Wednesday 15 January 2014
Bird Hunters
62- Bird Hunter                                    ဓါတ်ပုံပညာ ဆိုင်ရာ မှတ်စုများ ( ၆၂)
Bird Hunters
ငှက် မုဆိုး များ
By Soe Hlaing
ငှက်များကို ဓါတ်ပုံ ရိုက်ခြင်းနှင့် ပတ်သက်၍ မှတ်စုအမှတ် (၂၉ ) ( http://shlaing.blogspot.sg/2012/12/birdphotography-bird-photography-by-soe.html ) တွင် လည်းကောင်း ပျံသန်းနေသည့် ငှက်များကို ဓါတ်ပုံ ရိုက်ခြင်း နှင့်ပတ်သက်၍ မှတ်စုအမှတ် (၄၅ ) ( http://shlaing.blogspot.sg/2013/07/45-bird-in-flightshooting-bird-in.html ) တွင် လည်းကောင်း ရေးခဲ့ ပြီး ဖြစ်ပါသည်။ ရေးခဲ့သည့် အကြောင်း အရာများမှာ Theory ကို အများ စု အခြေ ခံကာ လက်တွေ့ အနည်းငယ် ပေါင်းစပ် ရေးသား ခဲ့ ခြင်း ဖြစ်ပါသည်။
ယခု ရေးမည့် ငှက်များကို ကင်မရာ ဖြင့် ပစ် သည့် ငှက်မုဆိုး အကြောင်း မှာ မူ ငှက်များကို ဓါတ်ပုံ သွား ရိုက် ရာတွင် ကံအားလျှော် စွာ ငှက်များ အား  ဓါတ်ပုံ ရိုက်ရာ တွင် အတွေ့ အကြုံ အလွန်များသည့် ဓါတ်ပုံ ဆရာ များ နှင့် တွေ့ ဆုံ ခွင့် ရ ခဲ့ရာ  ယင်းတို့ ထံ မှ လေ့ လာ ခဲ့ ရသည်များကို ၀ါသနာရှင် မိတ်ဆွေ များထံ ပြန် လည် ဖေါက် သည် ချသည့် အနေနှင့် ရေးသားခြင်း ဖြစ်ပါသည်။
Pasir Ris သို့
အိမ် ၏ အနီး အနားရှိ Little Guilin Lake သို့ လမ်းလျှောက် သွားစဉ် လင်းယုန် ငှက် ကို ဓါတ်ပုံ လာရိုက်နေသူ တစ်ဦးနှင့် တွေ့ခဲ့ရသည်။ Little Guilin Lake  ဘေး ကျောက် တောင် ပေါ်ရှိ သစ်ပင်တွင် လင်းယုန် ငှက် အသိုက်ရှိသည်။ ထိုလင်းယုန်သည် Little Guilin Lake ကန်ရေပြင် သို့ ထိုးဆင်းကာ ငါးကို သုတ် သည့် ပုံ ကို ငှက် မုဆိုး များ ဓါတ်ပုံ လာရိုက်လေ့ ရှိကြသည်။ လင်းယုန် အရှိန် နှင့် ရေ ထဲ ထိုးဆင်း၍ ငါးကို ကိုက်ချီပြီးနောက် ပျံတက် သည့် အချိန် တွင် အလွန် လှသော Eagle Action ပုံ ကို လာရိုက်ကြခြင်း ဖြစ်သည်။ လင်းယုန် သစ်ကိုင်းပေါ် တွင် နားနေသည့် ပုံ ကို မရိုက်ကြပါ။
ဤပုံမှာ ငါးကို လင်းယုန်က ချီကာ ပျံတက် နေသည်ကို နမူနာ အဖြစ် ပြထား သည့်ပုံ ဖြစ်ပါသည်။
အဆိုပါ ဓါတ်ပုံသမားသည် သက်တူ ရွယ်တူလည်း ဖြစ် ဓါတ်ပုံ သမား အခြင်းအခြင်း လည်း ဖြစ် သည် မို့  ငှက်များကို ဓါတ်ပုံ ရိုက် နည်း ကို ဆွေးနွေး ဖြစ်ကြ သည်။ သူက Canon APS-C   ကင်မရာ တစ်လုံးတွင် Sigma 100-500mm တပ်ကာ ရိုက်နေခြင်း ဖြစ်သည်။
Crop-Frame APS-C ကင်မရာ တွင် Full Frame Lens တပ် ရိုက် ရခြင်း မှ Focal Length ပို ရ လို ၍ ဖြစ်သည် ဟု သူ က ဆိုသည်။ သူ၏ Lens မှာ 100-500mm ဖြစ်သဖြင့် Canon  Crop factor အရ Zoom အစ 100mm တွင် ( 100 X 1.6 ) 160mm ရ လာပြီး Zoom ၏ အဆုံး 500mm တွင်မူ ( 500 X 1.6 ) 800mm ရလာသည့် အတွက် အဝေး ရှိ ငှက် များကို ရိုက်ရာ တွင် များစွာ တစ်ပန်း သာ သည်။
ယင်းနောက်  သူ ရိုက် ထားသည့် လှပ သော Kingfisher ငှက်ပုံ များစွာကိုပြ သည်။ သူကပင် ဤ Kingfisher ငှက်ပုံ များကို Pasir Ris Park တွင် ရိုက်ခဲ့ခြင်း ဖြစ်ကြောင်း Park အ၀င် နှင့် မဝေး လှသည့် သစ်သား တံ တားပေါ် မှ ရိုက် လျှင် Kingfisher များ အပြင် အခြားသော ရေ ပျော် ငှက် များစွာ ကို တွေ့ နိုင်ကြောင်း ရင်ဘတ် တွင် အနီရောင် ရှိသည့် အလွန်လှသော Stroke-billed Kingfisher သည် အဆိုပါနေရာ သို့ နံနက် ၁၀ နာရီ နှင့် ၁၂ နာရီ အကြား နှစ်ကြိမ် ခန့်လာလေ့ရှိ ကြောင်း ပြော ပါသည်။
သို့ နှင့် ကျွန်တော် သည် တစ်နေ့ သော တနင်္ဂနွေ နေ့ တွင် Parsir Ris သို့ သွားပါတော့ သည်။ စင်စစ်အားဖြင့် စင်ကာပူ အရှေ့ ဖျား ပင်လယ် ကမ်းခြေ ရှိ Pasir Ris တွင် Kingfisher ငှက်များအတော် စုံစုံ ရှိ သည် ဆို၍ သွားခြင်း ဖြစ်ပါ သည်။ သို့ ရာ တွင် Pasir Ris Park သို့ ရောက်သော် ဘယ်နေရာ သွားရ မည် ကို တိတိကျကျ မသိ။
View of Pasir Ris Park
ထိုအခိုက် တွင် ကြီးမားလှသော Lens ကြီးများ တပ်ထားသည့် ကင်မရာ များကို Tripod အကြီးကြီး  များပေါ်တွင် ဆင်ထား ကာ ထမ်းလာကြသော ဓါတ်ပုံသမား များလာနေ သည်ကို ကံအားလျှော်စွာ တွေ့လိုက်ရသည်။ အမျိုးသားရော အမျိုး သမီးများပါ ပါလာသည့်မိသားစု ဖြစ်ပုံ ရသည်။ ငှက်များကို ကင်မရာ ဖြင့် ပစ် မည့် မုဆိုးများ ဖြစ်ကြ ပေမည်။
မိသားစု အလိုက် ချီတက်လာသည့် Bird Hunter များ
ဟုတ်ပြီ..ဒီ ပစ္စည်းတွေ ကတော့ ငှက် ရိုက်မဲ့ ကင်မရာ ပစ္စည်းတွေဘဲ။ သူ တို့ နောက် လိုက်မှ ဆိုပြီး လိုက်သွားလိုက်ပါတယ်။ သိတ်မလှမ်း လှတဲ့ ရေချောင်း ပေါ် ရှိ တံ တားလေး ပေါ် တွင် သူတို့ တစ်တွေ ကင်မရာ ဆင်တော့ ကိုယ် လည်း လိုက်ဆင် တာပေါ့။  မကြာမှီ အဲဒီလို လက်နက်ကြီးတွေ ကိုင်ထားကြတဲ့ ငှက် မုဆိုးတွေ တဖွဲဖွဲ ရောက်လာ ကြတယ်။ အားလုံးသော သူများသည် သိကြွမ်း ခင်မင်နေသူများဖြစ်ကြသည်။ အမြဲ လိုလာနေကြ သူများ ဖြစ်ပုံရသည်။ မကြာမှီ ငှက်မု ဆိုးတွေ တံတား ပြည့် လု ပြည့် ခင် ဖြစ်သွား သည်။
တဖွဲဖွဲ ရောက်လာကြသည့် Bird Hunter များ။
ဒီလို ကင်မရာ Lens အကြီးကြီးတွေနဲ့  လူအများကြီး တန်းစီနေကြတာ အရေးကြီး တဲ့ သတင်းယူ အတွက်  သတင်းထောက်တွေ ကင်မရာထောင်ထား တဲ့ အတိုင်း ဖြစ်နေလေ တော့ လမ်းသွားလမ်းလာ တွေကလည်း လာ စပ်စုကြ ကြည့် ကြနဲ့ ဖြစ်နေ လေတော့ သည်။
တံတားပေါ် က လက်နက်ကြီးများ နဲ့  ငှက် စောင့် ရိုက် မည့် အဖွဲ့ အပြင် Focal Length ရှည်တဲ့ Lens များ နဲ့ လမ်းလျှောက် ဓါတ်ပုံ ရိုက်နေကြသူများ ကလည်း မနည်းလှ။ သူ တို့ ကလည်း Park ထဲ ငှက် လျှောက် ရိုက်ရင်း ရလာတဲ့ ရှားပါး ပုံလေးများကို ပြ ကြတယ်။ အထူးသဖြင့် Eagle များ ပျံနေသည့် ပုံ ၊ အကိုင်း ပေါ် နားရန် ဆင်းလာတဲ့ ပုံ စသည် တို့ ကို ဂုဏ်ယူ စွာ ၀မ်းသာ အားရ ပြကြပါသည်။
အရာရာ တိုင်းတို့ ၏ ဂုဏ် ရည် ဆိုသည်မှာ   နှိုင်းရပ် ( Relative ) သာ ဖြစ်သည်။
ငှက် ရိုက်ဘို့  ကျွန်တော် ယူသွားတဲ့ Lens က Nikon 80-400mm AF S  G  ED VR ပါ။ အမှန် ပြောရရင် ကိုယ့် အရပ်ထဲ မှာ လမ်းသလားကာ ရိုက်နေတုန်းက ဒီ  Lens အတော်ကြီး တာဘဲ၊ ငါ အတော် ဝေး ဝေး ကို ဆွဲ ရိုက် နိုင်တဲ့ အကောင် ဘဲ လို့ ခပ် ကြွ တတ  မြောက်တောက်တောက် ဖြစ်ခဲ့ မိပါတယ်။
အခု ကြတော့ ကိုယ့် Lens က ဆင် တွေ အကြားရောက်သွားတဲ့  ဆိတ်  ပမာ ဖြစ်သွားပါတယ်။
အောက်ပုံ ရှိ Foreground မှကြည့်ပါက တတိယမြောက် ကင်မရာ မှာ ကျွန်တော့် ကင်မရာ ဖြစ်ပါသည်။
အောက်ပုံ ရှိ Foreground မှကြည့်ပါက ရှေ့ ဆုံးရှိ ကင်မရာ မှာ ကျွန်တော့် ကင်မရာ ဖြစ်ပါသည်။
အခြားသော ဘက်စုံ စွမ်းအားကောင်း လှ သည့် ကင်မရာ ကြီးများ
သည်အချိန်တွင် ကျွန်တော် မန်း တက္ကသိုလ် ၌ ရူပဗေဒ ဘာသာရပ် တတိယ နှစ် တွင် Ernestine ၏ Relativity Theory သင်ခဲ့ ရစဉ်က အားလုံးသော အရာများ ၏ ဂုဏ်ရည် ဆိုသည် မှာ  Relative သာ ဖြစ်သည်ဆို သည့်  မြန်မာလို နှိုင်းရပ် သီဝရီ  ကို ပြန်သတိ ရမိပါသည်။
အရာရာတို့ ၏ မြင့်သည် နိမ့်သည် ၊ တိုသည် ရှည် သည် ၊ ကြီးသည် ငယ်သည် ၊ ဖြူသည် မဲ သည် စသည့် ဂုဏ်ရည် သတ်မှတ် ချက်တို့သည် ပကတိ (Absolute ) ဟူ ၍ မရှိ အားလုံးသော အရာ ခပ်သိမ်း တို့ ၏ အရည်အချင်း သည် နှိုင်း ရပ် သဘော ( Relative ) သာ ဖြစ်သည် ဟု ဆိုပါသည်။
ခုတ်မောင်းနေသည့် မီးရထား ပေါ်ရှိ ထိုင်နေသည့် လူ သည် လမ်း ဘေး ရှိ ဓါတ်တိုင် နှင့် နှိုင်းယှဉ် လျှင် ရွေ့ လျှားနေသည်။ သို့ သော် မီးရထား၏ ထိုင် ခုံ နှင့် နှိုင်း ယှဉ် ပါမူ ရပ်နေသည် ဟူ၍  Relativity Theory ကိုသင်ကြားပေး သည့် ထိုစဉ်က ရူပဗေဒ ကထိက နောင်တွင် ရန်ကုန်တက္ကသိုလ် ပါမောက္ခ ချုပ် ရာထူးဖြင့် အငြိမ်း စားယူသွားသော ဆရာ ဦးတင်ဦးလှိုင် ပြောခဲ့သည့် ဥပမာ ကို ယနေ့ အထိသတိ ရနေဆဲ ဖြစ်ပါသည်။
အရပ် ၅ပေ၉လက်မ ရှည်သူသည် အရပ် ၅ပေ၆လက်မ ပတ်ဝန်းကျင် ရှိသူများအကြားတွင် အရပ်ရှည် တဲ့သူ ဟု ဆိုငြားသော်လည်း အရပ် ၆ပေ ကျော် ရှည် သည့် လူများအကြား တွင် မူ လူ ပု ဖြစ်သွား ပေသည်။
နွားခြေရာ ခွက်ထဲ ရှိဖါးသူငယ် သည် အနှိုင်းမဲ့သော အခြေအနေ၌ ထိုနေရာ မှာကြီးကျယ် လှသည့်  သူ၏ကမ္ဘာ ကြီး ဖြစ်သည် ၊ ငါ နှင့် ငါ သာ နှိုင်းစရာ ဟု ထင် တတ် သည် ဆိုသည့် သဘော ကို သတိချပ်စေသည့် ဖြစ်ရပ် တစ်ခု ဖြစ်ပါသည်.
ဝါ ရင့် ငှက် မုဆိုး များက အတွေ့ အကြုံကို မျှဝေပေးခြင်း။
မုဆိုးကြီးများ ဓါတ်ပုံ ရိုက် နားသည့် အချိန် တွင် သူတို့ ကို ငှက် ရှာပုံ ရိုက်ပုံ ရိုက်နည်း ကိုမေး ရပါတယ်။ သူတို့ ကလည်း စိတ်ရှည် စွာ ရှင်းပြပါတယ်-
·        ငှက်များ၏ အလေ့ အထ နဲ့ သွားလာနေကျ နေရာ နဲ့ အချိန် စသည် များကို သိထား ဘို့ လိုကြောင်း၊
·       ထိုနေရာ ကို Standby ချိန် ထားရန် လိုကြောင်း၊ ၄င်းတို့၏ လှုပ်ရှားမည့်      အခြေအနေကို မျက်ခြေ မပြတ် စောင့် ကြည့် နေရန် လိုကြောင်း၊
·        Kingfisher လို ငှက် မျိုး ကို ပျံ နေသည့်အချိန် ရိုက် ဘို့ အတွက် ၄င်းတို့  စားလေ့ ရှိသည့် ငါး များကို ချပေးရကြောင်း၊ မည်သည့် အချိန် အစာ ကို လာကောက်မည်ကို အတတ်ပြောရန် ခက်ကြောင်း၊ သည်းခံ ကာ စောင့်ရမည်သာ ဖြစ်ကြောင်း၊ အစာလာကောက်သည့် ရှာရှားပါးပါး အချိန် ကို လုံးဝ လက်လွတ်ခံ ၍ မဖြစ်ကြောင်း၊
·        ကင်မရာ၏ Focusing Area Mode ကို 3D Dynamic သို့ မဟုတ် Wide Area Dynamic, ထားကာ Focusing Mode ကို AF-C, နှင့် ရိုက်ကြောင်း၊ Shooting Mode ကို မူ သန်ရာ သန်ရာ ရိုက်နိုင်ကြောင်း သူတို့ ကမူ Aperture Priority နဲ့ ရိုက်ကြောင်း၊ Programe နဲ့ လည်း ရိုက်နိုင်ကြောင်း၊
·        ငှက် နားနေသည့် ပုံ ထက် အစာ ကို ရေထဲ သို့ ဆင်းသုတ်သည့် အချိန် နှင့် ပျံ တက်သည့် အချိန်  တွင် ရိုက်ရ သည့် ပုံက များစွာ တန်ဘိုး ရှိ ကြောင်း ၊
·        ထို သို့ ပုံ များ ရိုက်ရန် အတွက် Subject ဖြစ်သည့် ငှက် ပျံ နေသည်ကို Freeze လုပ်နိုင်ရန် Kingfisher ငှက်ကဲ့ သို့ အလွန်မြန်သည့် ငှက် အတွက် Shutter Speed သည်  1/2000 Sec. ခန့် ရှိရန် လိုကြောင်း၊
·        အမြန် ပျံနေသည့် ငှက် ကို Freeze လုပ် နိုင်မည့် Speed ရရန် အတွက် ISO ကို တင်ပေးရန် လိုကြောင်း၊
·        ၄င်းတို့ ကင်မရာ၏ Flash Gun တပ်သည့်နေရာ တွင် တပ်ထားသည် Scope မှာ စင်စစ်အားဖြင့် သေနပ်ပစ်သည့် အခါ သုံးသည့် Sight ဖြစ်ကြောင်း၊ စင်ကာပူ တွင် Sim Lim Square ၆ ထပ် ရှိ ဆိုင် တစ်နေရာထည်း မှာသာ ရ နိုင်ကြောင်း၊
·        ၄င်းတို့ သည်လည်း လေ့ကျင့်ရင်း ၊ လေ့လာ ၊ လေ့လာရင်း လေ့ကျင့် နေကြရသည် သာဖြစ်ကြောင်းပြောပါသည်။
"  ဘာဖြစ် လို့   အတော်မြန်မြန် ပျံ တဲ့ ငှက်ကို မှ ခက်ရာ ခဲ ဆစ် အပင်ပန်းခံ ပြီး ရိုက်ကြ တာလဲ "  လို့     ငှက်မုဆိုး ကြီး တွေ ကို မေးကြည့်တော့ -
 "  Changeling  ဖြစ် လို့ပေါ့ ဗျာ။ ခက် တာကို ရအောင်လုပ်နိုင်တယ်ဆိုတဲ့   (Satisfaction ) ကြေ နပ် နှစ်သိမ့် မှု ကို လိုခြင် လို့ ပေါ့ ဗျာ။ ဥပမာ  ပြောရ ရင် ဗျာ... ဧ၀ရက် ( Everest )  တောင်တက် လို့   Summit ရောက်တဲ့ အခါ  ရုပ်ဝတ္တု ဆိုင်ရာ ဘာရ သလဲ ၊ ဘာမှ မရ ပါဘူး ။ သို့သော် ဘယ်လိုပင် ခက်ခဲ ပါစေ လူ ဆိုတာ က ရ အောင် လုပ်နိုင်တယ် ဆိုတဲ့  ခံစားမှု မျိုးပေါ့ ဗျာ ။ အဲဒါ မျိုး နဲ့ ယှဉ်လိုက် တော့ အခု ကျွန်တော်တို့ လုပ်နေတာက  ဘာမှ ပြောပလောက်တဲ့ အရာ မဟုတ်သေးပါဘူး။ "    
လို့ ဖြေကြပါတယ်။
ထိုနေ့ က ကျွန်တော် သည် ပျံ နေသည့် ငှက် ပုံ ကောင်းကောင်း မဆိုထားနှင့် နားနေသည့် ငှက် ကလေး ၃ ပုံ ၄ ပုံ လောက်ကို သာ အတော် ရိုက် ခဲ့ရပါသည်။ သူတို့ က ရိုက်ထားသည့် ပုံ ကို လာ လာကြည့် ပေးပါသည်။ လက်ခံ နိုင်လောက် သည့် ပုံ ကို ဒီပုံ လောက်ဆို ရပြီ ဟု ပြော ပါသည်။
ကျွန်တော့် အား အတွေ့ အကြုံ မျှဝေပေးသူ။
 Lens ကြီး များ၏ စွမ်း ဆောင် မှု။
ဝါရင့် သဘာရင့် ငှက် မုဆိုး တို့ ၏ Lens တွေ အကြား မှာ ကျွန်တော် ယောင်ခြာခြာ ဖြစ်သွားပါသည်။ ငှက်များကို ဓါတ်ပုံ ရိုက်ရာတွင် ပုံ ကြီးကြီး ရရန် တတ် နိုင်သမျှ အနား ကပ် ရိုက် ရမည် ၊ Frame ကို နေရာ လွတ် မထားရ ဆိုသည့် Wildlife Photography ဥပဒေ သ ရှိ ပါသည်။ သို့ ရာ တွင် သဘာဝ အတိုင်း  ရှိနေကြသည့် ငှက်များ သည် အိမ်မွေး သတ္တ၀ါ ကဲ့သို့ လူအနားကပ် မခံ ပါ။ အနီးသို့ တတ်နိုင်သမျှ ကပ် ရိုက်ရမည် ဆိုသော်လည်း လက်တွေ့ တွင် ထင်သလောက် မလွယ်လှ။ အဝေး မှ Long Tele များ၏ အကူအညီ ဖြင့်သာ ရိုက်ရ သည်က များပါသည်။
အတော် ကံကောင်းလို့ ကိုယ့် အနားလာ နားသည့် ငှက် ကတော့ ရတောင့် ရခဲ အခွင့်အရေးပါ။ များသော အားဖြင့် အဝေးမှ နေ၍သာ ရိုက်ကြရသည်။ အချိန် တို အတွင်း Focal Length ရှည်ကာ  Aperture ကျယ်ပြီး Focusing မြန်သည့် Lens ကြီး များကိုသာ အားကိုး ကာ ရိုက်ကြရပါသည်။ ၄င်းတို့ Lens များ ကို လိုက်ကြည့် ကာ စပ်စု မိသလောက် Nikon ရော Canon ပါ 600mm, f-4 ကြီးတွေ ဖြစ်ကြသည်။ အသေး ဆုံးက 500mm ဘဲ။ အချို့ Lens များမှာ  သည်ထက် ပင် Focal Lemgth ပိုရှည် သည့် Lens များ ဖြစ်ပုံရသည်။   
အဆိုပါငှက် မုဆိုး များသည် ငှက် များကို နားနေ စဉ် ရိုက်သည်ထက် လှုပ်ရှားပျံသန်း နေသည့် Action  ကို အဓိက ရိုက်ရန် အတွက် ပြင်ဆင်ထားကြ သည် ကိုတွေ့ရသည်။ ထို့ ကြောင့် Focusing မြန်သည့် Lens များ နှင့် Continuous Speed နှင့် ရိုက်ပါက အနည်း ဆုံး တစ်စက္ကန့် အတွင်း (၆) ပုံလောက်ရသည် ကင်မရာ မျိုး ကို သုံးကြသည်။
အဆိုပါနေ့ တွင် ရိုက်ကြသည့် ငှက်များသည် ပျံသန်း ရာ တွင် အလွန်မြန်သည့် ငှက်များ ဖြစ်ရာ အဆိုပါ ငှက်များ အရှိန် နှင့် ပျံနေစဉ်  Subject အား ကင်မရာ View Finder အတွင်း မှ ခြောင်းကြည့် ကာ လိုက် ချိန် နေလျှင် Subject နောက်သို့ Focusing လိုက်ချိန် ရန် အခက်အခဲ ရှိသည့်အတွက် ကင်မရာ၏ Flash တပ်ဆင်သည့် နေရာ တွင် ပစ်မှတ် ပစ်သည့် သေနပ် တွင်  တပ်ဆင်သော  Sniper Scope ကဲ့သို့  Sight  ကို တပ်ထား ကြသည်။
အလွန်မြန် ဆန် စွာ ပျံသွားသည့် ငှက် ကို ကင်မရာ View Finder မှ မကြည့်ဘဲ အဆိုပါ Scope ( Sight) မှ ကြည့် ကာ သေနပ် နှင့်ပစ်သကဲ့သို့ လိုက် ရိုက်ကြပါသည်။ ထိုအရာ မှာ အောက်ပုံ ၏ Foreground ရှိ ကင်မရာ အပေါ်Flash Gun တပ်သည့် နေရာတွင် တပ်ဆင် ထားသည့် အရာ  ဖြစ်ပါသည်။
 ကျွန်တော် Focusing အတွက် အလုပ် ရှုပ် နေသည့် အချိန် တွင် Lens ကြီးတွေ က တိုတောင်းလှသည့် အချိန် အတွင်း မှာ ပင် ကွက်တိ ချိန်ပြီး တိကျသော Tracking ဖြင့် ပုံတော်တာ် များများ ရိုက်ပြီး ဖြစ်နေသည်။
ကိုယ်မှာ က Lens အတွင်း မှနေ၍ Subject ကိုအတော် ရှာ ရသည် တွေ့ပြန်တော့လည်း Focus Tacking မိအောင် အတော် လုပ်ယူရသည်။ 80-400mm သည် တော်ရုံ တန်ရုံ အကွာ အဝေး တွင် အခက်အခဲ မရှိသော်လည်း ယခု ကဲ့သို့ အတော် ဝေးသည့် နေရာ  မှ သေးငယ် လှသည့် Subject နောက်သို့ လိုက်ရာ တွင်မူ Lens ကြီးများကို မှီအောင် မလိုက် နိုင် သည်ကို တွေ့ လိုက်ရပါသည်။
အောက် ပုံ မှာ practicing တွင် Crop-Frame 600mm  ( Full Frame 400mm)  ဖြင့်  ကျွန်တော် အတော် ကျိုးစား ရိုက်ခဲ့သည့် ပုံ  ဖြစ်ပါသည်။ ၀ါရင့် များ သူတို့ ၏ Lens ကြီးများ နှင့် ရိုက်ထားသည့်ပုံ ကို လိုက်ကြည့်ရာ ၄င်းတို့၏ပုံများ မှာ များစွာ ကြည်လင် ပြတ်သား လှသည်ကိုတွေ့ ရ ပါသည်။ ကျွန်တော့် ပုံ နှင့် တစ်ခြားစီ ဖြစ်ပါသည်။
သည်နေရာ တွင် ပစ္စည်း ကိရိယာ ၏ အရေးပါ မှု မှာ အတော် အရေး ကြီးသည် ကိုတွေ့ လိုက်ရပါသည်။ ကင်မရာနောက် က လူ သည်လည်း သူ့ ကို ဇက်ကိုင် တတ် ဘို့ လိုပါသ ည်။ ပစ္စည်းတစ်ခုထည်း ကောင်းရုံမျှ ၊ လူ တစ်ဦး ထည်း တော်ရုံ မျှ နဲ့ ဤ ကဲ့ သို့ ခက်ရာ ခက်ဆစ် ရိုက်ရသည့် နေရာ မျိုးတွင် ပုံ ကောင်း မရ နိုင် ဆိုသည် ကို ကောင်း စွာ သဘော ပေါက် မိပါသည်။ 
ဓါတ်ပုံ ကို ဘာသာရပ်အလိုက် အလေးထားကာ ရိုက်ကြမည် ဆိုပါက ဘာသာရပ် အလိုက် သက်ဆိုင်ရာ အထောက်အကူပြု သီးသန့် ပစ္စည်းများ လိုပါမည်။ အနုစိတ် ရိုက်လျှင် Macro Lens နဲ့မှ သာ အသေးစိတ်များကို တိကျ စွာ ဖေါ် ပေးနိုင်မည် ဖြစ်သကဲ့သို့ ယခု ကဲ့ သို့ Wildlife  ရိုက်ပါက စွမ်းအားကောင်းသည် Long Tele များနဲ့  ရိုက်ပါမှ ထိပ်တန်း ပုံများရနိုင်ပေမည်။ မည်ကာမတ်တပ် မှတ်တမ်း သဘော ပုံ ထွက်ရင် ပြီးရော ဆိုသည့် ပုံ မျိုး ကို မဆိုလိုပါ။
လူ၏ အတွေ့ အကြုံ အရေးပါမှု။
 ကျွန်တော် ငှက် များကို ဓါတ်ပုံ ရိုက်ရန် လိုက်ရှာသည်။ ငှက် တစ်ကောင် တစ်မြီး မှ မတွေ့ ရပါ။ သို့သော် ဘေးဘက်ရှိဝါရင့် ဆရာ ကြီးများ က မူ တချပ်ချပ် နဲ့  ရိုက်နေကြပြီ။ သူတို့  ကင်မရာချိန် ထားသည့် ဘက်သို့ လိုက်ကြည့် ရာတွင်လည်း ဘာငှက် ကိုမှ မတွေ့။ သို့ နှင့် သူတို့ အရိုက် ရပ်မှ မေးကြည့်ရာ သူတို့ က ငှက်ကို ပြသည်။ သို့ သော် ကျွန်တော် အတော် နှင့် မမြင်ရ။ အတော်ကြီး ကို ပြတော့ မှ သာ မြင်သည်။
အောက်ပါ ငှက် ပုံ များမှာ ၀ါရင့် ငှက် မုဆိုးများ စိတ်ရှည် လက်ရှည် အတော် ပြမှ ရိုက်ဖြစ် လိုက်သည့် ပုံများ ဖြစ်ပါသည်။ ကိုက် ၂၅၀ ခန့် ဝေးသည့်နေရာ လောက်မှ Crop Factor 600mm ဖြင့် ရိုက်ထားသည့် ပုံ များ ဖြစ်ပါသည်။
အောက်ပါ ပုံများမှာ ၀ါရင့် ငှက်မုဆိုးကြီး များ ပြမှ သစ်ကိုင်း သစ်ရွက် တို့ အကြားမှ လှန်လှော ရှာ ၍ အတော်ကြည့် ယူကာ ရိုက်ထားသည့် ပုံ များ ဖြစ်ပါသည်။
Stork-billed Kingfisher
Stork-billed Kingfisher
Collared Kingfisher
Common Kingfisher.
White Throated Kingfisher
White Throated Kingfisher
မုဆိုးကြီးများသည် အဆိုပါ ငှက်များ အပျံ ကို စောင့် ရိုက်ကြပြန်သည်။ ဘယ် အချိန် တွင် ပျံ မည်ကို ကိုယ်က မသိ၍ တောင်လုပ် မြောက် လုပ် လုပ်နေစဉ် ဘေး မှ တစ်ချပ်ချပ် နှင့် ရိုက်သံ ကြား လိုက်ရ၍ကြည့်လိုက် တော့ ငှက် က ပျံ သွားပြီ။ သူတို့ ကတော့  ရိုက်ပြီး သွားကြပြီ။ ကိုယ် လိုက် ရိုက်တော့ အမြီး လောက်တောင် အတော်အမှီ အောင် လိုက် ရိုက် လိုက်ရသည်။
 လက်နှေးသည့် အတွက် မမှီ မကမ်း လှမ်း ရိုက် လိုက်ရသည့် ငှက်များ။ ထို့ ကြောင့် လို အပ်သည့် အနေအထားမျိုး မရ လိုက်ပါ။
ထိုနေ့တွင်တွေ့ လိုက်ရသည့် ငှက်များကို အထူးပြု ရိုက်နေသူ များသည် ငှက် အတော် များများ၏ အမည်ကို သိကြသည်။ ၄င်း တို့ အမည် မသိသည့် ငှက် က နည်းသည်။
ထိုနေ့ က ကျွန်တော် ပစ်ခဲ့သည့် ငှက်များ။
Little Heron
White breasted Waterhen
Gary  Heron
Lace Woodpecker
သင်တန်းပြီးဆုံးသော်။
T-Shirt  လက်ရှည် အစိမ်း နှင့် ကျွန်တော်၏ သင်တန်း ဆရာ။
ကျွန်တော့် အနေနှင့်မူ ထိုနေ့ တွင် ငှက်များ ဓါတ်ပုံ ရိုက်ခြင်း နှင့်ပတ်သက်၍ လက်တွေ့ သင်တန်း ကလေး တစ်ခု တက်ခွင့် ရလိုက်သည်ဟု သဘောထားပါသည်။
 အလင်းရောင် အတော်နည်းလာသည့် အချိန် တွင် ကျွန်တော် က စင်ကာပူ အရှေ့ ဖျား မှ အနောက် ဖျား အထိ ပြန်ရမည် ဖြစ်၍ ၀ါ ရောအသက်ပါ ကြီးသည့်  ငှက်မုဆိုး  ကြီးကို ကျွန်တော် ပြန် တော့ မည် ဖြစ်ကြာင်း နှုတ်ဆက် ရာ သူက-
 “ ခင်ဗျား အခု ငှက်  ၃-၄ ကောင် လောက် ရလိုက်ပြီ အိမ်ပြန်ရောက် ရင် ကြော် စားပေတော့ ၊ I mean, fry it on your Computer “ လို့ မှာ လိုက် ပါတယ်။
ကျွန်တော် ကလည်း Thank you ပြောကာ ပြန်ခဲ့ရပါတယ်။
________________________________
4 comments:
  1. ဆရာ ရေ ဆက်ရေးပါဦး . . . .
    သင်ယူလျက်ပါ။
    ReplyDelete
  2. အရေးအသားကောင်းကောင်းနဲ့ ရှင်းပြသွားတာ
    ဖတ်ရတာ မြှိန်စရာ ကောင်းလိုက်တာ ဆြာရေ.. .
    ဗဟုသုတ လဲရပါပေတယ်..အခွင့်ကြုံရင် မလေးရှားဘက်လှည့်လာခဲ့ပါအုံးဆြာ
    လံဂါဝီ ကို လိုက်ပို့ပေးပါ့မယ် အဲ့မှာ တော့ ငှက်မျိုးစိတ် စုံသလို သဘာဝ
    ရှုခင်းတွေလဲ တော်တော် ကောင်းတယ်ဆြာ..
    ReplyDelete