Sunday 2 August 2020

နွေလယ်မှာရွာ ပါတဲ့ မိုး





“ နွေရဲ့ အလယ်မှာ ရွာ ပါတဲ့ မိုး “



မောင်  ( မန်း တက္ကသိုလ် )



(၁)


  မြလေး ကို အကူအညီ တစ်ခုတောင်းရဦးမယ်။ အကူအညီဆိုတာထက် ဇွတ် အတင်း ခိုင်းရ တော့ မယ့် ကိစ္စလို ဖြစ်နေတယ် မြလေး “

မြလေးညို နဲနဲ အတွေးရ ခက်သွားသည်။

“ ဘာကိစ္စ မို့ လို့ လဲ ဆရာ “ 

“ ASEAN Family  မိသားစုပွဲကို ဒီလ ကုန်မှာ ကျင်းပမယ်။ အဲ ဒီပွဲမှာ ASEAN  အဖွဲ့ဝင်နိုင်ငံ သံရုံးတွေက နိုင်ငံအလိုက် ရိုးရာပစ္စည်းတွေ၊ အစားအသောက်တွေ ရောင်းချတာတို့ ရိုးရာ အကတွေ တင်ဆက်တာတို့ ပါမယ်၊ အားလုံး က Charity အတွက်ပါ။

အက ဆိုတာနဲ့ သိတ် ခက်ရာ ခက်ဆစ် မတိုက်ရမဲ့   မြလေးလို ကောင်းကောင်းကတတ်တဲ့သူကိုသတိရမိတယ်။ နောက်ပြီး မြန်မာအစီ အစဉ်ကိုလည်း ထူးထူးခြားခြားလေး ဖြစ်အောင် လုပ်မယ်လို့လည်း စိတ်ကူးထား တယ်။ မြလေးလို လူမျိုး နဲ့ဆို အတော်ဘဲ 

  မြလေး တစ်ယောက်ထဲ က တာထက် သင်းသင်းကိုပါ က  ခိုင်းပါလား ဆရာ “

“ အောင်မလေး  မလုပ်ပါနဲ့ မြလေးရယ် သင်းသင်း က လက်တောင် ဟုတ်တိ ပတ်တိ မမြှောက် တတ်တာ သိသားနဲ့ “

သင်တန်း ဖေါ်သင်းသင်းသွယ် က အကြောက်အကန် ငြင်းတော့သည်။

   ဒါထက် ဘာသီချင်းနဲ့ က ရ မှာ လဲ ဆရာ “

“ မြူး မြူး ကြွကြွ လေး ဖြစ်တဲ့အပြင် အာဆီယံနိုင်ငံတွေ ခံစား လို့ရတဲ့ သကြန်မိုးထဲက - နှစ်သစ် မင်္ဂလာ - သီချင်း နဲ့ က ရင်ကောင်းမယ် ထင်တယ်၊ မြလေး အဆင်ပြေမလား 

“ ကောင်းတယ်ဆရာ  ခတ်မြူး မြူး အကလေးက မြလေးအတွက် လဲပိုအဆင် ပြေပါတယ် “

  အေး ..... အက တိုက် တဲ့ နေ့ ကတော့ ရုံး ပိတ်ရက်  ဖြစ်လိမ့်မယ်။ ကိုယ် ကြို ပြော မယ်။ အဲ ဒီနေ့ နှစ်ယောက်စလုံးကို ကိုယ် လာခေါ် ပါ့ မယ် “

         မြလေးညိုနှင့် သင်းသင်းသွယ် တို့သည် စွမ်းအင်ဆိုင်ရာ ဓါတုဗေဒ သုတေ သန  ဦးစီး အရာရှိ များဖြစ်ကြသည်။ တောင်အာဖရိကနိုင်ငံ ပရီတိုးရီးယားမြို့သို့ ကမ္ဘာ့ကုလသမ၈္ဂ စက်မှု တိုးတက်ဖွံ့ဖြိုး တိုးတက် ရေးအဖွဲ့၏ အထောက်အပံ့ဖြင့်  Sasol Oil and Gas Co. တွင်  Fischer-Tropsch Technologies & Synthetic Fuels and Chemical ထုတ်လုပ်ရေးဆိုင်ရာ ဆောင်ရွက်မှုများ အတွက် သင်တန်းသို့ လာရောက်တက်နေသူများဖြစ်သည်။ ရဲရဲတင်းတင်း ပွင့်ပွင့်လင်းလင်းရှိ ကြပြီး နှစ်ဦးစလုံးမှာ သွယ်သွယ်၊သွက်သွက်၊ထက်ထက်ကလေးများဖြစ်ကြသည်။ သင်းသင်း သွယ် က ဖြူ၍ မြလေးညိုက အရပ်နည်းနည်း ပိုရှည်ကာ အသားဝါလေး နှင့် ဖြစ်သည်။

         ရှားရှားပါးပါး တောင်အာဖရိကရောက် ပညာသင်များလည်းဖြစ်၊ မိန်းကလေး များလည်း ဖြစ်၍ မြန်မာသံရုံးအနေနှင့် များစွာဂရုစိုက်ရသည်။ ရောက်စတွင် အာဖရိက၏ အနေအထိုင် အစား အသောက်နှင့်အတော် ဇကောဇက ဖြစ်နေ၍ သံရုံးဒုတိယအကြီးအကဲ သံမှူးးဖြစ်သူ မောင်မောင်စိုး က Sasol Oil and Gas Co. မှသင်တန်းတာဝန်ခံဖြစ်သူ မစ္စဒီဒီဇာ နှင့်ညှိနှိုင်းပေးခဲ့ရသည်။

      နေသားကျစေရေးအတွက် မောင်မောင်စိုး နေ့စဉ် ဆိုသကဲ့ သို့ပင်  မြလေးညို တို့ အဆောင်သို့ သွား ကာ လိုအပ်သည်များကို စီစဉ်ပေးရသည်။ သို့နှင့် မြလေးညို နှင့် သင်းသင်းသွယ် တို့ နေ့ရောညပါ ပေါင်မုန့် နှင့် အသားဘူး စားရသည့် ဘဝ က လွတ်သွားသည်။ နေ့စဉ်ရက်ဆက်  ပေါင်မုံ့ကို ဆက်တိုက် စားနေရတော့ ရင်ပူလာကြသည်။ နောက်တော့ မစ္စဒီဒီဇာက လျှပ်စစ် ထမင်းအိုး၊ ချက်ပြုတ်ရန် အိုးခွက်များနှင့် ဆန်၊ ကြက်ဥ၊ အသား စသည်တို့ကို အဆောင်သို့ ပို့ပေးသဖြင့် မြလေးညို တို့ ထမင်းစားနိုင်ခဲ့ကြရသည်။ သူတို့ မောင်မောင်စိုးကို ကျေးဇူးတင် လိုက်သည့် ဖြစ်ခြင်း။

         မြလေးညိုနှင့် မောင်မောင်စိုးတို့မှာ ရန်ကုန်ထည်းက သိနေကြသူများ ဖြစ်သည်။ မြလေးညို ကောင်းကောင်း က တတ်သည်ကိုလည်း မောင်မောင်စိုး သိထားသည်။ ယခင်ထဲက သိနှင့်ကြသူများလည်းဖြစ်၊ အထူးသဖြင့် မြလေးညိုကို ပြန်လည် ပေးဆပ်ရမည့် အကြွေးလေး ကလည်းရှိနေ သည် မို့မောင်မောင်စိုးသည် တာဝန် ထက်ပိုသောဝတ္တရားများ ဆောင်ကျဉ်းပေးခဲ့သည်။ မစွမ်းရင်း ကလည်းရှိ ကစွန်းခင်း ကလဲညိ ထားခဲ့သည်မို့ စေတနာတွေက ပိုနေသည်ပေါ့။ 


         သည် နှစ်ဦးသိရသည်ကလည်း ခတ်ဆန်းဆန်း။ မောင်မောင်စိုး နိုင်ငံရေးရာဦးစီးဌာန တွင် ဒုတိယညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်နေစဉ် ညွှန်ကြားရေးမှူးချုပ် ကခိုင်းသဖြင့် အခြခံ သံတမန်ရေးရာသင်တန်း တွင် “ အိမ်နီးခြင်း နိုင်ငံများ၏ နိုင်ငံရေးအခြေအနေ “  ဘာသာရပ် ပို့ချစဉ်က ဖြစ်သည်။

         မြလေးညို သည် ရှေ့ဆုံးတန်းတွင် အစဉ်ထိုင်လေ့ရှိသူ၊ အားလုံးထက် ပို၍ပေါ်လွင်သည့် ရုပ်ရည်အသွင်အပြင်နှင့် ချစ်ဖွယ်ရာသောအမူအယာရှိသူ၊ ရှေ့တည့် တည့်တွင် အစဉ်တွေ့နေရသူ ဤသို့ ဤသို့ သော အကြောင်းများကြောင့် မောင်မောင်စိုး သည် မြလေးညိုအား အခြားသော သင်တန်းသူများထက် ပို၍ စွဲစွဲမှတ်မှတ်ဖြစ်မိသည်။

         သင်တန်းမှာ ရုံးဆင်းပြီးချိန် ညနေခင်း သင်တန်းဖြစ်သည်။ မောင်မောင်စိုး  ၏ ဌာန၏ အဓိက ဘာသာရပ်တစ်ခုဖြစ်သည့် ကက်ရှ်မီးယားပြဿနာကို စိတ်ပါလက်ပါ ပြောနေစဉ်။ မချော လေး မြလေးညိုက အိပ်ငိုက်နေသည်။  သင်တန်း သားကလည်း မများလှ၍ မြလေးညို ခေါင်းငိုက်စိုက်ကျနေသည်ကို နောက်တန်းရှိ သင်တန်းသား တွေပါ  မြင်နေကြရသည်။ သည်တွင် မောင်မောင်စိုး က သင်တန်း ဆူ လာစေရန် ဆွပေးသည့် အနေနှင့် -

         “ ကျွန်တော် ကတော့ ပို့ချရတာ အာပေါက်နေပြီဗျာ၊ တစ်ချို့ ကလည်း အိပ်ငိုက်နေတော့ အိပ်ငိုက်ပြေအောင် သင်တန်းပို့ချရမှာထက် ကပြ ရမလိုဖြစ်နေပြီ “

         ဟု နောက်လိုက်ရာတွင်  မြလေးညိုနှင့် ဝန်ကြီးဌာန တစ်ခုထည်းမှ ကိုသန်းထွန်းက -

  ဆရာ ကပြ ဘို့မလိုဘူး။ သူ က ဝန်ကြီး ဌာန ရဲ့ ထိပ်တန်း မင်းသမီး ၊ ပွဲဆက် များနေလို့ပါ “

   ထပ်၍ ဝင်သမ လိုက်ပြန်သဖြင့် တတန်းလုံး ဝါး ကနဲ ဝိုင်းရယ်ကြသည်။ မြလေးညို ကို လှမ်းကြည့်လိုက်တော့ သူ့ မျက်စေ့တွင် ရှက်ခြင်း ဒေါသထွက်ခြင်း များ ရောပြွန်း နေသည်ကို တွေ့ရသည်။ သင်တန်းမှာ လူများလှသည်လည်းမဟုတ်၊ အရွယ် တွေ ကလည်းမတိမ်း မယိမ်း၊ ရားထူး၊ လုပ်ငန်း သဘာဝမှာလည်း ကွာလှသူ များမဟုတ်ကြ၍ ခင်မင်ကြသည်။ ခင်မင်ကြတော့ အစ အနောက်လည်း သန်ကြသည်။

         ကိုသန်းထွန်းသည် မောင်မောင်စိုးနှင့် မန္တလေးတက္ကသိုလ်တက်ကြစဉ်ထည်း က ရူပဗေဒ တစ်တန်းထဲသမားတွေ၊ ကိုသန်းထွန်းက ကျောင်းပြီးသည်နှင့် စွမ်းအင်ဆိုင်ရာ ဘူမိ-ရူပဗေဒ အရာရှိအဖြစ် အလုပ်ဝင်သွားသည်။ အသက် လည်း ကြီးသည်။ သင်တန်းပို့ချသူက သူငယ်ချင်း လည်းဖြစ်၊ ရယ်ရွှန်းပတ်ရွှန်း လည်း နေတတ်၊ မြလေးညိုကိုလည်း အရင်ထည်းက စနေ နောက်နေ ကြမို့ ယခုလို သင်တန်းထဲ တွင် နောက်လိုက်ခြင်း ဖြစ်သည်။

         မြလေးညို ရှက်လည်းရှက် အတော်လည်း စိတ်ဆိုးသွားကြောင်းနှင့် စွမ်းအင် အစားထိုး စာတမ်းကို  အချိန်မှီ တင်နိုင်ရေးအတွက် နေ့ရောညပါလုံးပမ်း နေရသဖြင့် ခြေကုန်လက်ပမ်း ကျနေသောကြောင့်ဟု နောက်မှသိလိုက်ရသည်။ သို့သော် မောင်မောင်စိုး၏အဖွင့် နှင့် ကိုသန်းထွန်း ၏ အပိတ် က လက်လွန်သွား၍ ပြန် ဖြေရန် ခက်သွားလေပြီ။




(၂)


         မြလေးညိုသည် သူနှင့် မောင်မောင်စိုး တို့ တွေ့ ခဲ့ ဆုံ ခဲ့သည်များကို ပြန်တွေးနေမိသည်။ အချိန်ကလည်း ကြာခဲ့ပြီဖြစ်၍  ဒေါသကလည်း ပြေနေလေပြီ။ ဒေါသနေရာတွင် ရယ်စရာလိုလို ၊ ကြည်နူး စရာ လိုလို လေးတွေအဖြစ်သာ အစား ထိုးကာ ပြန်ပေါ်လာသည်။


  ဇာတ်လမ်း က တောင်အာဖရိကအထိ လိုက်ဆုံသေးတယ် သင်းသင်းရယ်။ မြလေး လေ အဲ ဒီတုန်းက ဒေါသထွက်လိုက်တာလေ မပြောပါနဲ့တော့၊ သူ့ကို တစ်အားကို မုန်းသွားတာဘဲ ၊ အတန်း ထဲမှာမို့လို့ပေါ့  အပြင်မှာသာ ဆိုရင် တခါထဲကို ကုတ် ဖဲ့ ထု ရိုက် လိုက်မိမှာ “

  မြလေး စိတ်မျိုး နဲ့ အဲဒီလို လုပ်ပစ်လိုက်မယ်ဆိုတာ ယုံပါတယ် “

  စိတ်ဆိုးလွန်းလို့ နောက်ပိုင်း သူ့ Lecture  ချိန်တွေဆိုရင် နောက်ဆုံးတန်းမှာဘဲ သွားထိုင် တော့တယ် “

  ကြည့်လို့ တောင် မရဘူးပေါ့ 

  ဟဲ့......အဲ ဒီလို တော့မဟုတ်ဘူး ၊ ကြည့်လို့တော့ရတယ် ၊ သင်းသင်း မြင်တဲ့အတိုင်း ဘဲလေ၊ ရှေ့ကဖြတ်သွားရင် အနည်းဆုံး တစ်ချက်လောက် တော့ လှည့် ကြည့် လိုက်ရတဲ့ ပုံမျိုးဘဲဟာ၊ နောက်တစ်ခု က သူဘေးနားကဖြတ်သွားတိုင်း ရင်ထဲမှာစိမ့် သွားအောင် သင်းသင်းလေးမွှေးတဲ့ ရေမွှေးနံ့ ကလေးအမြဲရတယ်၊ သိချင်လွန်းလို့ မနေနိုင်လို့ သူနဲ့တွဲဖေါ်တွဲဖက် ကိုသန်းထွန်း ကြီးကို လှည့်ပတ်မေး မှ အဲဒါ Acqua Di GIO ဆိုတာ သိရတယ် “

“ နေပါဦး မြလေးက ဘယ်လိုလှည့်ပတ်မေးတာလဲ “

“ မရှိတဲ့ရည်းစားကို လက်ဆောင် ပေးချင်လို့ ဘာ လို့  ညာလို့ ပေါ့ ဟယ် “

  တတ်လဲ တတ်နိုင်ပါ့  မိလေးညို ရာ ၊ မုန်းလို့သာ ဘဲ..... “

   နှစ်ဦးသား ခွက်ထိုး ခွက်လှန် ရယ်ကြသည်။

   မုန်းတယ် ဆိုတဲ့စကားကိုတော့ သိတ်မပြောနဲ့နော် မြလေး၊ များများမုန်းလေ မြန်မြန် ချစ်သွား လေဘဲမချော ၊ မယုံ မရှိနဲ့ “

  ကိုယ် တွေ့ မို့လို့ လား...... “

  ဟယ် .......အဲ ဒီလို တော့ မဟုတ်ပါဘူး။  Theory of Pendulum  အရ Swing ဟာ တစ်ဘက်ကို အသွားမြန်လေ အပြန်မှာ မြန်လေဘဲ မချော ရေ-- “

“ အဲဒါက Material Parameter Theory ဘဲ၊ သင်းသင်း သီအိုရီကြီးကို  Social Perspective Formulation  မှာ ထည့်တွက်ရင် တက်တက်စင် လွဲ ပါလိမ့် မယ်ရှင့် “

မြလေးညို က စကားနိုင်လုရန်အတွက် သူက Solution Frame ကို နှစ်ခု ခွဲထုတ်ခါ ငြင်းလိုက် ခြင်းဖြစ်သည်။        

         သို့သော် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကွဲလွဲမှုတစ်ခုဖြစ်သည့်  စိတ်အစဉ် တစ်ခုထဲ ၌ တည်နေမှု၊ စွဲနေမှု ဆိုသည်မှာ ချစ်ခြင်း သာမက မုန်းခြင်း၊ နာကျဉ်း ခြင်း၊ ဒေါသထွက်ခြင်း၊ တွယ်တာခြင်း၊ တသခြင်း၊ လွမ်းဆွတ်ခြင်း၊ စသည့် စိတ်၏ခံစားမှုနှင့် စိတ်အစဉ်တွင် ကိန်း အောင်းနေမှု များအားလုံး ပါဝင်နေသည် ဆိုသော အချက်ကို ထည့်သွင်းတွက်ချက်ရန် မြလေးညို သတိမထားမိခဲ့ ပါ။




(၃)


        Group Dance ကသည့် သံရုံများအနေ နှင့် မိမိတို့သံ ရုံးများ၌ ပင် CD ဖွင့် ကာ အကတိုက် သူများရှိကဲ့သို့ မောင်မောင်စိုး တို့ ရဲ့ Solo Dance ကို Live Band နှင့် က သူများ အနေနှင့် မူ တီးဝိုင်း ခေါင်းဆောင် အင်ဒိုနီးရှား သံရုံးမှ စီးပွားရေး သံမှူး အာဆာ  နှင့် ညှိကာ အက တိုက်ကြရသည်။  


         မြန်မာ အကကို မောင်မောင်စိုး ၏  ပရီတိုးရီးယားမြို့ ရဲ့ ဝင်ဒါ မီယာ လို့ ဆိုရမဲ့ Waterkloof Palm ရှိ အိမ်မှာတိုက်သည်။  အိမ်ကလည်း ကျောက် တောင် စောင်း တွင် ဆောက် ထားသည်မို့ အထပ် သုံး ထပ် လိုဖြစ်နေကာ ကျယ်ကျယ် ဝန်းဝန်းလည်းရှိ သည်။ 


တစ်ယောက် ထည်း နေသော အိမ် ဖြစ်၍ လွတ်လည်း လွတ်လပ် သည်။  သူငယ်ချင်းများလည်း စုဝေးလို၍ လည်း မောင်မောင်စိုး ၏ အိမ်တွင် အက တိုက်ခြင်းဖြစ်သည်။ တီးဝိုင်း ခေါင်းဆောင် Keyboard တီးသူ အာဆာသည် နိုင်ငံခြားရေးရုံး သို့ အလုပ် မဝင်မီက ဂျာကာတာ ရှိ ဟိုတယ်များတွင် Keyboard ကို ကြေးစားလိုက်တီးခဲ့သူဖြစ်သည်။ တောင်အာဖရိကရောက် တော့ လည်း တောင်အာဖရိက ရှိ အင်ဒိုနီးရှားများနှင့် တီးဝိုင်းထောင်ထားသေးသည်။


        အကတိုက်သည်နေ့တွင် မကြာခဏ စုနေကြသူများဖြစ်ကြသည့် ထိုင်းသံရုံးမှ သံမှူးကြီး ( Minister )  ဝမ်ချိုင်း၊  မလေးရှားသံရုံးမှ သံမှူးကြီး ( Minister Counsellor ) နာဇာရူဒင်  အိမ်နီးခြင်း ဖြစ်သူ စင်ကာပူသံရုံးမှ ပထမအတွင်းဝန် ဖရန့်စစ် နှင့် သူ့ ဇနီး ကော်နီ၊ ဖိလစ်ပိုင် သံရုံးမှ သံမှူးကြီး ( Minister ) ရီနာတို  တို့ ဝမ်းသာ အားရ လာကြသည်။


   အာဆီယံအဖွဲ့ဝင်နိုင်ငံ မဟုတ်စေကာမူ ပရီတိုးရီးယား တွင်  တစ်ယောက်ထည်း တာဝန် ထမ်းဆောင် လျှက်ရှိကြသည့် အာရှမှ သံတမန်များ စုစည်းထားသော  Lonely G-5  အုပ်စု ဝင်လည်းဖြစ်၊ မောင်မောင်စိုး နှင့် ဂေါက်သီးရိုက်ဖေါ်လည်းဖြစ်သည့် ၈ျပန်သံရုံးမှ သံမှူး ( Counsellor ) ကင်နီချီတို့လည်း လာ သည်။

        ကင်နီချီ သည် မောင်မောင်စိုး နှင့် အိမ်ခြင်းလည်း နီး၊ လူခြင်းလည်ခင်သည့် အလျှောက် မောင်မောင်စိုး လုပ်သမျှ ဧည့်ခံ ပွဲ နှင့် အားကစား အပါ အဝင် အမျိုးမျိုးသော ပွဲမှန်သမျှနှင့် အာဆီယံပွဲ အားလုံး လိုလို သို့ တက်ရောက်သည်။ တက်တိုင်း ဆူရှီနှင့် ၈ျပန်ရိုးရာအရက် ဆာကေး  ယူလာ လေ့ရှိသည်။

          မြန်မာထဲကမူ ‌ဂေါက် သီး ရိုက်ဖေါ်လည်းဖြစ် သူငယ်ချင်း လည်းဖြစ် သော တောင်အာဖရိကအစိုးရ ကျန်းမာရေးဝန်ကြီးဌာနတွင် ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင် နေသည့် ကိုမိုးဝင်းကို ခေါ်ထားသည်။


 ကိုမိုးဝင်းသည် အသက်သုံးဆယ်ကျော်မှ မိဘများ စီစဉ်ပေး သူနှင့် အိမ်ထောင်ကျသူဖြစ်သည်။ အိမ်ထောင်ကျ ပြီး မကြာခင်မှာပင်  ဇနီးဖြစ်သူက အမေရိကသို့ထွက်သွားကာ ဟိုရောက်မှ ကွာရှင်းခွင့် တောင်းသဖြင့် ကွာရှင်း ပေးလိုက်ရသည်။ မောင်မောင်စိုး မှာလည်း ဤသို့ ဆန်ဆန် ဝေဒနာလေးနှင့်မို့ ပို၍တွဲမိကြသည်။ နှစ်ဦးစလုံး၏ တူညီကြသည့် အသက်၏ ကိန်းဂဏန်းကို အစွဲပြုကာ HK-33 သေနတ် နှစ်လက်ဟု အခြင်းခြင်းနောက်ကြသည်။


         အားလုံး ဝိုင်းလုပ် ဝိုင်းစား ဖြစ်သည်။ သင်းသင်းသွယ်၊ မြလေးညိုနှင့် ကော်နီ တို့က စားစရာများစီစဉ်ကာ ၊ ကိုမိုးဝင်း နှင့် ကင်နီချီ တို့က သောက်ရန် ကိစ္စများစီ စဉ်ကြသည်။ စားကြ သောက်ကြ နောက်ကြ ပြောင်ကြနှင့် မိသားစု ပွဲကလေး ဖြစ်သည်။ အထည်းကျန် အိမ်ကလေး မှာ စိုပြေ လျှက်ရှိပါသည်။

  မောင်စိုး - မင်းတို့ ဘာသီချင်း နဲ့ က မှာလည်း “ 

တီးဝိုင်း ခေါင်းဆောင် ဖြစ်သူ အာဆာက မေးသည်။

  Ayo MaMa  နဲ့ ကမယ်၊ ငါက ဘေး က သီချင်းဆိုမယ် “

   .....Ayo MaMa  က ငါတို့ အင်ဒိုနီးရှား သီချင်းဘဲ ဟာ “

  အေး ဟုတ်ပါတယ်၊ ဒါပေမဲ့ အဲဒီသီချင်းကို ငါတို့ မြန်မာ တေးရေး တွေ က -  “ နှစ်သစ်မင်္ဂလာ-“  ဆိုပြီး Copy  လုပ်ထားတယ်။ တော်တော် လူကြိုက်များပြီး ဆယ်စုနှစ် နှစ်စုလောက် အောင်မြင်နေတဲ့ သီချင်းဘဲ။ ငါ နယူးဒေလီမှာ တာဝန်ကျစဉ်က သင်္ကြန်မှာ အဲဒီသီချင်းဖွင့်လိုက်ခါမှ အင်ဒိုနီးရှား သူငယ် ချင်းတွေက အဲဒါအင်ဒိုနီးရှားသီချင်း  Ayo MaMa  လို့ ပြောမှသိရတာ၊ ဒို့အစီအစဉ်ကို နည်းနည်း ထူးထူးခြားခြားလေး လည်း ဖြစ်အောင် လုပ်မလားလို့ “

  ဒီလိုလုပ် Ayo MaMa  ချဉ်း မလုပ်နဲ့ ရိုးရာသီချင်း တစ်ခုလည်းထည့်၊ အဲဒီသီချင်းနဲ့ ရိုးရာ အကကို စင်ပေါ်မှာက ၊  Ayo MaMa  ကို စင်မြင့်ရှေ့က မျက်ခင်းပြင် မှာ Free Style နဲ့ က၊ ပွဲ ရှိန်တက်လာအောင် ငါ ကြည့် စီစဉ်မယ်၊  ကဲ နောက် တစ်ပုဒ်ထပ်ရွေးကွာ “

         အာဆာ၏ အကြံကပိုကောင်းသည်။ တေးဂီတ ဆိုင်ရာ Professional အတွေ့ အကြုံ ၊ ဝါ သဘာ များသူ မို့  ဒီလို ပွဲမျိုး ကို ဘယ်လိုစီစဉ်ရမယ် ဆိုတာ နောကြေ နေတဲ့သူ။

  ကဲ မြလေး......တစ်ပုဒ် ထပ် စဉ်းစားကြ ဦးစို့    Synthesizer နဲ့ တီးမှာ ဆိုတော့ သင်္ကြန်ဒိုး အတီး နည်းတဲ့ သင်္ကြန် သီချင်း ပေါ့ “

  နွေလယ်မိုး ........မကောင်းဘူးလားဆရာ “

   ဟာ စန္ဒယား လှထွတ်ရဲ့ နွေလယ်မိုး ၊  “ နွေ- နွေ -နွေ ဘယ်လိုပင် ပူပြင်းပါစေ ...အေးပါသလေ၊  နွေလယ်မှာ မိုး ရွာသွန်းမြဲပေ “ ….  ဆိုတဲ့သီချင်းဘဲ ..သိတ်ကောင်း တာပေါ့ “

ထို့ နောက် သင်္ကြန် CD တွေထဲမှ ရွေးကာ နွေလယ်မိုး ကို ဖွင့်ကြည့်သည် နွေလယ်မိုး သံစဉ်ကို အာဆာက Note ထုတ်ရန်လွယ်သည့် Asian Notation နှင့်မှတ်သည်။ နှစ်သစ်မင်္ဂလာ အတွက် ကတော့ Note ပင် ထုတ်ရန်မလို။ သင်္ကြန် မိုးကို မူ နှစ်ခါ သုံးခါလောက် နားထောင်လိုက်  Note ကိုပြင်လိုက် နှင့် အလုပ်ရှုပ် လျှက်ရှိနေသည်။

  မူရင်း သီချင်းတွေက  ဆိုရ သိပ် မခက်လှပါဘူး၊ ပုံမှန် သံစဉ် ( Pitch ) တွေပါဘဲ “ အာဆာ က ပြော တော့ -

ထိုင်းသံမှုးကြီး ဝမ်ချိုင်းက -

 “ High Pitch နဲ့ အမြင့် သံ  ဆိုရင်လည်း အာရှင်းအောင် ဝီစကီ သောက်ပြီး ဆိုကွာ “
ဆို ပြီး ဝင်နောက်လိုက်သည်။

မောင်မောင်စိုးသည် သီချင်းဝါသနာပါသူလည်းဖြစ်၊ အိမ်မှာလည်း ကာရာအိုကေ ဆိုနေ ကြလည်းဖြစ် ၊ ထိုသီချင်းများကို ကြိုက်၍လည်းအကြိမ်ကြိမ် ဆိုထားသဖြင့် အခက်အခဲ မရှိလှ။ အချို့သော နေရာများတွင် Pitch  မှီရန် တစ်ကြိမ် နှစ်ကြိမ် ညှိပေးရသည်သာ ရှိသည်။ 

        အာဆာက - မြလေးညို အကတွင် ကကြိုး အချို့ သည် သီချင်း၏ Beat ထက် နည်းနည်းနောက် ကျနေ ကြောင်း၊ အချို့နေရာ များတွင် အက အဝင်စော နေကြောင်း၊ က ရာတွင် Beat  ၏နောက်မှ လိုက်၍ဝင်ခြင်း၊ ကျော်၍ဝင်ခြင်းများ သည် Professional များ - ဆော့ ကစားခြင်း - ဖြစ်ကြောင်း၊ ဂီတ၏ သမားရိုးကျ စည်းချက် အတိအကျ ဖြင့် က ခြင်းသာလျှင် အကောင်းဆုံး ဖြစ်ကြောင်း ၊ Free Style တွင်မူ  ရိုးရာအကနှင့်  ပေါင်းစည်းရာမှာ ညက်ညက်ညောညောရှိမည့် အနောက်တိုင်း အကနှင့် တွဲ၍ကရန်နှင့် အရေးအကြီဆုံးမှာ Facial Expression ဖြစ်ကြာင်း၊ မျက်နှာပေးမှာ ရင်ထဲကပွင့်အံလာတဲ့ အပြုံးဖြစ်ရန်လိုကြောင်း  စသည်ဖြင့် အကြံ ပေးသည်။


         ယင်းနောက် စင်မြင့်ရှေ့ရှိ  Dancing Floor ဖြစ်သည့် မျက်ခင်း ပြင်၌ - နှစ်သစ်မင်္ဂလာ- ( Ayo MaMa ) သီချင်း ကို မောင်မောင်စိုးက မြန်မာလို တစ်ပိုဒ်၊ နှင့် အင်ဒိုနီးရှားသံရုံက အင်ဒိုနီးရှား လိုတစ်ပိုဒ် အလှည့်ကျဆိုရန် စီစဉ်သည်။

 အင်ဒိုနီးရှားလို ဆိုရန်ကိုမူ အင်ဒိုနီးရှား သံရုံး၏ ဒုတိယအကြီး အကဲဖြစ်သူ သံမှူး ဒေါက်တာဖိုင်ဇာ  ၏ဇနီး ဟေဇယ်  ကို ဆို ခိုင်းမည် ဟု ဆိုသည်။ ဟေဇယ်သည် ခေတ်မှီလှပ၍ အဆို အက ကောင်းသူဖြစ်သဖြင့် သံတမန်အသိုင်း အဝိုင်းတွင် ထင်ပေါ်သူ ဖြစ်သည်။ မြလေးညို နှင့် အရွယ်ခြင်းက လည်းမတိမ်း မယိမ်း။

         မြလေးညို ကို မောင်မောင်စိုးက မြလေး ဟုခေါ် သော်လည်း အာဆာ က တစ်ခု ခု ပြင်စေ လို၍ ခေါ်လျှင်  - မြ - ကို အသံထွက်ရန် ခက်၍ ….မလေး- မလေး  …ဟုသာ ခေါ် နေသည်။

မလေး - ဟုခေါ်တိုင်း မလေး သံမှူး နာဇာ ရူဒင်က -

   အာဆာ ငါ့ကို ခန ခန ခေါ် မနေ နဲ့ “   ဟု နောက်သည်။

အားလုံး စားကြ၊ သောက်ကြ နောက်ကြနှင့်ပျော် ရွှင်ကြ ရသည့် Gathering လေး တစ်ခု ဖြစ်ပါသည်။

မြလေးသည် ခွင်သစ်ဖြစ်၍သာ အနည်းငယ် ကြောင်နေခြင်းဖြစ်သည်။ ဝါ-သဘာ က ရှိပြီးသား။ ပညာရှင်နှစ်ဦး၏အကနှင့်အတီး တွဲဘက်မှုမှာ ခဏအတွင်းမှာပင် ညက်သွားသည်။ အတီးနှင့်အကတွဲဖက်မှုမှာ ကြည့်၍ကောင်း လှပေသည်။


 မြလေးညို၏အလှမှာ အကနှင့်တွဲလိုက် သည်တွင် မောင်မောင်စိုးမျက်စေ့ မလွဲှနိုင် ဖြစ်ခဲ့ရသည်။ မင်းသမီးကလည်းဝါရင့်မို့ ပရိဿတ် အခြေအနေကို သိလိုက်သည်မှ နောကို ကြေလို့ ။

     အာဆာက မြလေးညို အကကိုကြည့်ရုံနှင့် အကဝါရင့်သည်ကိုသိကြောင်းနှင့် ကတာ ကြာပြီထင်ကြောင်း မေးပြောလေးပြောသည်။  မြလေးညိုက အထက်တန်း ကျောင်း သူထည်းကပင် က သူ ဖြစ်ကြောင်းပြန် ပြောမှပင် သူရဲ့ အကဝါကို သိရ တော့သည်။

  မြလေး က တတ်တယ်လို့ သင်တန်းတုန်းက ကိုသန်းထွန်းကြီး ပြောလို့ သာသိရတာ၊ အခုမှ ဘဲ တကယ် မြင်ရတော့တယ်.. လှလိုက်တာ မြလေးရယ် “ မောင်မောင်စိုး က ဝမ်းသာ အားရစွာ ဖွင့် ပြောသည်။

  လှ တာ အက တင်ဘဲလား ဆရာ “ ........

  မြလေးညိုက အနားကပ်ခါ ရယ်ကြဲကြဲနှင့် ပြောလိုက်ရာ၊ ရုတ်တရက် ခြုံခို အတိုက်ခံလိုက်ရသလို အငိုက်မိသွားပြီးမှ-

  As a Package    အက ရော လူရော အားလုံးပါတာပေါ့ မြလေးရဲ့ “

သောကော ရောကော ဒါဘဲ  ပြန်ပြောလိုက်နိုင်သည်။

မောင်မောင်စိုးအကြည့်ကို မြလေးညို လွယ်လွယ်လေး အဓိပ္ပါယ်ဖေါ်နိုင်သည်။ ဒါကလည်း မိန်းကလေးတစ်ဦး  သင်ရန်မလိုဘဲ ဗီဇထဲက အလိုလိုတတ်သည့်ပညာ။

  ဆရာ Acqua Di GIO ကို ဟို တုန်းထည်းက သုံးတယ်နော် ”

  ဟုတ်တယ်၊ နေပါဦး......ဒါက အမျိုး သား တွေသုံးတဲ့ ရေမွှေးဘဲ ၊ Acqua Di GIO မှန်း မြလေး ဘယ်လိုလုပ် သိသလဲ “

  အိုး...... မြလေးက အဲဒီ အနံ့ ကို ကြိုက်တော့ သိတာပေါ့ “

မြလေးညို ခပ်တည်တည် နှင့် ရောချလိုက်သည်။

“ မြလေး ...... ရေမွှေး ဆွတ်တာဟာ ကိုယ့်ပတ်ဝန်းကျင်မှာရှိ နေသူတွေကို လေးစားသမှု ပြုခြင်း ဖြစ်တယ်လို့ဖတ်ဘူးတယ် ၊  မွှေးပျံ့ နေတဲ့ရနံ့ က ကိုယ်ရဲ့ ဘေးမှာ ရှိနေသူများအတွက် သာယာ တဲ့ ပတ်ဝန်းကျင် ကလေး ဖြစ်စေတယ် တဲ့ “

  ဟုတ်တာပေါ့နော် ဆရာ အ နံ့ကြီးက ဆိုးနေရင် ပတ်ဝန်းကျင်ကလူတွေအတွက် ဘယ်မှာ လာပြီး Pleasant  ဖြစ်မှာလဲ နော် “

“  ဒါထက် သင်တန်း တုန်းက နောက် ခဲ့တာ စိတ်ဆိုး တုန်းဘဲလား “

  သွား ....မသိဘူး “

မြလေးညို က မောင်မောင်စိုး၏ လက်မောင်းကို လက်သီးနှင့် ဖွဖွလေး ထုလိုက် သည်။
ချောက်သွေ့နေသည့် အိမ်ကလေး နှင့် အထည်းကျန် ဘဝကို စိုပြေ လန်းဆန်း စေခဲ့ပါသည်။




(၄)


နောက် စနေနေ့ တွင် မြလေးညို နှင့် သင်းသင်းသွယ် တို့ကို တောင်အာဖရိက သမိုင်းစဉ် ဖြစ်ပေါ် တိုးတက်မှု၏ အထင်ကရ တစ်ခုဖြစ်သော Monument    အဆောက်အအုံ သို့ လိုက်ပို့ သည်။ ထုံးစံအတိုင်း ကိုမိုးဝင်းလည်းပါသည်။ ကိုမိုးဝင်း၏ကား ကို Waterkloof Palm   ရှိ မောင်မောင်စိုး အိမ်တွင်  ထားခဲ့ ကာ မောင်မောင်စိုးကား နှင့် တစ်စု ထည်း သွားကြသည်။


         တောင်အာဖရိကသမိုင်း ဖြစ်စဉ်တွင် ယခင်က လူမည်းများအား ကြီး စိုးခဲ့သော လူဖြူများ ကို ANC     ဦးဆောင်ကာ တော်လှန်ခဲ့သည့် အသားအရောင် ခွဲခြားမှု တော်လှန်ရေး ကိုသာ အသိများကြသည်။ 

သည့်အရင် ဤလွင်တီးခေါင် ဒေသသို့ လူဖြူများ ရောက်ရှိလာကာ ဒုက္ခ သုက္ခ မြောက်များစွာဖြင့် အခြေချခဲ့ရ သည့်ဖြစ်စဉ်၊ ဒေသခံမျိုး နွယ်စုဖြစ်သည့် ဇူးလူးများ၏ ခုခံတိုက် ခိုက်မှုကြောင့် အသက်ပေါင်း ထောင်သောင်းချီကာ သေဆုံးရပြီးမှ လူနေဒေသတစ်ခု၊ ထိုမှတစ် ဆင့် ယခုကဲ့သို့ တောင်အာဖရိကနိုင်ငံကဲ့သို့ နိုင်ငံတစ်ခုဖြစ်လာစေရန် တည် ဆောက်ခဲ့သည့် သမိုင်းစဉ်ကိုမူ သိသူနည်းသည်။

         ဤ Monument အဆောက်အအုံသည် အဆိုပါသမိုင်းစဉ်၏  မှတ်တမ်းများ သိုလ်မှီးရာ အဆောက်အအုံကြီးးဖြစ်သည်။ ၁၅ဝဝ အစောပိုင်းကာလများတွင် ပေါ်တူ၈ီ သင်္ဘောသားများ သည် အိန္ဒိိယသို့ သွားရာမှ အာဖရိကတောင်ဘက် အငူသို့ ရောက်ခဲ့ကြသည်။ ၁၆ ရာစုတွင်မူ ဥရောပ တိုက်သားများပါ ပါလာသည်။


 ၁၆၅၂ ခုနှစ်တွင် Table Bay ( Cape Town )  ၌ ဒတ်ချ်များသည် East India Company (VOC) ကို တည်ထောင်ကာ ဖြတ်သန်းသွားလာသည့် သင်္ဘောများအား ရိက္ခာ ထောက်ပံ့ခဲ့ကြသည်။


         အာဖရိက တောင်ဘက်အစွန်းသမုဒ္ဒရာ ကမ်းခြေသို့ ရောက်ရှိသူများသည် ၁၈၃၅ ခုနှစ် တွင် မြောက်ဘက်သို့ Great Trek မဟာ ခရီးကြမ်း   လျှောက်လှမ်း၍ နယ်ပယ် ချဲ့ ထွင်ခဲ့ကြသည်။  ယခုတောင်အာဖရိက ခေါ်သည့် အရပ်၌ ၁၈၅၂ ခုနှစ်တွင် Boer Republic Transvaal နှင့် ၁၈၅၄ ခုနှစ်တွင် Orange Free State တို့ကို တည်ထောင်ခဲ့ကြသည်။


ဤသည်မှာ ယခု တောင်အာဖရိက ဟု ခေါ်တွင် သည့်ဒေသတွင် ကနဦးလူနေမှုစံနစ်သစ် စတင်အခြေစိုက်သည့် သမိုင်းစဉ်ဖြစ်သည်။ ဤ Monument အဆောက်အအုံ ကိုမူ ၁၈၃၈ ခုနှစ်ထည်းက စ၍တည်ဆောက်ရာ ၁၈၄၉ ခုနှစ်တွင် ပြီးသည်။ ဤ အဆောက်အအုံသည် ၁၈၃၅ မှ ၁၈၅၄ အထိ တောင်အာဖရိက ဖြစ်ပေါ်မှု သမိုင်း၏  ပြခန်းပင်ဖြစ်သည်။

       


  အဆောက်အအုံမှာ တောင်ကုန်းထက်တွင် တည်ဆောက်ထားကာ ကြီးကျယ် ခန်းနား မြင့်မားလှသည်။ အဝေးမှကြည့်လျှင် ကျောက်တိုင်ကြီးသဖွယ် ထင်ရသည်။ အထဲတွင် ပြခန်းပေါင်းများစွာထားရှိသည်။ မှတ်တမ်းပုံများ ရုပ်ထုများစွာကို အထပ်ပေါင်းများစွာတွင် အခန်း လိုက်ပြသထားသည်။



 Monument Hill


 Monument Building.



 Monument အပေါ် မှ အထက်စီး မြင်ကွင်း။




         အထပ်လိုက်ကြည့်ရှုကာ ထိုမှတစ်ဆင့် စက်လှေကားနှင့် အဆောက်အအုံ၏ အမြင့်ဆုံး အထပ်သို့တက်သွားသည်။ အဝေးမှကြည့်လျှင် များစွာမမြင့်လှဟု ထင်ရသော်လည်း အထက် သို့ရောက်သည့်အခါတွင်မူ တောင်ကုန်းထိပ်၌ တည် ဆောက်ထားသည့်  အဆောက်အအုံဖြစ်၍ ထင်သည်ထက် များစွာပိုမြင့်နေသည်ကို တွေ့ရသည်။ အောက်တွင်ပြေးလွှားနေသည့် မော်တော် ယာဉ်ကလေးများသည် ပရွက်ဆိပ် ကလေးများ သွားနေသလား ထင်မှတ်မှားရသည်။


         အမြင့်ပိုင်းတွင် လေတဖြူးဖြူးတိုက်နေသဖြင့် အောက်ခြေမှာထက် ပိုအေး နေသည်။ မြလေးညိုက အင်္ကျီပါးကလေးနှင့်မို့ အေးနေပုံရသည်။ အဆောက် အအုံထိပ်မှ ပရီတိုးရီးယားမြို့ တစ်ခုလုံးသာမက အနီးအနားဒေသ တစ်ခုလုံး ကိုလှမ်း၍ မြင်ရသည်။ မိန်းကလေးနှစ်ဦးမှာမူ တစ်မျှော်တစ်ခေါ် အပြောကျယ်လှ သည့် အာဖရိကလွင်ပြင်ကြီး နှင့် ထိုအပေါ်တွင် ထီးကဲ့သို့ အရွက်များ ဖြန့်မိုးထား သည့် အပူပိုင်းပင်ပုများသာ ဟိုတစ်ကွက်သည်တစ်ကွက် ဆေးစက်တို့ ထားသကဲ့ သို့ သော ရှုခင်းတွင် နစ်မြောနေကြ သည်။


  ကိုမိုးဝင်း ခင်ဗျား ကတော့ ဒီမှာ အနေကြာတဲ့သူဆိုတော့ ပိုသိမယ်ထင်တယ်။ ဒီလိုဗျာ ...... ဒီ အဆောက် အအုံဟာ လူဖြူတွေက သူတို့ ဘယ်လောက်ရုံးကန်ပြီး ဒီဒေသကို ထူထောင်ခဲ့ရတာ တွေကို ပြတဲ့နေရာဘဲ ဗျ “

မောင်မောင်စိုး သည် ခေတ္တ စဉ်းစားပြီးမှ တစ်ခါ ဆက် ၍ -

  ဒါပေမဲ့ ၁၉၉၄ ခုနှစ်မှာ ANC က လူဖြူတွေရဲ့ အသားအရောင်ခွဲခြားမှုကို အပြီးသတ် တော်လှန်ပြီးတဲ့နောက်ပိုင်း ပထမဦးဆုံးသမ္မတ ကော်ဆာမျိုးနွယ်စု ဝင် နယ်လ်ဆင် မန်ဒဲလား ကအစ အခုသမ္မတ ဖြစ်တဲ့ ဇူးလူးမျိုးနွယ်စု ဝင် ၈ျက်ကော့ဇူးမား အဆုံး အားလုံးသော  လူမည်းအုပ်ချုပ်မှု အဖွဲ့တွေအောက်မှာ ဒီ အဆောက်အအုံကို မထား တော့ဘူး ၊ ဖျက်ပစ်မယ် ဆိုတဲ့  ပြဿနာ ရှာတာ မတွေ့ရဘူးဗျ၊ အဲဒါကို ကျွန်တော် စိတ်ဝင် စား လို့ပါဗျာ “


         ကိုမိုးဝင်းသည် အာဖရိကလွင်ပြင်ကြီး ထဲမှ နေရာများကို  သင်းသင်းသွယ် အား တစ်ခု ခြင်း ရှင်းပြ နေရာမှ-

   တစ်ချို့ လူမည်း နိုင်ငံရေး သမားတွေ ကလည်း အတိတ်ရဲ့ အနာကိုဆွပြီး နိုင်ငံရေး အမြတ် ထုတ် လိုကြတယ်ဗျ။ ဒါပေမဲ့ အမြင်ကျယ်တဲ့နိုင်ငံရေးသမားတွေ ၊ အထူးသဖြင့် သမ္မတ  သာဘိုဘက်ကီ ( Thabo Mbeki)   လက်ထက်မှာ တိုးတက်တဲ့ နိုင်ငံရေး ခေါင်းဆောင် အချို့က - ကိုယ် အသုံးမကျတာကို လူဖြူတွေ ဖိနှိပ်ခဲ့လို့ဆိုပြီး သူများကို အပြစ် လွှဲမချနဲ့၊ ကိုယ့်ဟာကိုယ် ရှေ့ဆက်တိုးတက်ဖို့သာ ကြိုးစားကြ  လို့- တွန်းအားပေး ခဲ့တယ်ဗျ။



                                        President Thabo Mbeki,
 2nd President of South Africa,
 in office, (16 June 1999 - 24 September 2008 )

 ဒါပေမဲ့ ကိုမောင်မောင်စိုး -- လူမည်းတွေက သူတို့ ကို ဖိနှိပ်ခဲ့တဲ့  အဖြူတွေရဲ့ လူမည်း အသားရောင်ခွဲခြားမှု  Apartheid ကို တော်လှန်ပြီးတဲ့  နောက်ပိုင်း မှာ နာရီချိန်သီး သဘောမျိုး လိုဘဲ တစ်ဘက်ကိုသွားနေရာက  လမ်းဆုံးတော့ ဆန့်ကျင်ဘက်လမ်းကို ပြန် သွားပြီး လူဖြူ အသားရောင်ခွဲခြားမှု  Apartheid  သဘောမျိုး ဆန်ဆန် တန်ပြန် လှုပ်ရှား လာတဲ့ သဘော မျိုး တွေ့ရတယ်၊ ဘယ်လို လုပ်ဆောင် ချက်မျိုး  ကိစ္စမျိုး မဆို အစရှိသလို အစွန်းဆိုတဲ့ အဆုံး ဆိုတာလဲရှိတယ်၊ အစွန်း ရောက်သွားရင် နောက်ကြောင်း ပြန်လှည့်ကြတာ သဘာဝဘဲ “

           ဘာကို ဆိုလိုတာလဲ ကိုမိုးဝင်း “

“ သြော်... လူမည်းတွေကိုလူဖြူတွေက ဖိနှိပ်ခဲ့တဲ့ အသားအရောင်ခွဲခြားရေးကို လူမည်း တွေ ဆန့်ကျင်တော်လှန်ရာကနေ  လူဖြူဆန့်ကျင်ရေးဆိုတဲ့ Apartheid ပုံစံ မျိုး ကို သူတို့ကိုယ်တိုင် ပြန်ကျင့်သုံးလာနိုင်တဲ့ အခြေအနေ မျိုး ရောက်လာ နိုင်လို့ပါ။ အလွန်အကြွံ မဖြစ်ဘို့ တော့လိုတာ ပေါ့ဗျာ ၊ ဒါကလည်း ကျွန်တော် ထင်တာ ပြောတာပါ “

   အင်း ..ကိုမိုးဝင်း....ရေ...ဟုတ်မယ်ဗျ အရင်က ထိပ်ပိုင်းမှာရှိနေခဲ့ကြတဲ့ အဖြူတွေ တဖြေးဖြေး မရှိကြတော့ ဘူးဗျ၊ လူမည်းတွေနဲ့ အစားထိုးနေပြီ Rugby Team တွေမှာတောင် လူဖြူတွေ နေရာမှာ လူမည်းတွေကို အချိုးကျ အစားထိုးနေတာ တွေ့ရတယ်။ တစ်ချိန်မှာ လက်လွန် သွားမလား စိုးရိမ်ရတယ် ။ နိုင်ငံခြားရေး ဝန်ကြီး ဌာန မှာ လည်း Director ( ညွှန်ကြားရေးမှူး ရာ ထူး လောက် ဆိုရင် အဖြူ တွေ ကို မပေး တော့ ဘူး လို့ ကြားရ တယယ် ဗျ။ “

သည်တွင် သင်းသင်းသွယ်က နံရံတွင်ထွင်းထုထားသည့် စာများဖတ်နေသော မြလေးညို အား -
   ဟဲ့.......မြလေး  ဆရာမိုး တို့ ပြောတဲ့ သမိုင်းကြောင်းကိုတော့ တစ်စွန်း တစ်စဘဲ ကြားမိ တယ် ၊ ဒါပေမဲ့ သင်းသင်း  တစ်ခါက ပြောခဲ့တဲ့ ချိန်သီး သီအိုရီ တော့ ပါတာ ကြားလိုက်ရတယ် ဟဲ့ “

အခြားသူများ သဘောမပေါက်သော်လည်း မြလေးကတော့ ရှက်နေသည်။ မြလေးညို နှင့် သင်းသင်းသွယ်တို့သည် သိပ္ပံနည်းပညာရှင်များဖြစ်ကြ၍လည်း နိုင်ငံရေးတွင်အနည်းငယ် စိမ်းကြသည်။ မြလေးညိုကို  နောက်ချင်တဲ့ မောင်မောင်စိုးက -

   မြလေး ဒီတခါရော အိပ်ငိုက် သေးလား “  

   ကြည့်........သူလုပ်ပြန်ပြီ “

မသိမသာ အနားကပ်ခါ မောင်မောင်စိုး၏လက်ကို အသာဆွဲ ဆိတ်ပါတော့သည်။ ကြည်နူး နှစ်သိမ့်မှု လေးများ ပေါက်ဖွား ခဲ့ရပါသည်။

ပြန်အဆင်းတွင် စက်လှေကားနှင့်မဆင်းဘဲ ခြေလျှင် ပြန်ဆင်းကြသည်။ မောင်မောင်စိုး က အနားမှကပ်လျှက်ဆင်းနေသော  မြလေးညိုကို ချမ်းနေသလား လို့ တိုးတိုးမေးတော့ မြလေးညို ခေါင်းရမ်း ပြသည်။

လှေခါးထစ် ပေါင်းများလာတော့ တစ်ချိန်တွင် မြလေးညို ယိုင်လဲမလိုဖြစ်၍ အနီးရှိ မောင်မောင်စိုးကမြလေးညို ၏ ပုခုံးနှစ်ဘက်ကို ဆွဲကာ လှမ်းထိမ်းလိုက်ရာ -

  ဆရာကလဲ ကျက်တူရွေး ကတော်တော် မယ်ဘော်က ကဲကဲ ဆိုသလို ဖြစ်နေပြီ၊ ခုန ကလည်း မြလေး တစ်ယောက်ထဲ ရွေးမေးတာ ကြားလိုက်ပါတယ်နော် ၊ ဟုတ်တယ် မဟုတ်လား ဆရာမိုး “

သင်းသင်းသွယ် က ကိုမိုးဝင်းကို တိုင်တည်နေသော်လည်း ကိုမိုးဝင်းကမူ ဘာမှပြန်ပြော မနေဘဲ ရှေ့ ကဆင်းသွားသည်။

  သြော်...... သင်းသင်း က ဝေးနေလို့ ပါ၊ ကိုယ့် မင်းသမီး၊ တစ်ခု ဖြစ်သွားမှာ စိုးရိမ်လို့ပါ ကွာ “
  သိပါတယ် ဆရာရဲ့ ၊ မြလေး ဟာ ဆရာ့ မင်း သမီးဆိုတာ “ 

သင်းသင်းသွယ် က အထွန့် တက်နေပြန်သည်။

  အဲဒီ လိုလဲ မဟုတ်ပါဘူးဟာ - သူ တစ်ခုခု ဖြစ်သွားရင် ပွဲ ပျက်သွား လိမ့်မယ် “

  ပွဲပျက်ရုံသာဆိုရင် တော်သေးတာ ပေါ့၊  အသဲပါ ပျက်သွား ရင် ပိုဆိုးလိမ့်မယ် “   

ဆက်ပြောလေ ...ပို ဆိုးလေ ဖြစ်တော့မှာမို့ မောင်မောင်စိုး ပြန်၍ စကား စစ်ထိုးမနေတော့ပါ။






(၅)


အပြန်တွင် ညစာ ကို မောင်မောင်စိုး၏ အိမ်တွင်ပင်ချက်ပြုတ်စားသောက် ကြရန် အတွက် အိမ်မရောက်မှီ Menlynn Shopping Mall သို့ဝင်ကာ Hyper Checkers ၌ စားသောက် ဖွယ်ရာ များဝယ်ကြသည်။ ကင်၍စားရန် အသင့်ပြင်ဆင်ထားပြီးသည့် အသားများ ကိုလည်း ဝယ်ကြသည်။




Menlyn Shopping Mall, Pretoria.





Menlyn Shopping Mall, Pretoria.




Menlyn Shopping Mall, Pretoria.



Menlyn Shopping Mall အတွင်း ပိုင်း မြင်ကွင်း။


Menlyn Shopping Mall အတွင်း ပိုင်း မြင်ကွင်း။


Menlyn Shopping Mall အတွင်း ပိုင်း မြင်ကွင်း။




                          Menlyn Shopping Mall အတွင်း ပိုင်း မြင်ကွင်း။




         Split Level သုံးထပ် သဖွယ် ဖြစ်နေသည့် အိမ် တွင် ရေ ကူးကန်နှင့် တွဲလျှက် ရှိသော လသာဆောင်မှာ ပထမအဆင့်ရှိ ကားသုံးစီးဆန့် ကားဂိုဒေါင်နှင့် စတိုးခန်း များ၏ အမိုးပေါ်တွင်ဆောက်ထားသဖြင့် အတော်ကျယ်ဝန်းသည်။

 ယင်း၏နောက် တွင်မူ ဧည့်ခန်းနှင့်ထမင်းစားခန်း မီးဖိုချောင် တို့ကဆက်လျှက်။ နောက်တစ်ထပ် တွင်မှ အိပ်ခန်း(၃)ခန်းနှင့်  ခန်းမတစ်ခုရှိသည်။ ရေကူးကန် ဘေးတွင် အပွင့်ရောင်စုံ တရုတ်စကားပင်များကို စဉ့်အိုးကြီးများတွင် ထည့်၍စိုက်ထားသည်။

 လသာ ဆောင်၏ပတ်လည်တွင် အာဖရိကဒေသခံ ပန်းပင်ရောင်စုံကို အိုးများနှင့် အကွက် ကျကျ စိုက် ထား သဖြင့် စိတ်ချမ်းမြေ့ဘွယ်ရာဖြစ်နေသည်။

         အိမ်သည် လမ်း၏အထက် အမြင့်ပိုင်းတွင်ရှိနေသည့်အတွက်လည်း လမ်းတစ် ဖက်ရှိ  Pretoria Golf Course  ၏ ရေကန်ထဲတွင် ရေဘဲအပါအဝင် ရေပျော်ငှက် မျိုးစုံ ကူးခတ် နေသည်ကို အပေါ်စီးမှ ကြည်နူးဖွယ်ရာတွေ့မြင်ရသည်။ ထို့ကြောင့်  မြလေးညို တို့ အိမ်ကိုလာလျှင် ပျော်ကြသည်။ အားတိုင်းလည်း လာကာ နားနားနေနေ နေလေ့ရှိကြသည်။

         လသာဆောင်တွင် အာဖရိကန်ဘာသာစကား  အရ Braai Pit ဟုခေါ်သည့် အသား ကင်သည့် မီးဖိုရှိသည်။ တောင်အာဖရိကရှိ ကြေးရည်တတ်များ၏ အိမ်တိုင်းတွင် ရေကူးကန်နှင့် Braai Pit ရှိသည်မှာ အစဉ်အလာ။

         အိမ်ပြန်ရောက်သော် မောင်မောင်စိုး နှင့် ကိုမိုးဝင်းတို့က လသာဆောင်တွင် အသား ကင်ကြသည်။ တစ်ခါ တစ်ခါ သင်းသင်းသွယ် က လာကူသည်။ မြလေးညို ကမူ မီးဖိုထဲမှာ ပင် အလုပ် ရှုပ်နေသည်။

  ဆရာ - အာလူး ဟင်း ချက်ထားတာ အခွံလဲမခွာဘဲချက်ထားပါလား ဆရာ “

“ အာလူးက သေးသေးလေးတွေဆိုတော့ အားလုံးကို မခွာနိုင်တော့ဘူး သင်းသင်းရယ်၊ စားတော့မှ အခွံကို ပါးစပ် ထဲက ထွေး ထုတ်လိုက်တာပါဘဲ “

“ ဖြစ်မှ ဖြစ်ရလေ ဆရာရယ်၊ မြလေးလဲ စိတ်မကောင်းလို့ နောက်နေ့တွေမှာ ဆရာစား ဖို့ အတွက်ပါ ပေါင်းပြီးချက်နေလေရဲ့ ဆရာ။ မြလေးက Laundry Room ထဲမှာ ပုံထားတဲ့ အဝတ်တွေလဲ အဝတ်လျှော် စက်ထဲထည့်လျှော် ထားတယ်။ သင်တန်း အားတဲ့အချိန်မှာ သူ မီးပူ လာတိုက် ပေးမယ်လို့ ပြောတယ်ဆရာ “

         အားလုံးပြင်ဆင်ပြီးချိန်တွင် ရေကူးကန်ဘေးရှိစာပွဲ၌ ဖယောင်းတိုင်မီးအိမ် ထွန်းကာ ထိုင်ကြသည်။ ညဦးခင်းလေပြေမှာ လရောင်အောက်တွင် လွန့်လူးဆော့ ကစားနေသည်။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်နေပြီ။ ရေကန်ဘေးရှိ တောအုပ်မှ အိပ်တန်းဝင်ငှက်များ အော်သံကိုသာ တခါ တခါ ကြားရသည်။

         မောင်မောင်စိုးနှင့် ကိုမိုးဝင်းတို့သည် တောင်အာဖရိက၏ နာမည်ကျော် စိန်တွင်းများရှိရာ Kimberley ဒေသထွက် Barney  Barnato Merlot Wine ကို အသားကင်များနှင့် သောက်ကြ သည်။ မြလေးညို နှင့် သင်းသင်းသွယ်တို့ က Oranjerivier Cellars ROSE  ကို သောက်ကြကာ အသားကင်ကိုမူ နည်းနည်းစီ သာ စားကြသည်။

         ထိုနေရာတွင်ပင်ဆက်၍ ညစာစားကြသည်။ မြလေးညိုတို့ ချက်ထားသည့် ဟင်းများမှာ ကောင်းပါသော်လည်း များများမစားနိုင်ကြတော့သဖြင့် မြလေးညိုနှင့် သင်းသင်းသွယ်တို့က ဘူးများတွင်ထည့်ကာ ရေခဲသေတ္တာထဲ ထည့်ထား ပေးကြသည်။

         စားသောက်ပြီး TV ခန်း နှင့်တွဲလျှက်ရှိသည့် ထမင်းစားခန်းတွင် အသီးအ နှံ များ စား ကြသည်။ TV  အစီအစဉ် စာရွက်များ တင်ထားသည့် မှန်စားပွဲ အောက်တွင် ပုံထားသည့် စာရွက်များအပေါ်မှ ကဗျာစာရွက် တစ်ရွက်ကို မြလေးညို လှမ်းတွေ့ လိုက်သည်-

   ဆရာ ရေးတဲ့ ကဗျာလား ဟင် ၊ မြလေး ဖတ်ကြည့် လို့ ရမလား ဟင် “

   ဟုတ်ပါတယ် မြလေး ၊ ဖတ်ကြည့်ပါ “

ကဗျာကို ယူလိုက်သည်တွင် တစ်ဖက်၌ လှပ ချောမွေ့ သည့်တရုတ်နွယ်ဖွား မိန်းမချော လေး တစ်ဦး၏ ပုံလေး တစ်ပုံ ကိုပါတွေ့ရ သည်။

“ အိပ်မက်ထဲ က မောင့် ချစ်သူ “

အိပ်ပျော်ရာမှ၊
မြင်ကာ တစ်ဝက်၊
ပျောက် တချက်ဖြင့်၊
ပင့်သက်ချကာ၊
နိုးထလာတော့၊
ခြေရာလဲပျောက်၊
ရေလဲ နောက်နဲ့ ၊
ကိုယ်တစ်ယောက်ထည်း၊
ကျန်ခဲ့ချည်းမို့၊
သည်း နင့် ရင်မှာ၊
သိလိုက်ပါသည်၊
အိပ်မက်ကမ္ဘာ က မောင့် ချစ်သူ။

   ဆရာ့ဘဝထဲက  ကဗျာလား ဟင် “   မြလေးညို ကမေး လိုက်သည်။

  ဟုတ်ပါတယ် မြလေး ၊ ဓါတ်ပုံ ကလည်း အဲဒီ အိမ်မက်ထဲက မိန်းကလေးပါဘဲ “

မြလေးညို ရော သင်းသင်းသွယ်ပါများစွာ စိတ်ဝင်စား နေပုံရသည်။

ကိုမိုးဝင်း  က.....

“ ကိုမောင်မောင်စိုး ရေ ဇာတ်လမ်းကို စ ထားပြီးမှတော့ ရပ်ထားလို့ မကောင်းဘူးထင် တယ်ဗျာ “

“ ဟုတ်ပါတယ်ဆရာ ၊ ကဗျာလေး ဖတ်ပြီးမှတော့မှ ပြောလို့ ရသလောက် ကလေး ကို တော့ သင်းသင်း တို့ နားထောင်ချင်ပါတယ် ဆရာ “

         မောင်မောင်စိုးသည် ပြောရလည်းခက် မပြောရလည်းခက်ဖြစ်နေသည်။ တစ်ဖက် ကလည်း သိတ်သိနေချင်ပုံ ရသည်။ ပြောရမှာက မေတ္တာဖွဲ့ ဇာတ်လမ်း လေးတစ်ပုဒ်။ 

          “ ကိုယ် စင်ကာပူ မှာ သံမှူးတာဝန်ထမ်းဆောင်စဉ်က တိုင်ဝမ်သူလေး ဗစ်ကီအောင်း   နဲ့ တွေ့ခဲ့တယ်။ Marina Bay Golf Course မှာ ဂေါက်သီး လေ့ကျင့်စဉ် စတင် ခင်မင် ခဲ့ကြ တာ၊ ဗစ်ကီရဲ့  ယခင့်ယခင် ဆွေစဉ် မျိုးဆက်တွေ က မြန်မာနိုင်ငံက၊ ဗစ်ကီ သည်ပင် မြန်မာလို အတော်အသင့်ပြောနိုင်တယ်၊

         နောက်တော့ ဂေါက်ကွင်းတွေမှာလှည့်ကစားကြရာ က ညပိုင်းများတွင် ညစာစားထွက်လိုက် Club များ Bar များသွားလိုက် ဆိုတဲ့အဆင့်ကို ရောက်ခဲ့ကြ တယ်။ အတူသွားအတူလာ အတူစားတာတွေ များလာတော့ သာမန်ရင်းနှီးတဲ့ အဆင့်ကို ကျော်လာကြ တယ် ။ နေမြင့်လေ အရူးရင့်လေ ဖြစ်လာကြတာပေါ့။


ဗစ်ကီ အဖေ လုပ်ငန်းများပြီးဆုံးလို့ တိုင်ဝမ်ပြန်ချိန်ရောက်တော့ သူနဲ့ လိုက်ခဲ့ပါလို့ ခေါ်တယ်။ မြန်မာနိုင်ငံခြားရေးဝန်ထမ်းများ အနေနဲ့ နိုင်ငံခြားသားနှင့် အိမ်ထောင်ပြု၍မဖြစ်၊ ရှေ့ဆက်တိုးလျှင် အလုပ်ကနှုတ်ထွက်ရမည့်ကိန်း။ သူ့အဖေက International Chain လုပ်ငန်းကြီးတွေ လုပ်နေသူမို့ ကိုယ့်အတွက် ဒီအလုပ် ကထွက်ရင်လည်း အလုပ်အတွက် ပြဿနာရှိမှာ မဟုတ်။

         သို့ သော် နိုင်ငံ ဝန်ထမ်း ဖြစ်နေသဖြင့်  ကိုယ့်နိုင်ငံ၊ ကိုယ့် ဌာန ကျန်ရစ်ခဲ့ သည် အမိအို အဖ အို တို့ ကို သစ်စိမ်း ချိုး ချိုး ကာ ထားရစ် ဘို့ ကလည်း မဖြစ်။

         ဒါနဲ့ ဒီဘဝအတွက်တော့၊ နှမလက်လျှော့ နေလေတော့လို့ဘဲ ဆုံးဖြတ် လိုက်ရ တယ်။

         ခွဲခွာကြရပေမဲ့ ကျောခြင်းကပ်ပြီး ဆန့်ကျင်ဘက်ကို  လျှောက်ကြရပါစေ ကမ္ဘာကြီးက လုံးဝန်းနေတော့ ကံကြုံရင် တစ်နေ့မှာပြန်ဆုံကြမှာဘဲဆိုတဲ့ အမှတ်အသားအဖြစ်   ဗစ်ကီ တိုင်ဝမ် မပြန်ခင် နောက်ဆုံးနေ့ ညပိုင်းမှာ Singapore Flyer ကို စီးကြတယ်။


 Singapore Flyer.


 Singapore Flyer


 Singapore Flyer Cabin.



         Singapore Flyer ဆိုတာက ကမ္ဘာပေါ်မှာ အကြီးဆုံးခြားရဟတ်ကြီး လို့ ဆိုကြတယ် ၊ မိုး ထိတိုက်တွေလောက်မြင့်တယ်၊ မီးရောင်စုံအောက်မှာ တဖြတ်ဖြတ်နဲ့ တောက်ပ လင်းလက်နေတဲ့ စင်ကာပူရဲ့ ညရှုခင်းကိုကြည့်ရှုရင်း  ဗစ်ကီဟာ ကိုယ် နဲ့စင်ကာပူကို နှုတ်ဆက်သွားတယ်။

          ဗစ်ကီ  က ပြောတယ် - ဒီ ခြားရ ဟတ်ကြီး ကို တစ်နေရာကနေ စီးရင် အချိန်ကျတော့ အဲဒီ နေရာကိုဘဲ ပြန်ရောက်လာတာဘဲတဲ့ ၊ ဒါဟာ သူနဲ့ကိုယ်တို့ ပြန်လည်ဆုံတွေ့ ကြရမဲ့ နိမိတ်ပဲ လို့ပြောတယ်၊ ဒါ့အပြင် စင်ကာပူဟာ သူ့ဘဝမှာ တစ်သက်လုံး မေ့လို့ မရမဲ့နေရာပါ ဘဲလို့ ဆိုပြီး  ကိုယ့်ပုခုန်းပေါ်မှာ မျက်နှာအပ် ကာ ရှိုက်ခါ ရှိုက်ခါ  ငို တော့တာပါဘဲ။

          စိတ်ထဲမှာအတော့ကို စိတ်ထိခိုက်သွားခဲ့ရတယ်။ အမှန်ပြောရရင် ဆုံးဖြတ် ထားခဲ့တာတွေ ပြန်ပြင်လိုက်ရမလားလို့တောင် စိတ်ကူးပေါက်မိလိုက် သေးတယ်။ နောက် ခြောက်လ လောက်ကြာ တော့  ဗစ်ကီထံကဝင်လာတဲ့ e-mail တွေထဲမှာ သူ့ကိုမိဘတွေက နေရာချပေးဘို့ စီစဉ်နေတယ် ဆိုတဲ့ mail တစ်စောင်ပါလာတယ်။ ဒါကတော့ ဗစ်ကီရဲ့ နောက်ဆုံး နှုတ်ဆက်ခြင်းပါဘဲ။

         ဒါတွေဟာ ဘဝရဲ့အိပ်မက်ပါဘဲ၊ အိပ်နေရာက နိုးထလာတော့ အားလုံးပျောက် ကွယ် သွားတာပါဘဲ။ အခုတော့ ရင်ထဲမှာ ရိုက်ခတ်နေတဲ့လှိုင်းတွေလဲ  ငြိမ်သက်ပါပြီ ၊ ဒီတခါ အိမ်မက် မက်ရင်တော့ ပျောက်သွားမှာ စိုးလို့ အိပ်ယာ က မနိုးချင်တော့ဘူး ဗျာ 

         မောင်မောင်စိုး၏ အိပ်မက်ဘုံကလေး ပျောက်ဆုံးသွားမည်စိုးသည့် သောက နှင့်ကြည့်သော အကြည့်ကို မြလေးညို ရင်ဆိုင်ကြည့်ရန် မဝံ့မရဲ ဖြစ်နေ၍ ခေါင်းငုံ့၍ သာနေလိုက်ရသည်။

         “ ကိုမောင်မောင်စိုး စင်ကာပူကနေ ဒီကို Cross-Transfer  နဲ့ ပြောင်းလာ ကာစမှာတော့ သူ့ရဲ့ အတော်ခြောက်သွေ့ဆွေးမြေ့တဲ့ ဘဝကိုသတိပြု မိတယ်၊ ဒါနဲ့ ကျွန်တော်သူ့ကို တော်တော် လေး အဖေါ်ပြုပြီး ထိမ်းပေးခဲ့ရတယ်။ အခုတော့ နှစ်နှစ် ကျော်ကျော်လည်းရှိလာပြီ၊ Assignment တောင် ပြီးလောက်တော့မဲ့ အချိန်ဆိုတော့ အနယ်ထိုင်လောက်ပါပြီ။ အခုလဲ ခင်ဗျားတို့ပါ အဖေါ်ပြု ပေးလိုက်တော့ သူ့ဘဝအတော်လေး စိုပြေ လန်းဆန်း လာတယ်လို့ ဆိုရမယ် “

           အေးဗျာ ကိုမိုးဝင်း ကို ကျေးဇူးတင်ရသလို မြလေး တို့ကိုလည်း ကျေးဇူးတင်ပါတယ်။ ပူလောင်နေတဲ့ နွေခေါင်ခေါင်ရဲ့ အလယ်မှာ ရွာပေးလိုက်တဲ့ မိုး လိုပါဘဲ “

ည နက်စ ပြု ပြီ မို့ အားလုံး ငြိမ်သက်နေသည်။ တစ်ခါ တစ်ခါ လသာဆောင် ရှေ့ ရှိ Pretoria Golf Club ရေကန် အတွင်း က ရေဘဲ ကလေး တွေ တိုးတိုး မည်သံ သာ  ညှင်းညှင်း သာသာ ပျံ့ လွင့် လာ သည်။

         မောင်မောင်စိုး၏ ငြိမ်သက်စပြုနေပြီဖြစ်သည့်ရေပြင်တွင် လှိုင်းသစ်ကလေး များ ထပ်မံ လှုပ်ရှားလာနေသည်ကို အားလုံးက သတိထားမိလိုက်ကြသည်။ ထို့ကြောင့်လည်း ဘာမှဆက် မမေးကြ၊ မပြောကြတော့။

     တခန ဆိုတဲ့ အတိုင်း အတာ တစ်ခု မှာ အားလုံး ဆက် လက် စ အတွေး လေး တွေ နဲ့  ငြိမ်သက် နေကြသည်။ 

အဆောင်သို့ ပြန်အပို့ တွင် -

  အာလူးကို အခွံမခွာဘဲချက်တာမျိုးတော့ မလုပ်ပါနဲ့ ဆရာရယ်၊ မြလေး ရှိနေတုန်း လာ..လာ ပြီး ချက်ပေးပါ့ မယ် “


ဒီ အချိန် မှာ တော့ မြလေးညို၏ ရင်ထဲမှ ပွင့်ထွက်လာသည့်စကားမှန်း သင်းသင်းသွယ်သိလိုက် ၍ မနောက် ရက် တော့ပါ။

         သြော်....ခြောက်သွေ့ နေတဲ့ ဘဝ နွေ ကို ခဏစိုပြေစေတဲ့ မိုးကလေး ထာဝရ ဝေ လေလျှင် ဘယ်လောက်များ ကောင်း လိမ့် လေမလဲလို့ မောင်မောင်စိုး စိတ်ထဲမှ တွေးလိုက်မိပါသည်။





(၆)


         ASEAN Family Fair ကို ထိုင်းသံရုံးရှိ မျက်ခင်းတွင် ကျင်းပသည်။ ထိုပွဲသို့ သံရုံးမိသား စုများသာမက တောင်အာဖရိကသို့ ရောက်ရှိနေကြသည့် အာဆီယံ နိုင်ငံများမှ နိုင်ငံသားများ ၊ အခြားသံတမန် အသိုင်းအဝိုင်းအပြင် တောင်အာဖရိ အစိုးရအဖွဲ့ ဝင်များ၊ ဝန်ကြီးးဌာနများနှင့် လုပ်ငန်းရှင်များပါ တက်ရောက်ကြသဖြင့် များစွာ စည်ကားသည်။

         ပြခန်းများကြည့်လိုက်၊ ဒေသဆိုင်ရာ ပစ္စည်းများဝယ်လိုက်၊ စားကြ သောက်ကြနှင့် ပျော်စရာကောင်းလှသည်။ ဆိုင်တိုင်း လိုလိုတွင် ရိုးရာအစား အသောက် များအပြင် အအေးမျိုး စုံ နှင့် ဘီယာမျိုးစုံရသည်။ Castel Beer က လည်း အထူးဆိုင်လာဖွင့်ထားသည်။

         ကင်နီချီ က ထုံးစံ အတိုင်းထိုနေရာတွင်ပင် တလယ်လယ်။ သူ နှစ်ခွက်သောက်တိုင်း မောင်မောင်စိုးကို တစ်ခွက်တိုက်သည်။ ကင်နှချီ က ဘီယာ ကို ရေသောက်သလို သောက်တဲ့ သူ ။ ဂေါက်သီး ရိုက်ကြ လျှင် လည်း ပူပူ အေးအေး မနက် ၈ နာရီလောက်ထည်း က ဘီယာ ကို သစ္စာ ရှိစွာ သောက် သည်။ ဂေါက်ကွင်း ထဲ မှာ လည်း ဘီယာ နဲ့ အချို ရည် များကို Buggy နဲ့ ပတ်ရောင်း နေ တော့ ငိုခြင်ရဲ့ လက် တို့ ဆိုသလို ဖြစ်နေသည်။ သူ သောက် တိုင်း မောင်မောင် စိုး ကိုပါတိုက်သည်။ 

     ဂေါက်သီး ရိုက်ဖေါ် ရိုက်ဖက် အင်ဒိုနီးရှားသံမှူး အာဆာ က - 

" မင်း တို့ က ကွာ မိုး မှ ဟုတ်တိပတိတိ မလင်းသေးဘူး ဘီယာ သောက် နေကြပြီ "  လို့ ဆိုရ တဲ့  အတွဲ။ 


 ကိုမိုးဝင်းနှင့် သင်းသင်းသွယ် တို့က မြန်မာသံရုံး အတွက် နေရာချပေးထားသည့်  Gazebo ရွက်ဖျဉ်တဲတွင် ကူညီလုပ်ကိုင်ပေးနေသည်။ မြန်မာကောင်တာ တွင် အုန်းနို့ ခေါက်ဆွဲ၊ ကျောက်ကြောနှင့် မြန်မာ့လက်မှုအနု ပညာလက်ရာလေးများ ရောင်းချ သည်။

         အဆိုအက အစီအစဉ်တွင်မူ အများစုမှာ Group Dance များသာဖြစ်ကြ သည်။ အထူး အစီအစဉ်အဖြစ် မြန်မာ အစီအစဉ်ကို နောက်ဆုံးတွင်ထားသည်။ မြန်မာအစီအစဉ် စတင်သော် အခန်းနားမှူးဖြစ်သူ ဖိလစ်ပိုင်သံရုံးမှ ကောင်စစ်ဝန်ချုပ်ဖြစ်သူ သံမှူးကြီး ( Minister Counsellor ) အော်စကာ  က -

         “ ယခု နောက်ဆုံးအစီအစဉ်မှာ အထူးအစီအစဉ်ဖြစ်ကြောင်း၊ မြန်မာသံရုံး ဒုတိယအကြီး အကဲဖြစ်သူ ကျွန်တော်တို့ရဲ့မိတ်ဆွေ သံမှူး မစ္စတာမောင်စိုးက သီဆိုကာ မစ္စမြလေးညို က - က မည်ဖြစ်ကြောင်း၊ သီချင်းမှာမြန်မာ့ရိုးရာ နှစ်သစ် ကူး သင်္ကြန်သီချင်းဖြစ်ကြောင်း၊ သင်္ကြန်သည် တစ်ဦးနှင့် တစ်ဦး ရေပက်ဖျန်း၍ နှစ်သစ်ကိုကြို သည့်ပွဲတော်ဖြစ်ကြောင်း၊ ရေသဘင်ပွဲတော်အချိန် ပူပြင်းလှ သည့် နွေကာလတွင် အေးမြစေဘို့ ရာ ရွာသွန်းပေးသည့် မိုးကလေးအကြာင်းကို လှပစွာ ရေးသီဖွဲ့ ထားကြောင်း၊   ဒါ ကြောင့် ယခုအစီ အစဉ်ကို   Summer Rain လို့ အမည် ပေးထားကြောင်း၊ ယင်းနှင့် တဆက်ထည်း တင်ဆက်မည့် အစီအစဉ်မှာမူ တက်ရောက်သူအားလုံးပါဝင်ကြရမည့် အစီအစဉ် လည်းဖြစ်၊ Surprise လည်းဖြစ်စေရန် အသေးစိတ် ကြေငြာမည်မဟုတ်ဘဲ စောင့်ကြည့် ကြပါရန် နှင့် - 

 " Ladies and Gentlemen, Please Welcome Summer  Rain “ ဟုကြေငြာ လိုက်သည်။

ပရိဿတ်အတွင်းရှိ သံအမန်အများစုကလည်း မောင်မောင်စိုးရဲ့ မိတ်ဆွေတွေမို့ လက်ခုပ်များ တီးကာ အားပေးကြသည်။

         အာဆာသည် နွေလယ်မိုးကို တီးခတ်ရာတွင် ဂီတပညာပြသည့် အနေနှင့် ၎င်းကိုယ်တိုင် Composed လုပ်ထားသော Intro ကိုတီးသည်။ ထို အချိန်တွင် မောင်မောင်စိုး နှင့်မြလေးညို တို့ စင်ပေါ်သို့ ဘေး တစ်ဘက်တစ်ချက်စီမှ တက်လာကြသည်။

         မြလေးညို သည် ဆံပင်ကို အရင်းတွင် တစ်ချက်သာ စီးထားသည်။ အင်္ကျီ အစိမ်းနုရောင် ဝတ်ဆင်ထားကာ အင်္ကျီ၏ရင်ခွဲနေရာနှင့် လက်ဖျားနှစ်ခုတွင်မူ ပန်းနုရောင်လေး ပြေးထားသည်။ အင်္ကျီပေါ်တွင်လည်း အစိမ်းရောင် အတန်းလေး များတန်း ထားသည်။ ထမီသည်လည်း အစိမ်းနု ရောင်ဖြစ်ပြီး အပေါ်တွင် အစိမ်းရင့်ရောင်  ပန်းပွင့်ကလေးများနှင့်ပုံဖေါ် ထားသဖြင့် မြလေးညို ၏ သွယ်လျှသောကိုယ်ဟန်နှင့် ဝါဝင်းသော အသားအရည်တို့မှာ အစိမ်းနုရောင် ဝတ်စုံအောက်တွင် လှပလွန်းလှသည်။


         ဆိုရ ကရမည့် သူများအတွက် သတ်မှတ်ထားသည့် နေရာအရောက်တွင် အာဆာ ၏ Intro ကလည်း အချိန်ကိုက် ဆုံးကာ -နွေလယ်မိုး- သီချင်း ကို စတော့သည်။ မောင်မောင်စိုး ၏အဆို မှာ ချိုသာ ကြည်မြရုံမျှသာ ဖြစ်သော်လည်း မြလေးညို ၏ အကမှာ မြင်ရသူများ မျက်စေ့တွင် စွဲ စေလောက်အောင် သွက်လက် ပြော့ပြောင်း ငြိမ့်ငြောင်းလှသည်။ ရိုးရာအက နှင့် အနောက်တိုင်း အကကို မသိမသာပေါင်းစပ်၍ က သဖြင့်လည်း အမြင်ဆန်းလှသည်။  မြလေးညို ၏ အကကို ပရိဿတ်များက ချီးကျူး သြဘာ ပေးကြသည်။

         နွေလယ်မိုး အပြီးတွင် အာဆာ က သီချင်း၏အဆုံးပိုဒ် အတေးသွား သံစဉ်နှင့် နောက် ထပ်ဆိုမည့် နှစ်သစ်မင်္ဂလာ သီချင်း၏ အဝင်သံစဉ်ကို ချိတ်ကာ  Intro  တီးပေးသည်။ ထိုစဉ် မောင်မောင်စိုးသည် မြလေးညို၏ လက်ကလေးကိုတွဲကာ စင်အောက်ရှိ မျက်ခင်းပြင်သို့ ရှေ့ လှေကားမှ ဆင်းလာကြသည်။ မျက်ခင်းသို့ ရောက်သည်နှင့် Intro  ဆုံးကာ သီချင်းစသည်မှာ ကွက်တိ။

သည်တစ်ချိန်တွင် မြလေးညို သည် Tango နွယ်သည့် အကများပါ တွဲ၍ ကလာသည်။ တေးသံနှင့် အကတို့က စိတ်ကိုကြွလာစေသဖြင့် ပရိဿတ်များများလှုပ်လှုပ်ရွရွဖြစ် လာကြသည်။

         “ နှစ်သစ် မင်္ဂလာ- အတာရေသဘင် ပွဲမှာ- ချစ်ချစ်ခင် စရာ ကြင်သူကို ကိုယ်လေ လိုက် ရှာ - ဟော ....  တွေ့ပြီဗျာ  ဖလားလေးနဲ့ သူရေကစားတာ - နှုတ်ခမ်းလေးမဲ့ကာ မခို့ တယို့ နဲ့ သိနှင့်တာ “  

         မောင်မောင်စိုးသည်အပိုဒ် ဆို၍ဆုံးသည်နှင့် ဒုတိယပိုဒ်ကို အင်ဒိုနီးရှား ဘာသာဖြင့် သီဆို သည့် အမျိုုးသမီးအသံတစ်သံ  ကြည်လင်ချိုမြစွာ ထွက်ပေါ် လာရာ ပရိဿတ်အားလုံး အံ့အားသင့် နေကြသည်။ ဘယ်နေရာ က ဆိုနေမှန်း လည်း မသိကြ။

         နောက်မှ ဟေဇယ်သည်  ဇီးစေ့ခန့်သာရှိသည့် FM Mic ကလေးကို အင်ဒိုနီးရှား ရိုးရာ အင်္ကျီ၏ လည်တိုင်အနားတွင်ချိတ်ကာ ပရိဿတ်များအလယ်ရှိ မင်းလမ်းမှ သီချင်းဆို၍ ရှေ့ မျက်ခင်းပြင်သို့ ထွက်လာသည်ကို တွေ့ကြရသည်။

 ဟေဇယ်၏ ကြက်သွေး ရောင်အောက်ခံတွင် ရွှေအိုနှင့် အနက်ရောင် ဒေလီယာ ပွင့်များ စီချယ်ထားသည့်် လည်ထောင် ကိုယ်ကျပ်အင်္ကျီ နှင့် ဖြူဝင်းသည့်အသား အရည်တို့မှာ အများအာစုံ စိုက်ဘွယ်ရာဖြစ်နေသည်။ ပရိဿတ်များ သြဘာပေး လိုက်ကြသည့်ဖြစ်ခြင်း။ သူကလည်း သံတမန်လောက ၏မင်းသမီးတစ်ဦးပင်။ မျက်ခင်း ပြင်ပေါ် တွင် ကြယ်လေးနှစ်ပွင့် လင်းလက်နေပေသည်။

         သည့်နောက်- မြန်မာလိုဆိုသည့် အလှည့်တွင်ရော  အင်ဒိုနီရှားလိုဆိုသည့် အပိုဒ်တွင်ပါ အင်ဒိုနီရှား ပရိဿတ်တွေက ဝိုင်းဆိုကြသည်။ အင်ဒိုနီးရှား အုပ်စုက လည်း များလှသည်။ သီချင်း အတီးပိုဒ်တွင် ဟေဇယ်သည် မြလေးညိုနှင့်အတူ ဝင် က နေရာမှ ပရိဿတ်ကိုပါ ဖိတ်ခေါ်လိုက်ရာ Dancing Floor ဖြစ်သည့် မြက်ခင်းပေါ်သို့ ပရိဿတ်တွေ တပြုံတမကြီး ရောက်လာကြသည်။ 

ပြော စရာ မလို …ကင်နီချီက ထိပ်ဆုံးမှ။

         ထိုစဉ် သီချင်းသံအကြားမှ “  Summer Rain    ဆိုသည့် အော်စကာ ၏ ကြေငြာသံ ပေါ်လာ သည်နှင့်အတူ မိုးပေါ်မှ ရေမှုန်ကလေးများ ဖြာ၍ကျလာသည်။  မြက်ခင်းဘေးတွင် စိုက်ထားသည့် တိုင်များအပေါ်ရှိ Sprinkler များမှဖြာထွက် နေခြင်းဖြစ်သည်။ အပေါ်တွင် မိုးရွာသကဲ့သို့ ဖြာထွက် နေသော်လည်း ရေမှုန်မှာ သေးသေးကလေးတွေသာဖြစ်၍ လူများကိုစိုရွဲှမနေစေဘဲ အေးမြ စေရုံ မျှသာဖြစ်စေ သည်။ မြက်ခင်းပေါ်တွင် က နေသော ပရိဿတ်များ၏ အသံမိုျးစုံဖြင့် အော်ဟစ်ခါ သြဘာပေးကြသည်မှာ ဆူညံသွားသည်။ ထိုင်းသံမှူးကြီးဝမ်ခိုျင်း၏ အစီအစဉ် ဖြစ်သည်။

         ပရိဿတ် များ က လိုက်ကြသည်မှာ သီချင်းကိုရပ်၍ပင်မရ။ သီချင်းကို နှစ်ကျော့တင် မက သုံးကျော့ပင် ပြန်ရသည့် အခြေဆိုက်သွားသည်။ များစွာ အောင်မြင် သော အစီအစဉ်ဖြစ်သည်။ ဂီတ ဂုရုကြီး အာဆာနှင့် ဝမ်ချိုင်းတို့ကို ကျေးဇူးတင်ရသည်။  မောင်မောင်စိုးရော  မြလေးညို ပါ ပျော်လိုက်ကြသည့်ဖြစ်ခြင်း။

         အပြန်တွင် မောင်မောင်စိုး အိမ်နှင့်မဝေးလှသော Pretoria Golf Course ဘေးရှိ Cactus Creek တွင် ညစာစားကြသည်။ Cactus Creek ၏ အပြင်အဆင်မှာ သစ်လုံးများကို အလယ်မှ ထက်ချမ်းခွဲကာ စားပွဲနှင့်ကုလားထိုင်များ လုပ်ထားသည်။ အမိုးသာရှိပြီး အကာမှာလည်း သစ်လုံးများကိုပင် နှစ်ပေခန့်သာ စတိကာထားသည်။ အလယ်တွင် စက်ဝိုင်းပုံ Bar Counter ထားသည်။ သဲကန္တာရ ထဲမှ Cow-boy တို့ပျော်မွေ့ရာနေရာမျိုး ဖန်တည်းထား၍ အနေလွတ်လပ်သည်။ ညဦး ပိုင်းတွင် အဖြူစုံတွဲများပြည့်နေသည့် နေရာဖြစ်သည်။

         မောင်မောင်စိုးနှင့် ကိုမိုးဝင်း တို့ က သောက်နေကြ Castle Beer သောက်ကာ မြလေးညို နှင့် သင်းသင်းသွယ်တို့က Alcohol 2.7 % သာပါသော သော  Smirnoff အချိုရည် သောက်ကြ သည်။ ကြက်ဆင်သားဟင်း ဆမ်းထားသည့် ခေါက်ဆွဲအသေး အကြွတ်ကျော်ကိုစားကြသည်။ မောနေကြသဖြင့် များများလည်း မစားနိုင်ကြ။

  ဆရာ...... ရှေ့ အပတ် ထဲမှာ မြလေးတို့  Free State ထဲမှာ ရှိတဲ့ Sasol ရဲ့ Coal Mine  တွေ ကို  Field  ဆင်းရမယ်။ တစ်ပတ် လောက်ကြာလိမ့်မယ်။  Sasol ရဲ့ Fischer-Tropsch Technologies t& Synthetic Fuels ထုတ်လုပ်ရာမှာ Coal က အဓိကမို့ သင်တန်း နောက်ဆုံး အစီအစဉ် အဖြစ် Coal Mine  တွေကို လေ့လာရေး သွားရမယ် ဆရာ။ ဒါထက် လာမဲ့အပတ်အတွက် စား ဘို့ဟင်း ရော ကျန်သေးရဲ့လား ဆရာ၊ မရှိရင်လဲ အခု တခါထဲ လိုက်ပြီး ချက်ပေးမယ်လေ “

  မြလေး ချက်ပေးထားတဲ့ ဟင်းတွေ ရှိပါသေးတယ် ၊ မြလေးလဲ မောနေပြီလေ 
မြလေးညို မျက်လွှာချ လျှက် ငြိမ်နေကာ သက်ပြင်းချ လိုက်ပါသည်။

  သဲ... လွန်းတယ်၊ ကဲ... လွန်းတယ် လေတွေ နဲနဲ လျှော့ ကွယ် “ 

သင်းသင်းသွယ်က သီချင်းလေးကို တိုးတိုးလေးညည်း၍ နောက်လိုက်ရာ ဘေးတွင် ကပ်လျှက်ထိုင်နေသည့် မြလေးညို က တထောင်နှင့် လှမ်းတွက်လိုက်သည်။

  သင်းသင်း ဟာ သင်းသင်း သီချင်းဆိုနေတာကို ....... ကြည့်ပါဦး ဆရာမိုးရယ် “

         မျက်နှာခြင်း ဆိုင်ထိုင်နေသည့် ကိုမိုးဝင်းကို လှမ်း ပြောလိုက်သည်။

         ကိုမိုးဝင်းသည် အေးအေးဆေးဆေး နေတတ်သူဖြစ်သည်။ သင်းသင်းသွယ် က ပျော်ပျော် ပါးပါး နေတတ်သည်။ နောက်တိုင်း ပြောင်တိုင်း ကိုမိုးဝင်းကို တိုင်တယ် လေ့ရှိသည်။ ကိုမိုးဝင်း က ဘာမှပြန်မပြောစေကာမူ ဤကဲ့သို့ ကြည်နူး ဘွယ်ရာလေး များအား နှစ်သက်သည်ကိုလည်း သိကြသည်။ တစ်ယောက်၏ လိုအပ်ချက်ကို တစ်ယောက်က အပြန်အလှန်ဖြည့်ဆည်းပေးသည့်  Complement of Life ဆိုတာ ဒါ  မျိုး လေလား လို့ မောင်မောင်စိုး တွေးနေမိသည်။




(၇)


မြလေးညို တို့ ခရီးထွက် နေစဉ် ကာလများတွင် မောင်မောင်စိုး တစ်ယောက် ရင်ထဲတွင် ဟာ နေသည်။ သို့သော် ASEAN Family Fair ပင်မကော်မတီ ၏ ဘဏ္ဍာရေးမှူး ဖြစ်၍  လုပ်ငန်းကော်မတီအလိုက် တင်ပြလာသည့် ငွေစာရင်း ရှင်းတမ်းများ၊ သံရုံး အလိုက် Charity အတွက် လှူဒါန်းငွေများ ၊ စသည်တို့ကို စာရင်းများရှင်းခြင်းနှင့် လုံးချာလိုက် နေသဖြင့် အလွမ်းကိုအလုပ်နှင့် ဖိထားနိုင် ခဲ့သည်။

         မြလေးညို တို့ ပြန်ရောက်သည့်အချိန်တွင် သင်တန်းပြီးရန်ရက်က သိတ်မလို တော့။ သင်တန်းမှ အားချိန်ရသလောက်တွင် ပရီတိုးရီးယားမြို့ထဲ လည်ပတ်ကြ သည်။ ထုံးစံအတိုင်း ရဲ လေးဖေါ်စလုံး ပါပေသပေါ့။

         ၈ျကရင်ဒါ ( Jacaranda )  ပန်းပွင့်ချိန် ဖြစ်သဖြင့် ပရီတိုးရီယား တစ်မြို့လုံး အပြာရောင် လွှမ်းနေသည်။



Jacaranda ပန်းပွင့်ချိန် Pretoria မြို့။


Jacaranda   ပန်းခင်း တဲ့ လမ်း။


Jacaranda ပန်းပွင့်ချိန် Pretoria မြို့။



Jacaranda   ပန်းခင်း တဲ့ လမ်း။



၈ျကရင်ဒါသည် မြန်မာ နိုင်ငံရှိ စိန်ပန်းပြာ နှင့် အတော်ဆင်သည်။ ပန်းပွင့်ချိန်တွင် တစ်ပင်လုံး ပြာနေအောင်ပွင့်သည်။ တစ်မြို့လုံးတွင် ၈ျကရင်ဒါပန်းပင်များ စိုက်ထားသဖြင့် တမြို့လုံးလည်း ပြာနေသည်။ ထို့ကြောင့်  ပရီတိုးရီးယားကို ၈ျကရင်ဒါမြို့ ( Jacaranda City Pretoria )    ပန်းခင်း တဲ့ လမ်း  ဟု ခေါ်ကြ သည်။ 


မောင်မောင်စိုး အတွက်မှာမူ  ဘဝ ကရော ကာလ ကပါ လွမ်းမောဘွယ်ရာ Blue Pretoria ဖြစ်နေချေပြီ။


         အမှန်တော့ လည်ပတ်ကြသည်ဆိုသည်ထက် မြလေးညို တို့လိုအပ်သည်များ ကိုဝယ်ရန် Last Shopping လုပ်ခြင်းသာဖြစ်သည်။ သည် အချိန်တွင် မူ လိုအပ်သော ပစ္စည်း ပစ္စယများနှင့် အပတ်စဉ်ဝယ်နေကြ အစားအသောက်များ အပြင်  အာဖရိကအမှတ်တရပစ္စည်းများပါ ဝယ်ကြ သည်။ မြလေးညို သည် Ever Green ရောက်တော့ အသားနှင့်အသီးအရွက်များဝယ်သည်။ ဂျိုဟန်နစ္စဘတ် တရုတ်တန်းတွင်မူ တရုတ်နှင့် အာရှ အစားသောက်များ ဝယ်သည်။

         မောင်မောင်စိုး၏ အိမ်သို့ ပြန်ရောက်သည်နှင့် မြလေးညို မီးဖိုချောင်ဝင်ကာ ချက်ပြုတ် လေတော့သည်။ သင်းသင်းသွယ်က ဘေးမှကူသည်။ မောင်မောင်စိုး နှင့် ကိုမိုးဝင်း တို့က လသာ ဆောင်ရှိ ရေကူးကန်ဘေး တရုတ်စကားပင်အောက်တွင် အမောပြေ ဘီယာသောက်ကြသည်။

         အားလုံး စားသောက်ပြီးချိန် တွင် အေးနေပြီဖြစ်သည့် ဟင်းများကို ပလတ် စတစ် ဘူးများတွင် ထည့်ကာ ဟင်းအမည်လိုက် စာကပ်၍ Freezer ထဲ ထည့်တော့သည်။

            ဟင် ........ မြလေး ၊ ချက်နေတုန်းက မြလေးတို့ အဆောင်မှာ စားဘို့ အတွက် ပြင်ဆင် နေတာလို့ ကိုယ် ထင်နေတာ “ 

           မဟုတ်ဖူး ဆရာ မြလေးတို့ သင်တန်းက သည်အပတ်ကုန်မှာ ပြီးပြီလေ၊ ဆရာ့ အတွက် တမင်ဝယ်ပြီး ချက်ထားပေးခဲ့ တာပါ “

          သည်အချိန်တွင်  သင်းသင်းသွယ်က -

  ဆရာရေ ... ဒီ ဟင်းတွေ ကုန်သွားရင် ရန်ကုန်ကိုသာ လိုက်ခဲ့ပေတော့၊ သူ တစ်သက်လုံး ချက်ကျွေးလိမ့်မယ် 

         မြလေးညို က သင်းသင်းသွယ်ကို လိုက်ထုရာ ဆရာမိုးရေ ကယ်ပါဦးဟု အော်ကာ ဧည့်ခန်း ထဲသို့ ပြေးလေ တော့သည်။


         မောင်မောင်စိုး ၏ရင်ထဲတွင် ဖေါ်ပြရန်ခက်သည့်ခံစားမှု တစ်ခုပေါ်လာသည်။  ဘာမှ လည်း ဆက်၍ ပြောနိုင်စွမ်း မရှိတော့ပါ။





(၈)

         သင်တန်း မဆင်းမှီတစ်ရက်တွင် Sasol  သို့သွား၍ အပြန်ခရီးစဉ်ကို ညှိနှိုင်းရာတွင် မစ္စ ဒီဒီဇာ က မြလေးညို တို့ ကို ပြန်ပို့ မည့်အစီအစဉ်ကို Sasol ကပင် အားလုံးစီစဉ်ထားကြောင်း ပြော သည်။ ပြန်မည့်နေ့တွင် မောင်မောင်စိုးနှင့် ကိုမိုးဝင်းတို့ Sasol သင်တန်းဆောင် ဧည့်ခမ်းတွင် မြလေးညို တို့ကို သွား၍ နှုတ်ဆက်ကြသည်။ မြလေးညို မျက်နှာညှိုးနေသကဲ့ သို့ သင်းသင်းသွယ် လည်း မျက်နှာမကောင်း လှ။

  မြလေး မပြန်ခင်  အမှတ်တရ ကဗျာ လေး တစ်ပုဒ် ပေးလိုက်ပါရစေ “

မောင်မောင်စိုး က စာအိပ် ထဲ အသင့် ထည့် ထားသည့် ကဗျာလေး ကို မြလေးညို ကို ပေးလိုက် သည်။

   အခု ဖတ်လိုက် ရမလား ဆရာ “

   ဖတ် လိုက်လေ 

         မြလေးညို ကဗျာ ဖတ်ချိန်တွင် ကိုမိုးဝင်း နှင့် သင်းသင်းသွယ်တို့ က Packing List  များကို ပြန်စစ် နေကြသည်။
             
 နွေလယ်မိုး “
ရင်ထဲကနွေ၊
ပူလောင် လေလည်း၊
ဝေဒနာပြေ၊
အေးချမ်းစေအောင်၊
သွန်းစွေဖြာလှည့်၊
နွေရဲ့အလယ်မှာ၊
မေတ္တာဝေဖြိုး
ရင်မှာစိုးကာ၊ ရွာတဲ့မိုး။


  မြလေး ....ကိုယ်က ရင်ထဲမှာရှိတာတွေကို ကဗျာလေးတွေ ချရေးတတ်တယ်။ ရင်ထဲရှိတာ   တွေကို ဖွင့်အံခြင်းပေါ့၊ နွေ ရဲ့အလယ်မှာ ခနတာ ရွာရုံတင် ရွာတာ လေးသာမဟုတ်ဘဲ ထာဝရဝေတဲ့ မိုးကလေး  ဖြစ်လာ ပါစေတော့ လို့ ဆိုခြင်တာပါ မြလေး ။  

         မြလေးညို  မျက်နှာကို ပြူ တင်းပေါက် ဘက်သို့လွဲ ကာ အပြင်ဘက်သို့ အတော် ကြာကြာ  ကြည့်နေသည်။ ခနကြာမှ သူ့ကို ပြန်လှည့်ကြည့်လိုက်သည့်   မြလေးညို၏ ရည်ဝေရွှန်းလဲ့သော အပြုံးကို မောင်မောင်စိုး ရင်ထဲက နားလည်လိုက် ပါသည်။

   နွေ မှာရွာတဲ့ မိုး ဆိုပေမဲ့   မြလေးကတော့  မိုးပြေးကလေး မဟုတ်ပါဘူး ဆရာ “

         ကဗျာစာရွက်လေးကို အပြင်မှထပ်ဝတ်ထားသော Jacket ၏အပေါ်အိပ် အတွင်းသို့ မြလေးညို ထည့်လိုက်သည်။

                      Time to Leave “

         မစ္စ ဒီဒီဇာ လှမ်းပြောလိုက်မှ ပစ္စည်းများပင် ကားပေါ် တင်ပြီး ကြောင်း သိရသည်။

         မြလေးညို တို့ကို တင်ဆောင် လာသည့် Grand Cherokee   ကားလေး သည် နိုင်ငံတကာ လေဆိပ်ရှိသည့် ဂျိုဟန်နစ္စဘတ်သို့သွားရာ R-21 လမ်းမ ကြီး ပေါ်တွင် တရိပ်ရိပ် ပြေးနေသည်။ လမ်းဘေး တစ်ဘက်တစ်ချက်ရှိ သစ်ပင်များ ဓါတ်တိုင်များ အဆောက်အအုံများသည် ရိပ်ကနဲ ရိပ်ကနဲ နောက်တွင် ကျန်ရစ် ခဲ့ကြသည်။

 သို့သော် အရိပ်တစ်ခုကမူ နောက် မှာ ကျန်ရစ်မနေဘဲ သူ့ရင်မှာ  ကပ်၍ ပါလာနေပြီ ဆိုသည်ကို မြလေးညို သိလိုက်ပါသည်။


                                            
                                                                        မောင် ( မန်းတက္ကသိုလ် )
                                                                            ( ၂၁-၄-၂ဝ၁ဝ )


                                             ---------------------------------------------------------------
                                                                                




2 comments:

  1. အရမ်းစိတ်ဝင်စားစရာ ကောင်းပြီး သုတ ရော ရသ ပါ ပေးနိင်တဲ့ အနုပညာ ဖန်တီးမှု တစ်ခုပါ ဆရာ၊ နောက်ဆက်တွဲ တွေလဲ အရမ်း ဖတ်ချင်နေပါပြီ

    ReplyDelete
  2. Numpang promo ya Admin^^
    ajoqq^^cc
    mau dapat penghasil4n dengan cara lebih mudah....
    mari segera bergabung dengan kami... (k)
    di ajopk.com ^_~
    segera di add Whatshapp : +855969190856

    ReplyDelete