ်ချဉ်း နားလယ် ရန် ခက်သည့် အပိုင်း များရှိပါသည်။ ထို့ကြောင့်အချို့သော အပိုင်း များကိုမူ ကိုယ်တိုင် သဘော ပေါက် စေရန် ဆောင်းပါး မူကွဲ များစွာ ကို ဖတ်ရှု လေ့လာ ရပါသည်။ ပြီးမှသာ အားလုံးတို့ အနက် သဘော ခြင်း တူသည်များ ကို ယူ ကာ မှတ်စု ပြန် ခြင်း ဖြစ်ပါသည်။


HDR ဖြင့် ဖန်တည်း ထားသည့် ပုံ တစ်ပုံ။



High Dynamic Range (HDR).




ကမ္ဘာ ကျော် Wikipedia အဘိဓါန် က HDR ကို “ ratio between the largest and smallest possible values of a changeable quantity" ဟူ၍ ဖွင့်ဆိုထား ပါသည်။ လုံးကောက် ဘာသာပြန် ရပါမူ ( အလင်း-အသံ ဆိုင်ရာ လျှပ်စစ်လှိုင်း- Signal - တို့ ၏) ပြောင်းလဲ နိုင်သည့် အကြီးဆုံး အတိုင်း အတာ တန်ဘိုး ပမာဏ မှ အသေးဆုံး အတိုင်း အတာ တန်ဘိုး ပမာဏ တို့  ၏ အချိုး ဟု ပြန်ရပါမည်။





Dynamic Range သည် အသံ ဆိုင်ရာတွင်မူ  ကြားနိုင်စွမ်း အတိုးဆုံး မှ  အကျယ်ဆုံး ကြား နိုင်သည့် ခရီးတာ (Range) နှင့် ဓါတ်ပုံ ပညာတွင်မူ အဖြူရောင် နှင့် မဲ ရောင် အစွန်း နှစ်ခု အကြား မြင်နိုင်စွမ်း ခရီးတာ ( Range) တစ်နည်း ဖြင့် ကင်မရာ Sensor တွင်မူ ထင် နိုင် စွမ်း တို့ ဖြစ်ပါသည်။ ယခုမှတ်စုတွင်မူ ဓါတ်ပုံ နှင့် ပတ်သက်သဖြင့် အလင်း ဆိုင်ရာ ကိုသာ ရေး သားပါမည်။



High Dynamic Range သည် ပုံ တစ်ပုံ ၏ အဖြူဘက် အတောက်ပ ဆုံး အလင်းရောင်မှ အနက်ဘက် အမှောင်ဆုံး အလင်းရောင် တို့  အကြား  အလင်း ပြောင်းလဲ သည့် ခရီး တာ ဖြစ်ပါသည်။  Dynamic Range သည် သမားရိုးကျ ကင်မရာ များ ၏ Sensor က လက်ခံ နိုင်သည့် ခရီးတာ ( Range)  ထက် များစွာ ပို ကျယ် သော အလင်း ခရီးတာ ( High Dynamic Range )  ဖြစ်သောကြာင့် သာမန် ပုံ များထက် အလင်း၊ အရောင် တို့ ၏ အသေးစိတ်များကို ဖေါ် ပေးသည့် စနစ် ဖြစ်ပါသည်။

 ဆိုလိုသည်မှာ မြင်နိုင်စွမ်း ရှိသည့် အဖြူရောင်  ခရီးတာ ( Range) တစ်ခုကို မြင်နိုင်သည့် အတိုင်း အတာ မှ ထပ်ကာ များစွာ ချဲ့ လိုက်ပါက အားလုံး ဘာကိုမျှ မမြင်ရတော့သည့် အဖြူ ရောင် လွှမ်းသွားမည် ဖြစ်ပါသည်။  အနက်ရောင်   ခရီးတာ ( Range) ကို လည်း ထို့ အတူပင် များစွာ ချဲ့ လိုက်ပါကလည်း မဲ နက် သွားကာ ဘာမှ မြင်ရသည့် အခြေအနေရောက်သွားမည် ဖြစ်ပါသည်။ အဆိုပါ ပြောင်းလဲ မှု ခရီးတာ ( Dynamic Range ) အတွင်း၌ အဖြူ အစ အမဲအဆုံး အရောင်များအားလုံး ပါဝင် ပါသည်။


HDR သည် တိုက်ရိုက် နေရောင်၏ အလင်း ပြင်းအားမှ ကြယ်ရောင် အောက်ရှိ အလင်းရောင်း ဖျော့ဖျော့ အထိသော အလင်း ဖျော့ သည့် ပမာဏ ၏အပြင်းအပျော့ ကို တိကျစွာ ပုံ ဖေါ် နိုင် စွမ်းရှိသည့် စနစ် တစ်ခု လည်း ဖြစ်ပါသည်။ ထို့ ကြောင့် ရိုက်ကွက် ( Scene)  တစ်ခု အတွင်း အလင်း အပြင်း အပျော့ မတူ သည့် အခြေ အနေ မျိုး တွင် အမြင် တွင် အလင်းမျှ လာစေရန် ညှိပေးသည့် နေရာ ၌ ရေပန်းစားသော နည်း ဖြစ်လာပါသည်။

ပြင်ပလောက တွင်မူ (Subject) ၀တ္တု ၏ အရောင်ပြန်မှု ကြောင့် တကယ့် အဖြူ ရောင် ( White ) နှင့် အနက် ( Black ) အရောင်များကို မတွေ့ နိုင်ပါ။ ထို့ ကြောင့် အရောင် အစစ် ကို ရ နိုင်စေ ရန် စီစဉ် ရာတွင်  HDR Concept သည် များစွာ ရှုပ်ထွေးလာပါသည်။ ဥပမာ Subject ၏ပင်ကိုယ် အလင်း၏ Dynamic Range သည် ကင်မရာက ထုတ်ပေးသည့် အလင်း၏ Dynamic Range  နှင့် မတူနိုင် သကဲ့သို့ ကင်မရာ Sensor တွင် ပေါ်သည် ပုံ ရိပ်၏ အလင်း၏ Dynamic Range သည် ကွန်ပြူ တာ Screen ပေါ်တွင် ပေါ် သည့် အလင်း၏ Dynamic Range  နှင့် မတူ နိုင်ပါ။ ထို့ အတူပင် ပုံ ကို  Print ထုတ်ပြန် ပါက Printer  ကထုတ်ပေးသည့် အလင်း၏ Dynamic Range နှင့် လည်းကွာ နိုင်ပြန်ပါသည်။  ထို့ ကြောင့် မည်သည့် ကရိယာ က ထုတ်ပေးသည် အလင်း၏ Dynamic Range ကို လို ဆိုလို သနည်း ဆိုသည့် အချက် ပေါ် လာပြန်ပါသည်။




အထက်ဖေါ် ပြပါ အတိုင်း ပစ္စည်း ကရိယာ တိုင်း တွင် အားလုံးသော ကရိယာ များ အလိုက် အရောင် ဖြန့်ကျက် မှု ( Colour Management ) သည် သီးခြား အလင်း ဆိုင်ရာ  Dynamic Range ရှိကြသည်။ ကွန်ပြူ တာပေါ်တွင် ပေါ် နေသည့် အဖြူရောင် နှင့် Print ထုတ်လိုက်သည့် ပုံပေါ် တွင် ပေါ်နေသည့် အဖြူ ရောင်တို့ သည် မည်သို့ မျှ အမြင့် တန်း စက္ကူ အဖြူ ရောင် ၏ အဖြူ ရောင်၏ အဖြူ ရောင် ကို မှီ အောင် ထုတ် ပေး နိုင်ခြင်း မရှိပါ။


နောက်ဆုံး  ဥပမာ ပေးရ မည့် ကရိယာ မျာ မူ လူ ၏ မျက်လုံး ပင် ဖြစ်ပါသည်။ လူ၏မျက်လုံး တွင် လည်း သီးခြား အလင်း ဆိုင်ရာ Dynamic Range ရှိသည်။ ထို့ ကြောင့် လူ၏ မျက် လုံးအပါအ၀င် ပစ္စည်း ကိရိယာ တို့ ၏ မည့် သည့် အလင်း ဆိုင်ရာ Dynamic Range 
ကို ယူကြမည်နည်း ဟူ သော အခြေအနေ တစ်ခု ဖြစ်ပေါ် လာပါသည်။


အကြမ်း သဘော ပြော ရပါမူ လူ ၏ မျက်လုံး Dynamic Range  သည် အလင်း နှင့် အမှောင် ရော နေသည့် မြင်ကွင်း တစ်ခု တွင် အမှောင် ရော အလင်း  နှစ်ခု  စလုံး ကို အတော် များများ တွဲကာ မြင်နိုင်သည့် Dynamic Range ရှိပါသည်။

ဥပမာ အားဖြင့် နေ ရောင် အောင်တွင်  နေရောင်ကြောင့် တောက်ပနေသော သစ်ရွက်  များနှင့် သစ် ရွက် များအောက် ရှိ အမှောင် ကျ နေသည့် နေရာ  များကို လူ မျက်လုံး နှင့် ကြည့် ပါက တောက်ပနေသည့်သစ်ရွက် များ ကို တောက်ပေ န သည့်   အလျှောက်   ၊ အမှောင် အောက် က သစ်ရွက်များကိုလည်း အလင်းဖျော့ ဖျော့ ဖြင့် အလင်း  အပြင်း အပြော့ တွဲ ကာ မြင်နိုင် သည့် Dynamic  Range ရှိပါသည်။

 သို့ ရာ တွင် Dynamic Range  နည်းသည့် ကင်မရာ များမှာ မူ အရောင် တောက်  တောက် ဖြစ် နေသည့် သစ်ရွက် ကို တောက်ပနေသည့် ပုံ အဖြစ် သာ ပုံ ဖေါ် ပေးနိုင် မည် ဖြစ်ပြီး အမှောင်  အောက်ရောက်နေသည့် အလေင်းဖျော့ သစ် ရွက် များကို မူ  ကို မူ အလင်းဖျော့ ပုံ အဖြစ် ဖေါ် ပေး နိုင်မည်  မဟုတ်ဘဲ အမဲ ရောင်  များ ဖြင့် သာ   ပေါ်နေစေ မည်   ဖြစ်ပါသည်။


Dynamic Range  မြင့် သောအမြင့်တန်း  ကင်မရာ ကြီးများမှာ မူ လူ၏  မျက်စေ့ လော က် ကောင်းစွာ မြင်နိုင်အောင် ပုံ မဖေါ် နိုင်စေကာ မူ  ၊ တောက် ပ နေသည့် အပိုင်း ကို  တောက် ပနေသည့်  အလျှောက် ၊ အလင်း ဖျော့သည့် နေရာ များကို လည်း  အလင်း  ဖျော့   အလျှောက် ပုံဖေါ် ပေမည် ဖြစ်ပါသည်။ ဤ ကဲ့ သို့ အလင်း အပြင်း အပျော့ ကို တွဲ ကာ များများ မြင်နိုင် ခြေကို High Dynamic Range ဟု ဆိုပါသည်။




အလင်းရောင်၏ တောက်ပမှုတွင် ရောင်ပြန်နှင့် တိုက်ရိုက် အလင်းရောင်တို့ ၏လွှမ်း မိုး မှု။


အလင်း၏ တောက်ပ မှု အတိုင်းအတိုင်း အတာ ( Light Intensity ) ကို အလင်းပြန်မှု ( Reflected Light ) ၊ အလင်း ရိုက်ခတ် မှု ( Incident Light) တို့ နှင့် ဖေါ်ပြလေ့ ရှိပါသည်။ အောက်ပါ ပုံ မှာ ရောင်ပြန် တောက်ပ မှု များသော ပုံ ဖြစ်ပါသည်။





အောက်ပါ ပုံ မှာမူ တိုက်ရိုက် ရိုက်ခတ် သည့် အလင်းရောင် ဖြစ်ပါသည်။ သို့ ရာတွင် ရိုက်ခတ်သည့် နေရာမညီမျှသည့် ရိုက်ခတ် သည့် ပုံစံ ဖြစ်ပါသည်။





အလင်းရောင်ပြန်မှုအတွင်း၌ အရောင် ပြောင်းလဲ ကွာဟမှု များသည့် အပြင် အလင်းပြန်မှု တွင် ပြင်းပြ သည့် အနက်ရောင်ပါ ပါဝင်နေပါက အဆိုပါအလင်း (Light) ၏ Dynamic Range သည် တိုက်ရိုက် ရိုက်ခတ်သည့် Incident Light  ထက်ပို၍ များ ပေလိမ့်မည်။ ဤကဲ့သို့  ပြင်းပြ သည့် အလင်းရောင်ထဲ တွင် ဓါတ်ပုံ ရိုက်ပါလျှင် Dynamic Range နှစ်ဘက် အစွန်းကို ကိုကျော်သွား နိုင်ပါသည်။ ဆိုလိုသည်မှာ ဖြူလွန်းခြင်း မဲ လွန်းခြင်း များ ဖြစ်သွားပါလိမ့် မည်။


ထို့ ကြောင့် အလင်း၏ Dynamic Range ကို ခန့် မှန်းတွက်ချက်ရာ တွင် အလင်း၏ တောက်ပမှု အမှန် ကို တိုင်း ထွာ (Accurate measurement of light intensity, or luminance ) တွက်ချက်ရန် ကနဦး လိုပါသည်။ အလင်း၏ တောက်ပမှု အမှန် ကို တိုင်း ထွာ ရာတွင် အစဉ် အဆက် Candelas per square meter (cd/m2). မီတာ နှစ်ထပ် ကိန်း ဧရိယာ ပမာဏ အတွင်း တောက်ပသည် ယောင်း တိုင် ၏လင်း နိုင်စွမ်း ဖြင့် တိုင်းတာပါသည်။ ပုံသေနည်းမှာ Candelas per square meter (cd/m2) ဖြစ်ပါသည်။


Dynamic Range of a Digital Camera.
ဤ အကြောင်းအရာ ၏ Technical Detail များသည် များစွာ နက်နဲ အသေးစိတ်ပြီး တွက် ချက် မှု များသည်လည်း သင်္ချာ ဆိုင်ရာ သာမန် တွက်ချက်မှု များထက် မြင့်မားသည့် အတွက်  အဆိုပါ အသေးစိတ်များကို လျှော့ ကာ လက်တွေ့ အသုံးပြု မည့် အချက်နှင့် သက်ဆိုင် သည့် အပိုင်း များကိုသာလျှင် အလေးပေး ဖေါ်ပြပါ မည်။


 Digital Camera တစ်ခု ၏ Sensor တွင် Lens လာသည့် အလင်း ( Photon ) များကို လက်ခံ ပေးသည့် Photosite ဖြစ်သည့် ကျင်း ( Well ) များရှိသည်။ Potential Well ဟုလည်း ခေါ်ကြသည်။ Sensor တွင်ပါရှိသည့် အဆိုပါ Well ( Photosite ) များ၏ အရေ အတွက်သည် Compact ကင်မရာ ထက် စာလျှင် DSLR ကင်မရာ Sensor တွင် ပါသည့် Well ၏ အရွယ် အစား က ပိုကြီးသည်။

Well ( Photosite ) တစ်ခု တွင် ယင်း လက်ခံ နိုင်သည့် Photon အရေ အတွက် ပြည့်သွားပါက အပြင်သို့ လျှံထွက် ကုန်ပါသည်။  အဆိုပါအခြေ အနေ ကို Satuated  Photosite ဟု ခေါ်ပါသည်။ ဤ သို့ အခြေ အနေတွင် ထပ်ဝင်လာ သည့် Photon ကို မှတ်သားနိုင်စွမ်း မရှိ တော့သည့် အခြေအနေရောက် သွားပါ သည်။ ယင်း အခြေအနေ တွင် Sensor က အားလုံးကို  White Level ဟု သတ်မှတ် လိုက်ပါသည်။ အဆိုပါ Photosite တစ်ခု ခြင်းစီအတွင်းရှိ Photon အရေ အတွက် အား အလင်း၏ Intensity  အနိမ့်ဆုံး တိုင်းတာ၍ ရနိုင် သော အမှောင်ဆုံး Photon တစ်လုံး နှင့် စား ကာ အချိုး ချထားသည်ကို Contrast Ratio ဟု ခေါ်သည်။


ကင်မရာ တစ်လုံး၏ Sensor ရှိ Photosite ၏ အတွင်း Photon အရေ အတွက် ကို တိုင်းထွာ ခြင်း နှင့် Photosite ၏ အရွယ် အစား သည် ကင်မရာ တစ်လုံး၏ Dynamic Range ကို အဆုံး အဖြတ် ပေးသော အရာပင် ဖြစ်ပေသည်။ အကြမ်း အားဖြင့် Sensor ကြီး သည့် DSLR ကင်မရာ များ သည် Intensity of Light Variation ကို Compact ကင်မရာ ကဲ့သို့  Sensor ငယ်များထက် ပို၍ ဖမ်းနိုင်စွမ်းး ရှိသည်။ Dynamic Range ပိုများသည်။ ထို့ ကြောင့် Sensor အကြီး ဖြင့် ရိုက်သည့် ပုံများ၏ အဖြူ ရောင်သည် Sensor အသေး နှင့် ရိုက်သည်က ပုံထက် ပို ဖြူ၍ အနက်ရောင် သည်လည်း  Sensor အသေး နှင့် ရိုက်သည်က ပုံ ထက် ပို နက် သည်။ ဆိုလိုသည်မှာ အရောင် များ အား မှတ်သား မှု ပိုမြင့်သည်။


Photon ပြည့်နေသည့် Satuated Photosite,
White Level


Photon မရှိသလောက် ဖြစ်နေသည့် Black Level
(Limited by Noise)


ပုံမှန် အားဖြင့် ကင်မရာ တစ်လုံး၏ Contrast Ratio ကို တွက် ချက်ရာတွင် Photosite တစ်ခု အတွင်းရှိ Photon အရေ အတွက် ကို တိုင်းထွာ၍ရနိုင်သည့် အနိမ့်ဆုံးအဆင့်အထိ ရှိနေသေးသည့် အမှောင် ဆုံးသော Photon တစ်ခု ၏ အလင်းပြင်း အား ဖြင့် စား ခြင်း ဖြစ်သည်။ သို့ ဖြစ်၍ ဥပမာ အားဖြင့် Photosite တစ်ခုအတွင်း၌ Photon 1000 ရှိပါက Contrast Ratio သည် 1000:1 ဖြစ်ပါသည်။


Photosite ကြီးလျှင် Photon ပို များ မည်။ ထို့ ကြောင့် ယေဘူယျ အားဖြင့် Photosite ကြီးသော DSLR ကင်မရာ များ၏ အလင်း မှ အမှောင် သို့ ရွှေ့ သည့် ခရီးတာ Dynamic Range သည် Compact ကင်မရာ များထက် များခြင်း ဖြစ်သည်။


လူ၏မျက်စေ့၏ အလင်း တောက်ပ မှု နှင့် အမှောင် အရောင် နှစ်ခု အကြားရှိ Dynamic Range Ratio သည် အကြမ်း အားဖြင့် 10,000:1 ခန့် ရှိသည်။ ထို့ ကြောင့် အမြင့်တန်း Digital Camera တစ်လုံး၏ Scene တစ်ခု၏ ပုံ ရိပ် ကို ဖမ်း ယူ စွမ်းသည် လည်း လူမျက်လုံးကိုစံ အဖြစ်ထား သဖြင့် အကြမ်း အားဖြင့် 10,000:1 ဖြစ်သည်။


လူ ၏ မျက်လုံးသည်အလင်းတောက်ပမှု အတိုင်းအတာကို ကင်မရာထက် ပို၍ မြင်နိုင်စွမ်းရှိသည်။ ဆိုလိုသည်မှာ ကင်မရာ ဆုံး ဖြတ် နိုင်စွမ်း မရှိသည့် အလင်း၏ တောက်ပမှု ကို  မျက်လုံးက ဆုံး ဖြတ် နိုင်သည်။  အလင်းရောင် ဖျော့ နေသော အခန်း တစ် အတွင်း သို့  ပြူတင်း ပေါက်မှဝင်လာသော နေရောင်တို့ ရောယှက် နေသော အလင်း နှင့် အမှောင် ခြားနား ချက် များစွာ ဖြစ်နေသည့် Scene တစ်ခု၏ Light Accepts Dynamic Range သည် 100,000:1 ခန့် ရှိသည်။


Digital Camera ၏ Dynamic Range  ကို f-Stop ဖြင့် တိုင်းသည်။  ယင်းသည် Total Light Range by powers of 2 , 10 f- Stop  ( 2 to the power 10 ) -210= 1024  , ထို့ ကြောင့် Contrast Ratio သည် 1024 : 1 ဖြစ်လာသည်။ ယင်းအချိုးကို Dynamic Range 10 f-Stop ( Since 210 = 1024) သို့  မဟုတ် EV ဟု ခေါ်သည်။ အသုံး ပြု သည့် အပေါ် တည် ကာ Unit f-Stop ကို “ Zone “ ဟူ၍လည်းကောင်း “ eV “ ဟူ ၍လည်းကောင်း သုံး နှုံးသည်။


လူ၏ မျက်လုံးသည် ကင်မရာ ၏ Dynamic Range ထက် ပို ကျယ် ပြန့်သည်။ အလင်းရောင် အပြောင်းအလဲ တစ်ရပ်၌ မျက်လုံး သူငယ် အိမ် အဖွင့် အပိတ် လုပ် လိုက် လျှင် လူ၏ မျက်လုံးသည် Light Intensity variation ကို  f-18 to 20 Stop အထိ မြင်နိုင်သည်။ Digital Camera အများစုမှာမူ Dynamic Range 10 to 13 Stop အထိသာ ပုံ ရိပ် ကိုဖမ်း နိုင်သည်။ လူ၏ မျက်လုံးသည် အလင်းရောင် နည်း လှသည့် အိမ် အတွင်း မြင် နိုင်သကဲ့ သို့ တောက်ပနေသည့် တိမ် တိုက် ကိုလည်း သဲကွဲ စွာ မြင်နိုင်သည်။ ကင်မရာသည် ဤ မျှအထိ မြင်နိုင်စွမ်း မရှိ။ လူ၏ မျက်လုံးသည် ကင်မရာ၏ အလင်း( Light Intensity ) ကိုမြင်နိုင်သည့် Range ထက် များစွာ ပိုမြင်နိုင်သည်။


Dynamic ranges of common devices

Device
Stops
Contrast
LCD display
9.5
700:1 (250:1 – 1750:1)
DSLR camera (Canon EOS-1D Mark II)
12
4096:1
Negative film (Kodak Vision3)
13
8192:1
Human eye
10–14
1024:1 – 16384:1
(Table - From Wikipedia, the free Encyclopaedia )


လက်တွေ့ အားဖြင့်မူ သာမန်ကင်မရာများတွင် Photon တစ်ခုခြင်းစီ ကို ရေတွက် ခြင်းမပြုနိုင်သည့်အတွက် Texture ကို မှတ်သား နိုင်စွမ်း မရှိတော့ နိုင်လောက် သည့် အမှောင်ဆုံး အရောင် ( Darkest Tone ) Black Level  အခြေ အနေဖြင့် ကန့်သတ် မှု ပြု သည်ဟု လည်း ဆိုကြသည်။ Black Level ကို မူ Photosite အား မည်မျှအထိ တိကျစွာတိုင်းထွာနိုင်သည် ဆိုသည့် Image Noise ဖြင့် ကန့်သတ် ထား ပြန်သည်။ ထို့ကြောင့် ကင်မရာ တစ်ခု ၏ Dynamic Range သည် ယေဘူယျ အားဖြင့်  Lower ISO ၏ Speed  ကို တိုးတက် လာစေပြီး  Image Noise ကို လျှော့ ချပေးသည်။

အထက် တွင် ဖေါ်ပြခဲ့သည် မှာ အလင်း ဆိုင်ရာ Dynamic Range ဆိုင်ရာ Theory နှင့် ပတ်သက် သည့် အကျဉ်း သဘောသာ ဖြစ်ပါသည်။ ဤဘာသာ ရပ်ကို အထူးပြု လေ့လာ ထားသူ များ အနေနှင့်  လိုအပ်နေသည်များကို ဖြည့် ၍ ဖတ်ရှု ကြပါရန် နှင့် ကွဲလွဲ မှုများတွေ့ရှိ ပါက ဖယ်၍ ဖတ်ရှု ကြပါရန် မေတ္တာ ရပ်ခံ အပ်ပါသည်။


 
HDR Photography


Exposure အများ (+EV ) ၊ အမှန်( 0-EV )၊ အနည်း ( - EV ) စသည့် ပုံသုံးပုံ အား HDR  ပုံ တစ်ပုံ ဖြစ်လာ စေရန် ဖန်တည်း သည့် ပုံများ။( Wikipedia)
အပေါ်ဆုံး ပုံ မှာ End Result HDR Image ဖြစ်ပါသည်။


အလင်း အမှောင် ခြားနားလွန်းလှသည့် မြင်ကွင်းတစ်ခု ဥပမာ နေ၀င်ချိန် တွင် နေ (Sun)ကို ရိုက်ပါက  အထက်မှ တောက်ပနေသည့် နေကို Exposure အလောတော် ယူ လိုက်လျှင်  အောက် ရှိ သစ်ပင် ရေပြင်တို့ မှောင်နေပေမည်။ အောက်ပိုင်း ရှိသစ်ပင် ရေပြင် တို့ ကို Exposure အမှန် ယူပြန် လျှင်လည်း အထက် ရှိ တောက်ပနေသော ကောင်းကင် သည် အလွန် ဖြူ သွား ပေလိမ့်မည်။ Split Neutral Density Filter ကိုသုံး လျှင်လည်း ကောင်ကင် နှင့် ရေပြင် တို့ ကဲ့သို့  Sright Line Horizon ဆို လျှင် အကြောင်း မဟုတ်စေကာမူ အလင်း နှင့် အမှောင် အကြား မညီညာသော  Odd-Shaped Mountain သို့ မဟုတ် Open Door Way ကဲ့ သို့ နေရာ များအတွက်မူ အလင်း ချိန် ညှိ၍ မရ နိုင်ပါ။ ထိုအတွက် တည်ထွင် ထားသည့် Filter လည်းမရှိသေးပါ။ HDR သည် ထိုကဲ့ သို့ အခြေ အနေ တွင် ဧရိယာ အလိုက် မျက်စေ့ နှင့် မြင်နိုင်သည့် အနေအထား ကို ကျော်သည် အထိ Camera Dynamic Range စေခိုင်း သည့် နည်း လည်း ဖြစ်ပါသည်။ ဤ သည် မှာ High Dynamic Range photography ပင် ဖြစ်ပါသည်။


HDR သည် ဓါတ်ပုံ ဆိုင်ရာ တွင် မူ လက်ရှိ အသုံးပြုနေသည့် (Standard Digital Imaging Method ) နည်းလမ်း ထက် ပုံ တစ်ပုံ၏ အလင်းဆုံးသော ဧရိယာ နှင့် အမှောင်ဆုံး သော ဧရိယာ နှစ်ခု အကြား အမျှတ ဆုံးသော ကျယ်ပြန့် သည် Dynamic Range ကို  ရအောင် ဆောင် ရွက်သည့် နည်း လမ်း ဖြစ်ပါသည်။ HDR သည် တိုက်ရိုက် နေရောင် အောက် မှသည် အလင်းရောင် ဖြိုးဖြ အရောင်သာ ရှိသည့် ကြယ်ရောင် အောက် စသော အလင်းရောင် အောက် ရှိ  မျက်လုံး ဖြင့်  မြင်ရသော  မြင်ကွင်း (Scenes ) တစ်ခု ၏အမှန်မြင် ရသည့် Intensity Level ကို ပို ၍ မှန်ကန် လာအောင် ဖေါ်ပေးသည် စနစ်လည်း ဖြစ်သည်။


များသော အားဖြင့် ပုံ တစ်ပုံ ကို Exposure အတိုးအလျှော့ အမျိုးမျိုး ဖြင့် ရိုက်ကာ HDR ဖြင့်  ပြန်လည်ပုံဖေါ် ပေးကြသည်။ HDR သည် Image Process လုပ်ရာတွင် Exposure များစွာကို ပြန် ညှိပေးကာ Higher Dynamic Range ကို ဖေါ် ဆောင် ပေးသည်။ ရိုးရိုး ပုံ မှာ မူ Exposure Level တစ်ခု သာရှိပြီး Limited Contrast Range ကိုသာ ပေးသည်။ ထို့ ကြောင့် ကင်မရာ၏ Low Exposure Setting ဖြစ်စေ High Exposure Setting တွင် ဖြစ်စေ ဖြစ်ပေါ်လာသည့်  ပုံ၏ အတောက်ပ ဆုံး နှင့် အမှောင် ဆုံးသော နေရာများတွင် အနုစိတ် Details များ ပျောက် ကုန် သည်။ HDR က အဆိုပါ အချက် များကို အတိုး အလျှော့ လုပ်ပေးခြင်းဖြင့်  ပြန် လည် ညှိပေး ကာ အနု စိတ် များ ပြန်ဖေါ် ပေးသည်။ စင်စစ် အားဖြင့် ပုံ တစ်ပုံ၏ အလင်း နည်းခြင်း ၊ များခြင်း ဖြစ်နေသည့် နေရာ များကို  (Multiple at Different Exposure Levels)  ပုံများအားလုံးကို ပြန်ပေါင်းပေးခြင်း ( Intelligently Stitching ) ဖြင့် အလင်းရောင် မျှတ သည့် ပုံ တစ်ပုံ ဖြစ်လာစေရန် ဖန်တည်း ပေးသည့် နည်း ဖြစ်သည်။


ံMild HDR ပုံ တစ်ပုံ ။


သဘာဝ ဆန်သည့် Mild HDR ပုံ ။


အခြားသော HDR ၏ဖန်တည်း မှု နည်း တစ် ခု မှာ အလင်း နှင့်အရောင် များ ၏ Contrast ကို များစွာ ကြွတက်လာစေကာ တမူ ထူးဆန်း သည့် အနုပညာ အမြင်ပေါ် ပေါက် လာစေရန် လည်း ဖန်တည်း ကြသည်။


 နောင် တွင် ဤ နည်း မှာ ကြည့်သူ ၏ မျက်စေ့ ကို ဖမ်း စား နိုင် လာ သည့် အတွက်  HDR သည် မူ လရည် ရွယ် ချက် ဖြစ် သော ပုံ ကို  လူ မျက် စေ့ ဖြင့် မြင်နိုင် အောင် ဖန်တည်း သည့်  နည်း မှ မျက်ခြေ ပြတ် ကာ အပြင်းစား အရောင် လွှမ်းနေသည့် ပုံ များ ကို သာ HDR ဟု လူသိ များ လာကြသည်။

ယင်း တွင် လည်း အရောင် အပြင်း ၊ အလတ် ၊ အပြာ့ စသည်ဖြင့် HDR မူကွဲ ပုံ အမျိုးမျိုး ရှိသည်ကို အောက်ပါ နမူနာ ပုံ များ တွင် တွေ့မြင်နိုင်ပါသည်။


အနည်း ငယ် Wild ဖြစ်လာသည့် ပုံ။


သဘာဝ နှင့် အနု ပညာ ( Mild and Wild )တို့  အကြားရှိပုံ။


HDR ဖန်တည်းရာတွင် ကွန်ပြူတာ က ဖန်တည်း ပေးသော HDR  နည်းစနစ် နှင့်  Low  Dynamic Range ( LDR ) သို့ မဟုတ်  Standard Dynamic Range ( SDR ) စသည် တို့ဖြင့် ပုံ များပြန်ပေါင်းပေးသည် နည်း ဟူ ၍ ရှိသည်။ Tone Mapping နည်း မှာမူ ပုံ၏ Contrast ကို အနုပညာ ဆန်ဆန် Artistic Effect အဖြစ်ပုံဖေါ် ပေးသည် နည်း ဖြစ်သည်။
HDR နမူနာ ပုံ များ။

နမူ နာ ပုံ များ တွင် ပြေပြစ်သည့် Mild HDR ပုံ ရော Artistic ဆန်ဆန် ဖန်တည်း ထားသည့် Wild HDR  ပုံများပါ ပါရှိပါသည်။

















 

_________________________________________









2 comments:

  1. အကို စိုးလှိုင်အနေနဲ့ ခုလို ပြည့်စုံအောင် ရေးသားထားတာကို ချီးကျူးပါတယ် ခင္မ်

    ReplyDelete