Friday 7 February 2020

အိမ် အပြန် လမ်း





အိမ် အပြန် လမ်း။



အိမ် အပြန် လမ်း


by Soe Hlaing



တငြိမ့်ငြိမ့် စီးဆင်းနေသော သီပေါ မြို့ မှ ဒုဌဝတီ။


အိမ်ပြန် တဲ့ အကြောင်း ပြော ရ တော့ The Old Home Town, Just the same as , I step down from the Train... ဆိုတဲ့ Green Green Grass သီချင်းလေး ကို သတိရမိပါတယ်။


သို့ သော် သီပေါမြို့ က အများကြီး ပြောင်းလဲ နေပြီ ဆိုတော့ Not the same as ..လို့ ပြောင်းဆိုရပါမယ်။

ကျွန်တော် အတော်ငယ်ငယ် အရွယ်မှာ အောက်ပြေ အောက်ရွာကနေ ရေကြည်ရာ မြက်နုရာ သည်နေရာ ကို ဧည့်သည် တစ်ပိုင်းလိုရောက်ခဲ့ရတယ်။ နောက်တော့ လည်း နှစ် တွေ ဆယ် စုနှစ်ပေါင်းများ စွာ နေထိုင် ခဲ့ ကြတယ်။ အဖေအမေ တို့ သည်ပင် ဒီမှာ ဘဲ ခေါင်းချ ခဲ့ ကြတယ်။

အိမ်ပြန်တယ် ဆိုတာ ထက် အဖေအမေ့ ရင်ခွင် ထံ ပြန်ဝင်တယ် လို့ လည်းပြော ရပါမယ်။ အဖေ ၊ အမေ မရှိကြတော့ ပေမဲ့ အဖေ နဲ့ အမေ ခေါင်းချရာ နေရာကို သွားကန်တော့ တိုင်း အဖေ နဲ့ အမေ က ကျွန်တော် ငယ် ငယ် တုန်းကလို ခေါင်းကလေး ကို ပုတ်ကာ ဆုပေး တယ် လို့ ရင်ထဲ မှာ ခံစားရတယ်။

အဖေ နှင့် ကျွန်တော်သည် တောသူ တောင်သားများ သဘာ၀ အတိုင်း မြို့ သူ မြို့ သား များကဲ့သို့ မောင်မောင် မ မ နဲ့ တယုတယ လက်ပွန်းတစ်တည်း နေကြရသူများမဟုတ်ပါ။

သို့သော် အဖေ မျက်ကွယ်ပြု သွားသည့် အချိန်တွင်မူ ညစဉ် တစ်လလုံး နီးပါး ခန့်အဖေ့ကို အိမ်မက်ထဲ တွင် တွေ့ ခဲ့ရ ပါတယ်။ စကားတွေ ပြောကြ ပါတယ်။ အဖေက သူလိုတာ ကိုလည်း မှာ လေ့ ရှိပါတယ်။ မှတ်မှတ် ရရ တစ်ခါ က သူ ဝတ်လေ့ ရှိတဲ့  အနက် ရောင် တိုက်ပုံ အင်္ကျီ ပေး ရန် မှာ ပါတယ်။

တစ်လ ခန့် ကြာပြီးနောက် ၊ နောက်ဆုံးနေ့ ည တွင်မူ --

 " ငါ မင်းကို စောင့် ရှောက် နေမယ် " --လို့ ပြောသွား ပါတယ်။

ဒီနောက် ပိုင်း အဖေ့ ကို အိမ် မက်ထဲ တွင် လုံး ဝမတွေ့ရတော့ ပါ။

နှစ်ပေါင်း မြောက်များစွာ ကြာပင် ကြာငြား ၊ ဤအဖြစ်ကို မမေ့။ ရင်ထဲမှာ ခို အောင်းနေတဲ့ အဖေ နဲ့ ကျွန်တော် တို့ အကြား ရှိ နက် နဲသည့် မေတ္တာ ကိုအရင်က မသိခဲ့ပါ။ အဖေ မျက်ကွယ် ပြု သွားမှ ပွင့်အံ ထွက် လာတယ် လို့ ဆိုရပါမယ်။

အဖေ ရင် ထဲ မှာ ရှိနေတော့ အမေလည်း ယှဉ် တွဲ ရှိနေသည် ပေါ့။ သို့သော်သည် အိမ်အပြန်လမ်းသည် အလွမ်း မဟုတ်ဘဲ ကြည်သာ ချမ်းအေး မေတ္တာထွေးသည့် လမ်း သာ ဖြစ်ပါတယ်။

ရန်ကုန်က ညနေ (၄) နာရီလောက် က ထွက်လာတဲ့ ကားဟာ ၊ ည ၉နာရီလောက် ရောက်တော့ တစ်လမ်းလုံး ရဲ့ အမှောင်ထုထဲ ကနေ မီးရောင်စုံ ထွန်းထားတဲ့ ဆိုင်တန်း တွေ ဆီ သို့ ဘွားကနဲ ပေါ်လာတယ်။ ဘေးက အမျိုး သမီး တစ်ဦး က " အင်း ...ရန်ကုန် အဝင် ရောက်လာပြီ ဘဲ " ပြောလိုက် တော့မှ အော်.....သည်နေရာ က ရန်ကုန် အဝင် ဆိုတာသိလိုက်ရတယ်။




ရန်ကုန် အဝင် ယာဉ် ရပ်နား စခန်း။













တစ်ည လုံး မောင်း လာတဲ့ ကား ဟာ နောက် နေ့ နံ နက် အလင်း ရောင် ပေါ် ချိန် ၆ နာရီလောက် မှာ တော့ Home Town သီပေါ ကို ရောက်ပါပြီ။

ဒုဠဝတီ နှင့် သီပေါ မြို့။







" ဦး လေး လိုက်ပို့ ပေးရမလား "


ဘတ်စ် ကားကြီး ပေါ်က ဆင်းလိုက်သည် နှင့် အဝတ်အိတ်၊ ကင်မရာ အိတ်၊ ထွေရာလေးပါ ထည့်သည့် အိတ်တို့ နှင့် မဟာ ပိန္နဲ ဖြစ်နေသည့် ကျွန်တော့် ကို နောက်တွဲ ဆိုင်ကယ် သမားက မေးပါ တယ်။


" ရပါတယ် ကွာ ရှေ့ နားက အနောက်ရပ် တင်ပါ မဝေးလှပါဘူး "

သွားနေကျ သယ်နေကျ ပစ္စည်း တွေမို့ မထောင်းတာလှ။


အိမ်ရှေ့ ရောက် တော့ အမေ မရှိတော့ ပေမဲ့ အမေအိမ် ကို အမေ့အရိပ်အဖြစ် မြင်နေရပါသည်။ ကုန်လွန်ခဲ့သော နှစ်ပေါင်းများစွာက အမေ မေတ္တာ ရိပ် အောက်တွင် နေခဲ့ရသည့် အေးမြခြင်း က ချက်ခြင်း လွှမ်းခြုံ လာသည် ကို ခံစားလိုက်ရပါသည်။


တိုက်တိုက် ဆိုင်ဆိုင် အိမ်ရှေ့ တွင် ဆိုင်ခင်း နေသည့် ညီမ အငယ်ဆုံး ၊ အငယ်ဆုံး ဆိုပေမဲ့ အသက် ကဖြင့် လေးဆယ် ၊ က တအံ့ တသြော ပြေးထွက်လာသည်။


" အစ်ကို ရယ် လာ မယ်ဆိုလည်း တယ်လီဖုံးလေး ဘာလေး ကြို ဆက်ရောပေါ့ "


" ငါလည်း ရန်ကုန်မှာ အလုပ်တွေ မပြတ်တာနဲ့ လာမယ် မလာမယ် ဆိုတာကိုတောင် မသေခြာ လို့ ပါဟာ…..။ မပြန်ခင် ရ တဲ့ အချိန်မှာ အလု အယက် လာလိုက်ရလို့ ပါ "


အရင် က အမေ့ အိမ်။




ယခု အမေ နှင့် အဖေ တို့ နားနေ လျှောင်းစက်ရာ လက်ရှိနေရာ စံဖိတ် သုဿ န်။      



 ( အဖေ နှင့် အမေ တို့သည် မျက်ကွယ်ပြု သွားချိန် ကွာခြားစေကာမူ ညီ နှင့် ညီမ များ၏ ဆောင်ကျဉ်း ပေး မှု ကြောင့် ၎င်းတို့၏ အုတ်ဂူ နှစ်ခု ကို တစ်နေရာထည်းတွင် ယှဉ်တွဲ ထားပေးနိုင်ခဲ့ပါသည်။ အဖေ နှင့် အမေ တို့သည် အစဉ် ထာဝရ အတူတကွ ရှိနေ ကြ ပေသည်။ )


" အစ်ကို တစ်လမ်း လုံးလည်း ကားပေါ် မှာ အိပ်ရမှာ မဟုတ်ဘူး။ ခနလောက် နား ၊ ထမင်းစားပြီးအိပ် လိုက်ပါလား ။ ရှမ်းစာ ဘာလေးများ စားခြင်သလဲ အစ်ကို ။ "



ကုန်စုံ ဝယ်ရန် ဈေးသွားရန်မလို။  ဒါကိုက သီပေါမြို့ ရဲ့ ထူးခြားချက် တစ်ရပ်။


 တိုက်တိုက် ဆိုင်ဆိုင် အိမ်ရှေ့ ကို မော်တော် ဆိုင်ကယ် ဈေးသည်ရောက်လာပါသည်။ အသား၊ ငါး ဟင်းသီးဟင်းရွက်၊ ကုန်ခြောက် အားလုံးရသည်။ ဈေးကလည်း သိပ်မကြီးလှ။ ဈေးအတွင်း ဆိုင်များ ဈေး အတိုင်းပင်။ သူက လက်ကားယူ ရောင်း သူဆိုတော့ ဈေး ချိုချို နဲ့ ရောင်း နိုင်တယ် ဟု ညီမငယ် က ပြောသည်။



Moving Market ( ဆိုင်ကယ် ဈေးသည်)




" ထွေထွေ ထူးထူး မရှိလှ ပါဘူး ဟာ၊ အရွက် စုံ ကို ပဲပုတ် နဲ့ ချက်တဲ့ ဟင်း တစ်လောက် တော့ စားချင်တယ်။ မအိပ် တော့ ပါဘူး ခြေညှပ် ဖိနပ်  မပါလာလို့ နင် ချက်ပြုတ်နေတုန်း ငါ ဈေး သွားလိုက်ဦးမယ် ။ "




သီပေါဈေး ။


စက်ဘီးတစ် စီးကို ဆွဲကာ သီပေါ ဈေး သို့ ထွက်ခဲ့ပါသည်။ လမ်းပေါ် က အဆောက် အဦတွေ က များစွာ ပြောင်းလဲ မှု မရှိ။ ဈေးကတော့ အမြင်ပြောင်းနေသည်။

 ကင်မရာ တစ်လုံး နှင့် အလုပ်ရှုပ်နေသည့် ကျွန်တော့အား ကက်ဆက် ရောင်းသည် အသားညိုညိူ ခတ် ၀ ၀ ဆိုင် ရှင်က ကြည့်ကွဲ့  ကြည့်ကွဲ့ လုပ်နေသည်။ အတော်ကြာတော့ -

" What nationality  are you? " လို့ မေးပါတော့သည်။

" ကျွန်တော် သီပေါ အထက်တန်းကျောင်းက (၁၀)တန်း အောင်တာဗျ " သူ့ အမေးကို ပိုမို တိကျစွာ ဖြေလိုက်သည်။

" အိုး....ခင်ဗျား က Tourist နဲ့ တူနေတာကိုးဗျ ။ ဒီကို လာတဲ့ Tourist တွေကလည်း နေရာ အရပ်ရပ် က ပုံ အမျိုးမျိူး ကိုးဗျ " ပြောကာ ရယ်ပါတော့သည်။

ဈေးထဲတွင် ဖိနပ် ဝယ်တော့ ရောင်းတဲ့ ခလေးမ ကို ဆွေမျိုးစပ်ကြည့်ရာ မမှတ်မိ နိုင်လောက်တော့သည့် မျိုးဆက် ဖြစ်နေပေပြီ ။ အမှတ်တရ ဓါတ်ပုံ ရိုက်တော့ ခေတ်မှီသူ ဆိုတော့ ကျွန်တော့် လူပုံ နဲ့ လှုပ်ရှား ပုံ အနေအထား ကြည့်ပြီး ရိပ်မိပုံ ရသည် ။

" ဦးလေး အင်တာနက်ကိုတင်လိုက် လို့ ကတော့ သပ်ချလို့ မရ ဖြစ်ကုန်မယ်နော။ အခုတောင် ခါချထားရတာတွေ များလွန် လွန်းလို့ "

" ရွေးစရာ များလေ ကောင်းလေ ပေါ့ ဟာ " သူ့ အရွှန်းကို ကိုယ့် အရွှန်းနဲ့ ပြန်ဖြေခဲ့ ရသည်။

IT တိုးတက် မှုသည် မြို့ ကြီးများတင် သာမက နယ်စွန် နယ်ဖျား သို့ပင် ရောက်ရှိ ပြန့် နှံ့ လျှက်ရှိနေ ပေပြီ။


သီပေါ ဈေး အတွင်းက ဖိနပ် ဆိုင်ကလေး။


နောက်တော့ ကုန် ခြောက်တန်းထဲ သွားကာ ဆရာ ဦးအောင်သန်းဦး ရဲ့ ဆိုင် သို့  ဆရာ့ ဇနီး ကို နှုတ်ဆက်ရန် သွားသည်။

ဆရာ ဦးအောင်သန်းဦး သည် ကျွန်တော့် သူငယ်ချင်း ကိုထွန်းရီဦး ရဲ့ အစ်ကို ဖြစ်၍ ကျွန်တော့် အစ် ကို   လို လည်း  ဖြစ်သူပါ။

ထိုစဥ် က ဆရာ ဦးအောင်သန်းဦး ရှိသေး သော် လည်း ယခု စာ ကို ပြန်လည် တည်း ဖြတ် ရေးသား သည့် အချိန် တွင် မှာတော့ ဆရာ ဦးအောင်သန်းဦး ကျွန်တော် တို့ ကို မျက်ကွယ်ပြု သွား ပါပြီ။

ငယ်စဉ် က ဆရာ့ ဇနီး ကို အစဉ် ဆိုင်မှာ တွေ့ နေကျ။ အခုလည်း တွေ့ လေမည်လာသွားကြည့် တော့ မတွေ့ ရ ၊ ဆိုင်ထိုင် နေသည့် ခလေးမလေးများက လည်း မျိုး ဆက်ပျတ်လွန်းနေ၍ မသိ။ သို့ နှင့် ညီ သဘွယ် ဖြစ်နေသည့် စိုင်းရွှေ လှ ဆိုင်သွားပြန်သည်။ စိုင်းရွှေ လှ သည် ဖြူဖြူ လူလုံး သေးသေး ဖြစ်သည်။ အထက်တန်း ကျောင်းသား ဘ၀ က ဘော လုံး ကန် အလွန်တော်သည်။

ဆိုင်ရောက်တော့ ဆိုင်ထိုင်နေသည့် ခလေးမလေးအား-

" ဒါ ...ကိုစိုင်းရွှေလှ ဆိုင် ဟုတ်ရဲ့ လားကွဲ့ "

" ဟုတ်ပါတယ် ရှင့် "

" ကိုရွှေ လှ ရော..."

" အဖေ ကျောက်မဲ သွား ပါတယ်ရှင့် "

" အော်...မင်းက ကိးရွှေ လှ သမီးဘဲ ကိုး "

" ဟုတ်ပါတယ် ရှင့် "

အင်း..ကိုရွှေ လှသမီး ဒီလောက်တောင်ကြီးနေမှကိုး လို့ အံ့ အားသင့် မိသည်။ စင်စစ်တော့ ကိုယ် အသက်တွေ ကြီးလာတာ ကို မေ့နေမိတာကိုတော့ သတိမပြု မိခဲ့။

အခြားဆိုင် တွေကို လည်း ရှောက်ကြည့် လေ့လာ တော့ အတော်များများ သည် ကိုလှရွှေ ၏ ဆိုင်မှ လက်ကားယူ ရောင်း ကြရသည်ဟု သိရသည်။ ကိုရွှေ လှ လုပ်ငန်း အတော်အောင်မြင်နေသည်ကို ဝမ်းသာ မိသည်။ 


 ကိုရွှေ လှ ၏ ဆိုင်၊ သမီး ထိုင်နေစဥ်။



 သီပေါ ဈေး အတွင်း မြင်ကွင်း။



 သီပေါ ဈေး အပြင် မြင်ကွင်း။



ဈေး အပြင်က ဆိုင်ကယ် ရောင်းတဲ့ ဆိုင်။




ဆိုင်ကယ် တွေ ရောင်းတဲ့ ဆိုင် မှာ အသက် ၂၀ စွန်းစွန်း ခန့် ခလေး မလေး နှစ်ဦး ရောင်းနေသည်။

" ကဲ သမီးတို့ ဈေး ပြော ပါဦး "

" ကင်ဘို ၁၂၅ က သုံးသိန်း နှစ်သောင်း ကျန်တာက သုံး သိန်းစီ ပါ ဦးလေး ၊ သမီး က နံပါတ်ပြား ရော ဦးထုတ်ပါ ပေးလိုက်မယ် "

လိုင်စင် နံပါတ်ပြား အစစ် ဟုတ်မဟုတ်တော့ မသိ နံပါတ်ပြား တွေ ကတော့ တစ်ပုံ တစ်ခေါင်း။ ကြိုက်တာသာရွေးပေတော့။ စက်ဘီး ရောင်းတာ ထက်ပင် လွယ်နေသေး တော့။

" ဦးက အလည် လာတာပါ။ နောက် တစ်ခါ ကြာကြာ လာရင် ဝယ်မယ်နော် "

ဆိုင်ကယ် ဈေး မေးပြီးနောက် စက်ဘီး စီးကာ အိမ်ပြန်ခဲ့ပါသည်။




သီပေါ နေ့ ခင်းပိုင်း ကုန်စိမ်းဈေး


မှတ်မိ သမျှ ကျွန်တော် တက္ကသိုလ် ကျောင်း သားဘ၀ အထိ ကုန်စိမ်းဈေးသည် ဈေးမကြီး၏ ပတ်လည်တွင် ရောင်းနေကျ။

နောက်တော့ အရှေ့ ပိုင်း ရှိ ရေ ဟော် ဘေးသို့ ရောက်ရွှေ့သွားသည်။ စက်ဘီး နင်းသွားရာ ဒုဠဝတီ ဖြစ်နားရောက်တော့ လမ်း အထိ ရေတိုက်စား ထားသည် ကိုတွေ့ရသည် ။ တော်သေးရဲ့ လမ်း အကုန် ပါမသွားးပေလို့။ နံနက် ကုန်စိမ်းဈေးက စည်ကားလှသည်။ ပစ္စည်း လာဝယ်ကြသည့် ဆိုင်ကယ် ဈေးသည်တွေ ကလည်း ဒု နဲ့ဒေး။


သီပေါ ကုန်စိမ်းဈေး။



















သီပေါ ည ဈေး။


သီပေါ ညဈေး ဆိုစေကာမူ စင်စစ် အားဖြင့် နံနက် ဈေးဟု ဆိုရပေမည်။

နေ့ ခင်းဈေး နေရာ မှာပင် ဖြစ်သည်။ သန်းခေါင် အကျော် နံနက် ၁.၀၀ နာရီ လောက်မှ စ၍ သီပေါ ဘေးပတ်လယ် ရှိ ရွာ အသီးသီးမှ ကုန်စိမ်းသည်များ စရောက် ကြသည်။

နံနက် ၃.၀၀ နာရီလောက်တွင် ဈေး စည် ပေပြီ။ အမှောင်ထုအတွင်း ဖရောင်းတိုင်မှ အစ တရုတ်မှ ဝင်လာသော LED မီး တိုင် အဆုံး မီး မျိုး စုံ ထွန်း ကာရောင်းချ သည့် အတွက် ည ဈေး ဟု အလွယ် ခေါ် လိုက်ခြင်း ဖြစ်သည်။

နံနက် ၆.၀၀ နာရီလောက်တွင်မူ လမ်းပေါ်တွင် ရောင်းနေသည့် ဈေးသည်များ ဈေးရုံ အတွင်းဝင်ရန် ခေါင်းလောင်းတီးကာသတိ ပေးသည်။ အခြား ဒေသ နှင့်မတူ ထူးခြားသည့် ဓလေ့ တစ်ရပ် ဖြစ်ပါသည်။


                                  

သီပေါ ည ဈေး။



















ဘော်ကြို ဘုရားကြီး။


သီပေါ ရောက်လျှင် ဘော်ကြို ဘုရားကိုတော့ ရောက်အောင် သွား ဖူးရမည်ပင်။ ညီတွေ အဝေးသို့ ရောက်နေ၍ ညီမ များ ဆိုင်ကယ် နောက် က ထိုင်လိုက်ကာ ဘော်ကြို သို့ သွားကြသည်။ ညီမ အကြီး ယောင်္ကျား ဖြစ်သူက ဘုးရားဂေါပက တွင် အလုပ် လုပ်နေသည်။ သော့ ပိတ်ထားသည် ဘုရားကို ဖွင့်ပေးသည်။


" ဘုရား ကို သော့ ပိတ်ထားရတယ် ကွာ။ တစ်ခါက အခိုး ခံ ရလို့ "


ဘုရားကို လှူတန်းသူတွေ များလှသည့် အလျှောက် တန်ဘိုးရှိ အလှူပစ္စည်းတွေကို ခိုး ရန် ခြောင်းနေသည့် မသမာသူများရှိကြောင်း သူ က ပြောပြသည်။


ညီမ ယောင်္ကျား ဖြစ်သော်လည်း သက်တူ ရွယ်တူ ဘောလုံး ကန်ဘက်တွေမို့ မင်း နဲ့ ငါ နဲ့ ဘဲ ပြောကြသည်။


ဘော်ကြို ဘုရားကြီး။



 ဘုရား ပရဝဏ် အတွင်း။



ကြားရက် ဖြစ်သည့်အတွက် ဘုရားဝင်း အတွင်း လူရှင်းနေသည်။ ဘေးဘက်တွင် တစ်မျှော် တစ်ခေါ် ဟင်းလင်းပြင် လယ်ကွင်းများနဲ့ တောင်တန်း လေးရှိ၍ ပန်းချီ ကားလေး သဘွယ် ဖြစ်နေသည်။ ေလေပြေ အေးလေး အတိုက်တွင် ချိုမြသည့် ခေါင်းလောင်းသံလေးများက လွှင့်မြောနေသည်။ ဘုရားရိပ် ကျောင်းရိပ် တယ် ပြီး အေးမြပါလား လို့ စိတ်ထဲ ပေါ် လာမိသည်။





ဘုရား အဝင်။



သော့ခတ်ထားရတဲ့ ဘုရား၊



သော့ဖွင့် ထားစဥ် ထူးတွေ့ ရပုံ။


ဘုရားဖူးပြီးနောက် ဘုရားရေကန် သို့ သွားကာ နားကြပါသည်။ ရေကန်သည် ကြာပင်များနဲ့ ဖုံးနေသည်။ ကန်ဆယ်မည့်သူ မရှိ၍ ကန်သည်ကြည်လင်မှု ကင်းနေသည်။ သို့သော် လှော်သူမဲ့ လှေငယ် အဟောင်း လေး တစ်စင်း နဲ့ ခလေးကို ကြောပိုး ကာ ကျွဲ ကြောင်း နေသည့် မိန်းကလေး ရဲ့ ပုံလွှာ တွေက တော့ ဤ ရှုပ်ထွေးနေသည့် ကန် ကလေးကိုပင် ပန်းချီကား လေး တစ်ခု ဖြစ်လာစေရန် ဖန် တည်းပေး လိုက် သည်။ အော်...သူ့ ဘ၀ နဲ့ သူ့ အလှ ဆိုတာ နေရာ တိုင်းမှာ ရှိနေပါလားလို့ ဆိုမိသည်။


 ဘုရား အနီး က ရေ ကန်။



 ရေကန် နဘေး မှာ ၊  အေးရိပ်ဆြာယာ ခိုလှုံ ရာ တည့်။



ခလေးလည်း ထိန်း ကျွဲလည်း ကြောင်း။



ကျင်သီသို့ အသွား။


နောက် တော့ မဝေးလှသည့် ကျင်သီ သို့ ဆက်သွားကြသည်။ စင်စစ် တော့ ကျင်သီ တွင် ထူးခြားစွာ ကြည့် ရှုရန် မရှိလှ။ သို့ သော် လိုက်ပို့ သည့် ညီမ၏ သူငယ်ချင်း မလေး ၏မိတ်ဆွေ ဆိုင် သို့ သွားကြ ခြင်းသာ ဖြစ်သည်။ ဆိုင် ကယ် သုံးစီး နှင့် ခဏတာမျှ စီးလိုက် ရုံသာ ပင်။


                                                    ကျင်သီရွာ အဝင်။




ကျင်သီ ဘုရား ကုန်း။




ငယ်စဉ်က လိမ်မော် ကားဖြင့် လိမ်မော် သီးများ တိုက် စဉ် က အကြိမ် ပေါင်းများစွာ ဖြတ်ခဲ့ရသည့် ကျင်သီ တံတားကို အလွမ်းပြေ ကြည့် ခွင့် ရခဲ့သည်။ ယခု သတိပြုမိသည်က ပန်းနှမ်းခင်းများဖြစ်သည်။ တစ်မျှော် တစ်ခေါ် ဝါဝင်းနေသည့် ပန်း နှမ်း ခင်း ( Canola Plant ) တွေ သည် အစိမ်းထဲ အဝါဖေါက် ထားသည့် ဆေး ရောင်စုံ ပန်းချီကား တစ်ချပ်လို လှနေသည်။


ကျင်သီ ရှိပန်းနှမ်း ခင်း။


ညီမ အသိဆိုင်တွင် နားနေစဉ် ဆိုင်ကယ် ဈေးသည် ကိုလမ်းမပေါ်တွင် တွေ့ လိုက်သဖြင့် လက်ခုတ်တီး ၍ လှမ်းခေါ်လိုက်ရာ ဆိုင်တယ် မမ ကလည်း နားက ပါးမှပါး။ ချက်ခြင်း ပြန်ကွေ့ လာသည်။ ညနေစာ အတွက် သည်ကပင် အလုပ် တစ်ခါတည်း ပြီးခဲ့သည်။


   ဆိုင်ကယ် ဈေးသည် မမ။



 ကျင်သီတွင် ဈေးဝယ်ကြစဉ်။



သည်နယ် ဒေသ မှာ တော့ တရုတ်မှ သွင်း လာသည့် ထော်လာဂျီ အင်ဂျင် သည် ဘက်စုံသုံး ယာဉ် ဖြစ်နေခြေပြီ။ ပထမပိုင်းတွင် လက်တွန်း လယ်ထွန်စက် ၊ နောက်တော့ နောက်တွဲထည့်ကာ ပစ္စည်း အတိုအထွာ တင်ယာဉ်၊ ယင်းနောက် ဘော်ဒီနှင့်ဖရိန်တွင် ဘီးလေးဘီးတပ်ကာ မော်တော် ကား ကဲ့သို့ သုံးနေကြပေပြီ။


ကျင်သီရှိ ဒေါ်လှကြည် ( ထော်လာဂျီ) ကား။







ကုန်းသာ ရွာ။


Golden Sunrise at Kone Tha Village, Thipaw Township, Northern Shan State, Myanmar.( Face Book posted )



ညီမများက ကုန်းသာကိုသွားမည် ဟု ပြောသည်။ အမှန်တော့ အစ်ကိုဖြစ်သူ လမ်း တစ်လျှောက် ဓါတ်ပုံ ရိုက် နိုင်စေရန် ဖြစ်သည်။

သီပေါမှ လာရှိုးသို့ အထွက် သီပေါ တံတားသစ် ကို ကြည့်ခြင်သည် နှင့် လည်း အတော် ဖြစ်သွားသည်။ ယခင်က သီပေါ တံတားသည် သံဘောင်ဘေလီ တစ်လမ်းသွား တံတား ဖြစ်သည်။ တစ်ဘက်မှ ကားများဝင်လာပါက ကျန်တစ်ဘက်ကစောင့် ပေးရသည်။ ယခုမူ ကွန်ကရိ တံတား ဖြစ်နေခြေပြီ။ တံတားဟောင်းမှာ မူ ထိုအချိန် အထိ ရှိနေမြဲပင်။


တံတားအထွက် ဆွပ်လန်း နှင့် ပန်စောက်မိန်း ရွာ နှစ်ရွာ ကတော့ ပြောင်းလဲမှု မရှိလှ။ ထိုရွာ တွင်ပင် ရှမ်း ကျေးလက် နေအိမ် ကလေးများကို ဓါတ်ပုံ ရိုက်နိုင်ခဲ့သည်။

 သီပေါ တံတား ဟောင်း။


 ဒုဠဝတီ တစ်ဘက်ကမ်းမှ ဆွပ်လန်း ရွာ။



 ဒုဠဝတီ မြစ်။



 ဒုဠဝတီ နှင့် ပန်စောက်မိန်း ရွာ။



 ပန်စောက်မိန်း ကျေးလက် တဲ အိမ်များ။





ရိုးရာ ဘာသာဓလေ့ ပျော် မွေ့ကြသည်။




ဆွပ်လန်း ၊ ပန်စောက်မိန်း ရွာစဉ်ကို ကျော်သွားသည့် အချိန်တွင် ဒုဠဝတီ မြစ် အတွင်း ဖေါင်တစ်စီး မြှော ဆင်း နေသည်ကို တွေ့ရသည်။ သို့ နှင့် ဆိုင်ကယ် သမားကို ရပ်ခိုင်းကာ ကမ်းခြေသို့ အတင်းပြေးဆင်း ကာ ဓါတ်ပုံ ရိုက်ရသည်။

ရှေ့ က သွားသည့် ညီမများက လည်း ဖေါင်ကို မြင်တော့ အစ်ကို ဖြစ်သူ ဓါတ်ပုံ ရိုက်မှာ ဘဲ ဆိုကာ ရပ်နေကြသည်နှင့် အတော် ဖြစ်သွားသည်။

 ခရီးသွား အုပ်စု။



 ဒုဠ ဝတီ မြစ်အတွင်း မြှော ဆင်းနေသည့် ဝါး ဖေါင်။





လမ်းတစ်လျှောက် ရှိ ရှမ်းရွာလေးများရှိ အိမ်အများစုမှာ အိမ်ကြီး အိမ်ကောင်းများ များဖြစ်ကြသည်။ အချို့ ဆိုလျှင် Skynet ပါ တတ်ဆင်ထားကြသည်။

ဒေသခံ ပန်းပင်လေးများဖြင့် ကာရံ ထားသည့် ခြံစည်းရိုး စားပင် သီးပင် များဖြင့် ဝေဆာနေသည့် ခြံဝင်း ၊ ရိုးရာ ခြေတန်ရှည် အိမ်စသည် ဖွဲ့စည်း မှုတို့သည် ဓါတ်ပုံ စကားအရ ဆိုရပါလျှင် လှပသည့် Composition နဲ့ ဖွဲ့စည်းထားတဲ့ ပုံ ကလေး တစ်ပုံ လို ဖြစ်နေပေသည်။


 လှပ သပ်ရပ်သည့် ရိုးရာ ရှမ်း အိမ်။



လမ်းဘေးရှိ ခေတ်မှီ အိမ်ကလေး။


လမ်း တစ်လျှောက် သီပေါ၏ နံမည် ကျော် လိမ်မော် ခြံတွေက တစ်သီတစ်တန်း။ ဒုဠ ဝတီ မြစ်ကမ်းဘေးခြံ များမှ လိမ်မော်သည် ရေ သီးဟု ခေါ်သည်။ အခွန်ထူ၍ အချို အနည်း ငယ် ပေါ့ သည်။ ဟန်းကိုင်း ကဲ့ သို့ ကုန်းတွင်း နေရာမှ ထွက်သည့် လိမ်မော်ကိုမူ ကုန်းတွင်း သီးဟုခေါ်ကြသည်။ အခွံပါးပြီး အချို လေးသည်။ လမ်းဘေးတွင် ရှောက်ချို ၊ လိမ်မော် ၊ နာနတ် သီးများရောင်းသည့် ဆိုင်လေးတွေ ရှိသည်။ လမ်းသွား လမ်းလာများ အလွယ် တကူ သယ် နိုင်ကြသည်။


အမျိုးသမီးငယ် ကလေး တစ် ဦး ရောင်းနေသည့် ဆိုင်တွင် ရပ် ကာ နားလည်း နားရင်း စပ်စု လိုက်သည်။


" သမီး အသီးတွေက စုံနေတာဘဲ။ ရောင်းလို့ ကောင်းရဲ့လား"

" အခုတစ်လော လမ်းသွားးလမ်းလာ ပါးလို့ ၊ အရောင်းလည်း ပါးတယ် ဦးလေးရဲ့ "

" ဆိုင် လေးက အသီးတွေ ရောင်စုံ လို့ လှ လိုက်တာ .ဓါတ်ပုံ ရိုက် မယ်နော် "

" ဦးလေးက လည်း အသီး တွေတင်ဘဲ လား "

" အို ... အားလုံး ပါ တာပေါ့ ကွယ် "

အပြော လွဲလိုက်ပုံက ကိုယ် ဓါတ်ပုံ မရိုက်ရဘဲ လူအရိုက် ခံရမည့် အပေါက်။


" ရိုက်ပါ ဦးလေး ပုံလေး တွေ တော့ လာပြန် ပေးပါနော် "

" အေး .. လာပြန် ပေးပါမယ် "

ပြောစဉ် က သိတ်မဝေး လှသည့် ခရီး မို့ လာပေးမည် ဟု အလေးအနက် ထား ပြော ခဲ့ ပေမဲ့ လက်တွေ့ တွင် အလုပ် ရှုပ်နေ ခဲ့ သဖြင့် မပို့ ဖြစ်ခဲ့ ပါ ။ ဒီ Blog တွင်သာ ကြည့်ပါတော့လို့ တောင်းပန်ရပါတော့မည်။


အကြွေး ကျန်ခဲ့ သည့် သီပေါ-လားရှိုး လမ်းပေါ်မှ ဆိုင်ကလေး။


ကုန်းသာ ရောက်တော့ ရဲ စခန်းရှေ့ က လဘက်ရည် ဆိုင် တွင် နားကြသည် ။ ရွာကလေးသည် တရုတ် နယ်စပ် ၊လာရှိုး- မန္တလေး လမ်း တစ်လျှောက် ကုန်ကူးသန်း ကြသူများ ခရီး တစ်ထောက်နားသည့် နေရာလေး တစ်ခု ဖြစ်၍ စည်ကားသည်။ ထမင်းဆိုင် ၊ သစ်သီးဆိုင် ၊ လောင်စာဆီ ဆိုင်တွေ ရှိသည်။ ရွာ ကလည်း မြေ ပြန် မို့ အနေအထားလှသည်။ နယ်စပ်မှ ကုန်စည်များ သယ်ဆောင်ကာ ဆိုင်ကယ် နှင့် ဆင်း လာကြသည့် ဆိုင်ကယ် အုပ်စု တစ်စုနှင့် တွေ့သည် ။ ဤ ခရီးဝေးကြီး တွင် အမျိုးသမီး ငယ်များပင် ပါသည်ကို တွေ့ ရသည်။


 ကုန်းသာ ရွာ အဝင် ၊ နဲ့ Canola ပန်းနှမ်း စိုက်ခင်း။




 ကုန်းသာ ရှိ ( Canola ) ပန်းနှမ်းခင်း။



 လိမ်မော် ခြံ စောင့် တဲ။



ကုန်းသာ ရဲ စခန်းရှေ့ ရှိ ခေတ်မှီသော မိန်းခလေး ငယ်များ ၏ သစ်သီး ဆိုင်။


ကုန်းသာရှိ ရဲစခန်းရှေ့တွင် လဘက်ရည်ဆိုင် နှင့် သစ်သီး ဆိုင်တွဲ ဖွင့်ထားသည့် ဆိုင်ရှိသည်။ လိုက်ပို့ သည် ညီမ ငယ် များတွင်ရဲ တပ်ဖွဲ့ မိသားစုထဲ မှ လည်း ပါ၍ ထိုနေရာမှာ နားဖြစ်ခြင်ဖြစ်သည်။


ဆိုင် တွင် ဈေး ရောင်းသည့် ခလေးမလေးများ မှာမူ လမ်း ပေါ် တွင် တွေ့ခဲ့ သည့် ဈေးသည် မလေးနှင့် ကွာ လှသည်။ လူပုံ လှလှ ပပ နဲ့ ခေတ်မှီ စွာ ဝတ်စားထားကြသည်။ မကြာမီ ဖုံ တလုံးလုံး နဲ့ Audi 4X4 လေးဘီးယက် ကား အနက်ကြီးတစ်စီး နှင့် ပဂျဲရိုး စသည့် ခေတ်မှီ ကားကြီးများ ထိုးဆိုက်လာသည်။ ဝယ်လိုက်ကြသည် တစ်ပုံ တစ်ခေါင်း။ ခေတ်မှီ သည့် ဆိုင် သို့ ခေတ် မှီသည့် မော်တော် ကား ဆိုက်ရောက် လာသည် မှာ " မဆန်း "။


သို့သော် တရုတ်နယ်စပ် မှ မြန်မာ နိုင်ငံ အောက်‌ ခြေ မြေပြန့်အထိ ဆိုင်ကယ် စီးကာ ကုန်ကူးကြသည့် မိန်းခလေး များကို တွေ့ ရပြန်တော့ သည်အရွယ်တွင် သည်နှယ် ခရီး ကြမ်းကြီးကို ယောင်္ကျားလေး များနဲ့ ရင် ဘောင်တန်း လုပ်ကိုင် နေသည် ကိုတွေ့ ရတော့ ကျွန်တော့် အတွက် " ဆန်း " နေသည်။


သူတို့ လေးတွေ ရဲ့ စွမ်းအင် နှင့် သတ္တိ ကို လည်း ချီးကျူး မိပါသည်။


                                  နယ်စပ် ကုန်သွယ် ရေး ဆိုင်ကယ် အုပ်စု တစ်စု။


 နယ်စပ် ကုန်သွယ် ရေး ဆိုင်ကယ် အုပ်စု တစ်စု။



ကုန်းသာ လောင်စာ ဆီ ဆိုင်။






နားလွယ် ရွာ။



နားလွယ်ရွာကိုသွားသည် ဟုသာ ရေးရသည် စင်စစ်တော့ သီပေါ ရေတံခွန်တောင် ကို သွားခြင်း ဖြစ်သည်။ ရေ တံခွန်တောင်ကို အဝေးက အကြိမ်ကြိမ် မြင်ဘူးသည် သို့သော် တစ်ကြိမ် မှ မရောက်ဘူးသေး။


သို့ နှင့် ညီမ များက လိုက်ပို့ မည် ဆိုကာ ဆိုင်ကယ် (၃) စီးနှင့် ထွက် ခဲ့ကြသည်။ စံဖိတ် သုဿန် ထဲမှ ဖြတ်သွားရ သဖြင့် အဖေ နှင့် အမေ တို့ ရဲ့  အုတ်ဂူများကိုပါ  သန့်ရှင်းရေး လုပ်ပေး နိုင်ခဲ့သည်။


ခြေသွား လမ်း သာသာ လမ်းကြောင်းထဲ တွင် ဆိုင်ကယ် ကို ခက်ရာ ခက်ဆစ် စီးကြရသည်။ ညီမ များကလည်း ဆိုင်ကယ်စီး အတော် ကျွမ်း ကြ လို့ တော်သေးသည်။ ကျောက်တုန်း ကျောက်ခဲ စလုံး စခု များ အကြား အတော် ကြာကြာ စီးကြရပြီးနောက် နားလွယ် သို့ ရောက်ကြသည်။


 နားလွယ် လမ်း။



 ရေ မှ မီး ဖြစ်သည့် နားလွယ် ရေ အားလျှပ်စစ် စက်ရုံကြီး။




 ဖါဖိတ် ဘုန်းကြီး ကျောင်း။



 လမ်းပေါ်က စမ်းချောင်း။



 ဖါဖိတ် သွားရာလမ်း။



 လမ်းဘေး က လယ်ကွင်း။



သာမောဘွယ်ရာ ယာတောအလယ် မှာ။





 ကောက်ရိတ်ချိန်။



နားလွယ် မှ ဆက်ထွက် လာ ကြချိန်တွင် သာယာ လှပ လွန်း လှသည့် လယ်ယာ၊ တော တောင် စမ်းချောင်းလေးများကို မြင် ရသဖြင့် အမော ပြေကြရသည်။ မဝေးလှသည့်တောင်ခြေရှိ ဖါဖိတ် ဘုန်း တော် ကြီး ကျောင်း နှင့် တော တန်း တောင်တန်း များ သည် ပန်းချီ တစ်ချပ်သဘွယ် လှပ နေသည်။ ရွှေရောင်ဝင်းနေသည့် လယ်ကွင်းတွေ မျာ စပါး ရိတ်သိမ်းနေကြ ချိန်လည်း ဖြစ်သည်။ ကြည့်လေရာသည် ပန်းချီ ကား ပမာ လှပနေသည်။


 ဖါဖိတ် ဘုန်းတော်ကြီး ကျောင်း နှင့် ရှမ်းတောင်တန်း။



 ရွှေရာင် ဝင်းတဲ့ လယ်ကွင်းပြင်။




  ရိတ်သိမ်းပြီးချိန်။




Golden Harvest.


လှပသည့် ရှုခင်း ရှုကွက်များကို  စိတ်တိုင်းကျ ဓါတ်ပုံ ရိုက်လိုက်နိုင်ပါသည်။ ဓါတ်ပုံ ရိုက်လို့ အပြီး အနား မှ ဖြတ်သွားသည့် လူ တစ်ဦးတွေ့ ၍ ရေတံခွန်တောင် သွားသည့် လမ်းကို မေးရာ၊ လမ်းပျက်နေ ကြောင်း ၊ ဆိုင်ကယ် နှင့်လည်း ဘယ်လိုမှသွား၍ မရကြောင်း ပြောတော့ ထိုနေရာတွင်ပင် ဓါတ်ပုံ ထပ်ရိုက် ကာ ပြန်ခဲ့ ကြရ သည်။ ငါးမရတော့ လည်း ရေချိုးကာ ပြန်ခဲ့သည်ပေါ့။




မိုးတေ တံတား သို့။


မိုးတေသို့ အသွား။


မိုးတေ တံတားမှာ သီပေါ နှင့် နမ္မတူ သွာသည့် လမ်းမပေါ် ရှိ မိုးတေ ချောင်းကို ဖြတ်၍ တည်ဆောက်ထား သည့် တံတားဖြစ်သည်။ ကျွန်တော် တို့ ငယ်စဉ် က တံတားမရှိ။ ချောင်း ဟိုဘက်ကမ်း ဒီဘက်ကမ်း ကို သံမဏိ ကြိုး သွယ်ထားကာ ထိုကြိုးနှင့် ချီထားသည့် ဖေါင်ကြီးပေါ်တွင် ယာဉ်များတင်၍ ထိုးဝါး နှင့် ထိုးကာ တစ်ဘက် သို့ ကူးကြရသည်။


 မိုးတေ တံတား။




ယခု အချိန်တွင် ကွန်ကရိ တံတားဖြစ်နေပေပြီ။ တံတား ထိပ်တွင် ရဲ စခန်း ၊ အခွန်ကောက် ခံသည့် စခန်း၊ စားသောက် ဆိုင် စသည်တို့ ဖြင့် စည်ကား နေသည်။ မိုးတေ ချောင်း ၊ တော တောင် သဘာ၀ အရ လှ လည်းလှသည်။ လိုက်ပို့ သည့် ညီမ တစ်ဦး ၏ ခင်ပွန်းသည် မိုးတေ စခန်း တွင် တာဝန်ကျဘူး ၍ ဧည့် ခံမည့်သူလည်းပေါ သဖြင့် သွား ရောက်လည် ပတ်ခြင်းဖြစ်သည်။


မိုးတေချောင်း။

မိုးတေ သို့ အသွားတွင် လမ်း တစ်လျှောက် ရှိ ရွာ ကလေးများကို ကြည့် သွား ဖြစ်သည်။ မိုးတေမှာ မူ မိုးတေ ချောင်း နှင့် သဘာ၀ တော တောင် လျှိုမြောင်များကို စားသောက်ဆိုင်တွင် အနားယူ ရင်း  ကြည့်ရှု ခြင်း သာဖြစ်သည်။ တံတား ကိုတော့ အမှတ် တရ ဖြစ်စေရန် တစ်ခေါက် တော့ လျှောက်ခဲ့ကြသည်။

 မိုးတေ တံတားထိပ်ရှိ စားသောက်ဆိုင်။



စားသောက် ဆိုင်မှ မြင်ရသည့် မိုးတေ တစ် ဘက်ကမ်း ရှိ တောင်တန်း။




စားသောက် ဆိုင် တွင် ရေခဲ သေတ္တာ ရှိသည်။ နေလည်းပူ မောလည်း မော မို့ တောထဲ တောင်ထဲ မှာ ရှားရှား ပါပါး ရသည့် ဘီယာကို သောက်ခဲ့သည်။ တရုတ်ဘီယာ ၊ သို့ သော် ဘာ တံဆိပ် မှန်းတော့ မမှတ်မိ။ လူငယ်နှင့် အမျိုးသမီး တွေကတော့ အချိုရည် နှင့် ကိတ် မုန့် စားကြသည်။ လျှပ်စစ် ကို မိုးတေ တစ်ဘက်ကမ်းရှိ ရေတံခွန် ငယ်ငယ် လေး တွင် ဂျင်နရေတာ ဆင်ကာ ထုတ်ယူ ခြင်း ဖြစ်သည်။ မိုးတေ ရဲ စခန်း က ဆင်ထားခြင်း ဖြစ်သည်။ ရဲစခန်း နှင့် ဆိုင် အတွက် လောက်တော့ လောက်င သည့် စွမ်း အင် ထွက် သည် ဟု သိရသည်။


 မိုးတေ ရေအား လျှပ်စစ် စက် ရုံ။




မိုးတေ တစ်ဖက်ကမ်း မှ ရေအား လျှပ် စစ် ကို ရဲ စခန်း သို့ ပို့ သည့် ဝိုင်ယာကြိုး။



မိုးတေ ရဲ ကင်း စခန်း။






ကျောင်းပြိန်း သို့ အလည်။


မပြန်မှီ တစ်ရက်တွင် သီပေါ တောင်ဘက် ဟော် အနီးရှိ ကျောင်းပြိန်းရွာ သို့ သွားလယ် ကြသည်။ အမှန်မှာ တူ တစ်ဦး ၏ လာရှိုး စက်မှု တက္ကသိုလ် တက်ဘက် သူငယ်ချင်းက နေ့လည်စာ ဖိတ် သဖြင့် စားကြော သွားကြခြင်း ဖြစ်သည်။

သီပေါ ဟော်နန်း အဝင်လမ်း ကိုကျော် လိုက်သည်နှင့် လှပသည့် တောင်ယာ လယ်ကွက် များ နှင့် ဝါဝင်းနေသည့် ပန်း နှမ်းခင်း များကို တွေ့ ကြရသည်။ ကျွန်တော် ငယ်စဉ် က ဤကဲ့ သို့ လှပသည့် ပန်းနှမ်း ( Canola ) ခင်း များ မရှိခဲ့။ စာသုံး ဆီ ( Canola Cooking Oil ) အတွက် စိုက်ပျိုး ခြင်း ဖြစ်သည် ဟု သိရသည်။


 ကျောင်းပြိန်း အဝင် ရှိ ပန်းနှမ်းခင်း။


 ရွာ အဝင် က ယာတဲ။



 ရွာ အဝင် က ကျွဲ။


 ရွာအဝင်က လယ် နှင့် ယာ။



 ရွာ အဝင်လမ်း။



ကျောင်းပြိန်းသည် သီပေါ နှင့်ကပ် လျှက်မို့  ရွာ ဟု ဆိုရမည် ထက် ရပ်ကွက် ကြီးကဲ့ သို့ ဖြစ်နေသည်။ တောမဆန်။ နေ့လည် စာ ဖိတ် သည့်အိမ်သည် SkyNet နှင့် ရေလောင်း အိမ်သာ နှင့်ဖြစ်သည်။

ရှမ်းရိုးရာ အိမ်တို့ ၏ အစဉ် အလာအတိုင်း ခြေတန်ရှည် အိမ် ဖြစ်သည်။ အိမ်ဝင်း အတွင်း သီးပင် စားပင် ပန်းပင် တွေ စုံနေအာင် စိုက်ထားသည်။ မွန်းကြပ်နေသည့် မြို့တွင်း မှ လွတ်မြောက်ရာ ကမ္ဘာ လေး တစ်ခု ပင် ဖြစ်ပါသည်။

 SkyNet နှင့် ကျောင်းပြိန်း က အိမ်။



 ခြေတန်ရှည် အိမ်အောက် က ကွပ်ပြစ်။



 အိမ်ဘေးက ကြီး မားလှသည့် ငှက်ပြော ပင်။



 အိမ်နောက် က ပင်လုံးကျွတ်သီးနေသည့် ကျွဲကောပင်။




 ရွာလမ်း ပေါ်က ဈေးအပြန်။



ယာတော က ပြန်လေပြီ။


နေ့လည်စာမှာ ရှမ်း ရိုးရာ မုန်ညင်းဟင်း ငါးထုတ်ဟင်း။ မုန်ညှင်းစော၊ ငါးလေးချဉ်၊ ငြုပ်ထောင်း စသည်တို့ ဖြစ်သည်။ ဟင်းချက်ကလည်းကောင်း ၊ အပြောင်းအလဲ လည်းဖြစ်ဆိုတော့ စားရသည်မှာ မြိန်လွန်း လှပါသည်။

ကျေးဇူး တင်ပါကြောင်း ပြောရင်း ကျွန်တော်လည်း အထက်က ခလေးမလေး ကဲ့သို့ ယာတော က ပြန်ခဲ့ပါသည်။







တက္ကသိုလ် ရဲအောင်။


" ရှမ်းရိုးမ က အိုးစည်သံ " သီချင်း ၊ ကိုရဲအောင် နှင့် သီပေါ တို့သည် တစ်တွဲ ထည်း ဖြစ်သည်။


ကိုရဲ အောင် နဲ့ တွေ့ ဘို့ ချိန်း တိုင်း လွဲ ခဲ့ ရတဲ့ အကြိမ် တွေ မနည်းလှ။ ဒီ တစ်ခေါက် ကိုရဲအောင်ကို တွေ့ ဖြစ်အောင် သွားတွ့ ခဲ့ရသည်။ ရန်ကုန် သူရောက်စဉ်က တွေ့ဘို့ သူချိန်းသော်လည်း မတွေ့ ဖြစ်ခဲ့ ၍ တင်နေခဲ့သောအကြွေးကို ပြန်ဆပ်သည့် အနေ နဲ့ သွားတွေ့ ရသည်။


အချိန်လု သွားရ၍ ည ၈ နာရီကျော် မှ သူ့ အိမ်သို့ ရောက်ဖြစ်သည်။ သူလည်း မမျှော်လင့် ဘဲ တွေ့ တော့ ဝမ်းသာ သည်။


သူ့ ကို ကျွန်တော် က အိမ် နာမည် Frank ဟုသာခေါ်သည်။



 တက္ကသိုလ် ရဲအောင် ( Frank)
 ( ကိုရဲအောင် ၏ ပုံကို သီပေါမြို့မှ နန်း လွင်လွင် အောင် က ကျေးဇူးပြု ထားခြင်း ဖြစ်ပါသည်။ )


" ရှမ်းရိုးမ က အိုးစည်သံ " သီချင်း သည် သူကိုယ်တိုင်ရေး သူကိုယ်တိုင်ဆို သော သီချင်း ဖြစ်သည်။ ဂီတ သမားဖြစ်၍ ဂီတ အကြောင်း အတော် ပြောဖြစ်ကြသည်။


" Frank... အရင်အခေါက် ကိုသိန်းတန် (မြန်မာပြည်) ပြန်လာတုန်းကသူ့ပွဲမှာ ခင်မောင်ထူး က " မန်းမြေ မှာ လေးနှစ်ကြာ " ဆိုတဲ့ ခင်ဗျားရဲ့ သီချင်း ကိုဆိုတယ်။ ဒါပေမဲ့ သူ က ခင်ဗျား ရေးမှန်းမသိဘူး ထင်တယ် ။ ကိုသိန်းတန် ရေးတာ လို့ ပြော သွားတယ်။ ခင်ဗျား နည်းနည်း ပြောလိုက်ပါဦး "


" ဒါမျိုး အရင်ကလဲ ဖြစ်ခဲ့ဘူးပါတယ် ကွာ သက်ဆိုင်တဲ့ သူတွေ နဲ့ ပြောဆိုလိုက်လို့ ပြန် အဆင်ပြသွား ပါတယ်။ " သူက ကျွန်တော့် ထက် အသက်ကြီးသည်။


တစ်လောက မြန်မာပြည် ကိုသိန်းတန် တစ်ခေါက် ပြန်လာတော့ ကိုရဲအောင် ၏ " မန်းမြေမှာ လေးနှစ်ကြာ " ကို သူကိုယ်တိုင်ပင်ဆိုသည်။ မဆိုမှီ ထိုသီချင်းကို သီပေါမြို့ က တက္ကသိုလ် ရဲအောင် ရေးတာ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။


ဂီတ လောက သား အခြင်းခြင်း ကြီးသည် ငယ်သည် မဟူ ဂရုဂါရ၀ ထားကြသည် ကိုမြင် ရတော့ ဝမ်းသာ မိသည်။ ကိုသိန်းတန် ကိုလည်း လေးစားမိသည်။


ဒီသီချင်းကို ကျွန်တော် တို့ မန်း တက္ကသိုလ်မှာ အတူ တက်နေကြစဉ်က ကိုရဲ အောင် ရေးခဲ့ ခြင်းဖြစ်သည်။


ကျွန်တော်က Physics တက်သည် သူက History တက်သည်။ တက္ကသိုယ် တက်စဉ် ကာလအတွင်း မှာပင် သီချင်း ပေါင်းများစွာ ရေးဖွဲ့ခဲ့သည်။ တက္ကသိုလ် တက်နေစဉ် အတွင်း သူ့ တီးဝိုင်းတွင် ကျွန်တော် က Bass လိုက်တီးပေးသည်။


အထင်တော့ မကြီးလိုက်ပါနဲ့ သစ်သားပုံးကို ကြိုးတပ်ပြီး တီး ရသည့် Bass ဖြစ်သည်။ ဒီ ဘေ့စ် ကိုတော့ အထင်သေးလို့မရ။ အလွန် ကောင်း သည် Bass သံထွက်သည်။ ကျောင်းပြီး တော့ သူ သီပေါ တွင် " ရှမ်းရိုးမ " တီးဝိုင်း ထောင်သည်။ ကျွန်တော်တို့ လူခြင်းကွဲသွား သဖြင့် သူ့ ရှမ်းရိုးမ တီဝိုင်းကို နား မထောင်ဖြစ်ခဲ့။ ရောက် သည့် အချိန်တွင် လည်း သူ တို့ ပွဲ နှင့် လွဲ လွဲနေ၍ ရှမ်းရိုးမ တီး ဝိုင်း ကို နား မထောင် ဖြစ်ခဲ့ပါ။


ကိုရဲအောင် နှင့် ကျွန်တော် သည် တက္ကသိုလ် ဝင်တန်း ဖြေအပြီး သီပေါ ဆောက်လုပ်ရေး တွင် အတူတူ နေ့စားလုပ်အား ပေးကြ စဉ် တွေ့ခဲ့ ကြခြင်း ဖြစ်သည်။ ကျွန် တော်တို့ ခေတ်က နေ့ တွက် တစ်နေ့ ကို ၃ကျပ် ၁၅ ပြား ရသည်။


ကျွန်တော် တို့လို ရိုးရိုး အစိုးရ ကျောင်းသားများက အင်္ဂလိပ်စာ ကို အတော် ကြိုးစား နေရသော်လည်း သူ့ အဖို့ က ထမင်းစားရေသောက် ဖြစ်နေသည်။ သူသည် အနောက် တိုင်းသွေး အနည်းငယ် ပါသူမို့ အရပ်ရှည်ရှည် အသားဖြူဖြူ လူချောချော ဖြစ်သည်။

ယခင်မေမြို့ St. Albert ကျာင်းဆင်းမို့ အင်္၈လိပ်စာ အလွန်တော်သည်။ တက္ကသိုလ် ဝင်တန်း တွင် အများတကာ အင်္ဂလိပ်စာ ကြောက်နေကြသော်လည်း သူက Optional English ယူပြီး Essay ကို Fighting Cock အကြောင်း ရေးခဲ့သူဖြစ်သည်။


လုပ်အားပေးချိန်က တစ်နေ့တွင် မဝေးလှသည့် သူ့ အိမ်သို့ နေ့လည်စာ စားချိန်တွင် ခေါ်သွားသည်။ ခြံထွက် မက်မန်းသီးများကို သကြား နှင့် ဖေါက်ထားသည့် မက်မန်း ဝိုင် များ သောက်ကြပြီး နောက် သူ ဂစ်တာကြီး ဆွဲထွက်လာသည်။ သူ ၈စ်တာ တီး သီချင်းဆိုတတ်မှန်း လုံး၀ မသိ။

 ဒီ " ဘဲ " ဘာလုပ်မှာ ပါလိမ့် ဟုသာ ကြည့်နေလိုက်သည်။ နောက်တော့ ကိုယ်တိုင် တီး သီချင်းဆိုတော့ မှ အတော် အဆို အတီး ကောင်းတဲ့သူဘဲ ဆိုတာသိလိုက်ရသည်။

Frank သည် လူပုံက သာ အနောက်ပုံ ပေါက်နေ ပေမဲ့ ရေးလိုက် တော့ မြန်မာသံ ကိုယ်ပိုင်သံစဉ် များသာ ဖြစ်သည်။


နောက်ပိုင်း အတော် တွဲ ဖြစ် ခဲ့ကြသည်။ နောင်ကော်ရှိ သူ တို့ ကညင် ခြံ ထဲသို့ သူ ၏ အမေရိကန် ဂျစ်ကားနှင့် သွားကြ ၊ တောကောင် ငယ်များ ပစ်ကြ ၊ နောင်ကော် ခြံ တဲ တွင် ချက်ပြုတ် စားသောက်ကြ နှင့် အပူအပင် ကင်း ခဲ့ကြသည့် ဘဝ၏ ကာလ အပိုင်း ကလေး တစ်ခု ဖြစ်ခဲ့ သည်။ ဆယ်စု နှစ်ပေါင်း များစွာ ကြာခဲ့ ပြီ ဖြစ်သည့် Down the Memory Lane လေး တစ်ခု ဖြစ်ခဲ့ ပါသည်။ Frank နှင့် ရှေးကြောင်း နောက်ကြောင်း သောင်းပြောင်းထွေလာ အတော် များများ ပြောလိုက်ရသည်။


ပြန်တော့ လမ်းပေါ်တွင် လူသူ မရှိတော့ တိတ်ဆိပ်နေပေပြီ။ ညနက်နေလေ ပြီ။ သူ့အပေါ် တင်နေ သည့် အကြွေး ထိုနေ့တွင် ကျေ သွား ခဲ့ ပါသည်။



နန်းခမ်းဦးပြည့်


နန်းခမ်းဦးပြည့် ၏ အသက်သည် ၂၄ နှစ်သာ ရှိသေးသည်။ သူ ဦးစီး လှုပ်ရှားနေရသည့် လုပ်ငန်းက တောခြေ ရွာ ကလေး အပြင်ဘက်ရှိ တရုတ် ဓါတ်ငွေ့ ပိုက်လိုင်း ပစ္စည်း သိုလ်လှောင်ရာ ဝင်းအနီး တွင် စားသောက် ဆိုင်ဖွင့်သည့် လုပ်ငန်း ဖြစ်သည်။

သန်သန် မာမာ အားကိုးအားထား ယောင်္ကျား လေးလည်း ရှိပုံမရ။ နှစ်ဆယ် ကျော် ပုံ မရသေးသည့် ညီမ နှစ်ယောက် နှင့် လှုပ်ရှားနေသူ ဖြစ်သည်။ ဆိုင် သုံးပုံ တစ်ပုံ ခန့် ကို မီးဖို ဆောင်အဖြစ် နှင့် သဘော လောက်သာ ကာရံ ထားသည့် အိပ်ခန်း လေး လုပ်ထားသည်။ဆိုင် အနီး ကြီးမားလှသည့် ညောင်ပင်ကြီး ၏အရိပ် အာဝါသကို မှီ ၍ ဆိုင်ဖွင့် ထားသည်။ ညီမ တွေက သူ့ ဆိုင် အစားအသောက် ကောင်း သည် ဆို၍ ရောက် ဖြစ်ခဲ့ကြသည်။


သီပေါ တောင်ဘက် တောင်မြို့ မှ နာရီ ဝက် ခန့် ဆိုင်နယ် စီးသွားကြရသည်။ လမ်း တစ်လျှောက် ဓါတ်ငွေ့ ပိုက်လိုင်း သယ်သည့် တရုတ် ထရပ် ကားကြီး တွေ ဘေး ကလွတ် အောင် အတော် သတိထားစီး ကြရသည်။


 ညောင် ပင်ကြီး အောက် က ညီမ သုံးဖေါ် စားသောက် ဆိုင်။



သူ့ လက်ထဲ မှာ ဓါး နဲ့ Chief Chef နန်းခမ်း ပြည့်ဦး။



ထိတ် တန်း ကျ လှတဲ့ Dining Table ။



ဘာသောက် ခြင် သလဲ " You name it, I have it ", နန်းခမ်း ပြည့်ဦး ။



အထူး သဖြင့် အသီးအရွက် ဟင်းများ သည် ဆိုင် ဟင်း နှင့် မတူဘဲ ရှမ်း ရိုးရာအိမ် ထမင်း အိမ် ဟင်း သဘွယ် ဖြစ်နေသည် က ထူးခြားမှု တစ်ရပ် ဖြစ်သည်။

" ထူးချွန် သည့် Chef တို့ မည်သည် မည်သည့်ဟင်း ချက်နည်း ဖေါ် နည်းကားကိုမှ အသေ မယူဘဲ ကိုယ့် နည်း နဲ့ ကိုယ် ပြန် တည်ထွင် နိုင်မှ အောင်မြင် မယ် " ဆိုတဲ့ သြစတြေလျှ နိုင်ငံ ကင်ဘာရာမြို့တွင် အဆိုပါ လုပ်ငန်း လုပ်ကိုင် နေသည့် မိတ်ဆွေကြီး ကိုအေးချို ပြောသည်ကို သတိရမိသည်။

သူ ၏ ရိုးရာ စွန်ထန် ဟင်းချိုသည် အလွန်ကောင်းသည်။


" သမီး စွန်ထန် အတော် ချိုုတယ်။ ဟင်းချိုထဲ အသားပြုတ်ရည် ထည့် သလား " နန်း ခန်း ဦးပြည့် ကိုမေး သည်တွင်-

" မထည့် ပါဘူ ဦးလေး ရှင့်။ စွန်ထန် ကို က ချိုလို့ ပါ "

အောက်ပြေ အောက်ရွာ က စွန်ထန်များ ဤကဲ့ သို့ မချိုပါ။

ကျွန်တော် ဟင်းချို ကြိုက် မှန်းသိ၍ ဟင်းချို မပြတ် ထည့်ပေးသည်။


 ဆိုင်တွင် အစားအသောက်တင်မက ကော်ဖီ ဆိုင်ရာပစ္စည်း၊ ပြည်တွင်းဖြစ် နှင့် ဒေသထွက် အရက် မျိုးစုံ ဘီယာ၊ စီးကရက် ကွမ်းယာ အားလုံးတင်ထားသည်။ ချက်ရေးပြုတ်ရေး ရောင်းရေး ဝယ်ရေး၊ စားပွဲ ထိုးရေး ကိစ္စ အားလုံး ကို ညီမ သုံး ယောက်သာ လုပ်ဆောင်ကြသည်။


ညီမ နှစ်ဖေါ်။


ကျွန်တော် က နည်းနည်း တော့ ထပ်ပြီး စပ်စု လိုက်သည်။

" သမီး လုပ်ငန်း ဘယ်လို သင် လာခဲ့သလဲ "


" သမီး သူများ စားသောက် ဆိုင်မှာ သုံး နှစ်လောက် အလုပ် လုပ်ခဲ့ ပါတယ်။ အဲဒီက အချက် အပြုတ် တတ် လာတာပါ ၊ အချို့ ကို လည်း ကိုယ့်ဟာကိုယ် ကိုယ့် နည်း နဲ့ ချက်တာပါ "

" တစ် ခါ ဈေး ဝယ်ရင် ငွေ ဘယ်လောက် သုံးရ သလဲ သမီး "


" တစ်ခါ ဈေးဝယ်ရင် ၂ သိန်း ၃ သိန်း ဘိုး လောက် ဝယ်ရပါတယ်။ သုံးရက်လေးရက် တစ်ခါ လောက်ဝယ်ရပါတယ် ဦးလေး "


သူတို့ ဆိုင်ရဲ့ လှည့်ပတ်ငွေ မှာ ဆိုင် နှင့် နေရာ နှင့် နှိုင်းစာလျှင် မသေးလှ ၍ အောင်မြင် သည့် လုပ်ငန်း ပေဘဲ လို့ မှတ်ချက်ပြုမိသည်။


" ဈေးဝယ် ရင် သီပေါ ကို ဆိုင်ကယ် နဲ့ သွား ပြီး အပြန်မှာ တော့ ထော်လာဂျီ နဲ့ ပြန်သယ် ပါတယ် ။ လုပ်ကိုင်စားကောက်ရတာ မလွယ် ပါဘူး ဦးလေး ရယ် ၊လွန်ခဲ့တဲ့လက သီပေါမှာ ဆိုင်ထဲဝင်ပြီး ဈေးဝယ်နေတုန်း သမီး ဆိုင်ကယ် အခိုးခံ ရလို့ လေ။ "


လုပ်ကိုင်စားသောက် ရသည်မှာ မလွယ် ရတဲ့ အထဲ မြွေပူရာ ကင်း မှောက်၊ ချော်လဲ ရာ သူ ခိုး ထောင်း ၊  ဖြစ်ရသည့် သူတို့ အဖြစ်ကို သနားမိသည်။


 ဆိုင်ကယ် နဲ့ ဈေးဝယ် ဖုန်းဖုန်း။





 တရုတ် တို့ မြန်မာပြည် အတွင်းမှ ဓါတ်ငွေ့ ဆွဲထုတ်သွားမည့် ပိုက်လိုင်း သိုလ်လှောင် ရုံများ။


သူ့ နဲ့ သူ့ ဆိုင် ကို ဓါတ်ပုံ ရိုက်တော့ ပုံတွေ သူ့ ထံ ပို့ ပေးပါလို့ ဆိုသည်။ ဘီယာ တိုက်မှာ လားလို့ မေးတော့ ဘီယာတော့ မဖြစ်ဘူး ဦးလေး အရက် တော့ တိုက်မယ် ပြောသည်။ 

ဒေသခံ အရက် ကတော့ တံဆိပ် ပေါင်း လှိုင်ပေါလည်။ ပေါမှ ပေါ။ အခြေခံ လုပ်ငန်းများ လုပ်ကိုင် နေသူများ အတွက် အံကိုက်။ ထိုင်းမှ လာသည့် Beer Chang တစ်လုံး က တောနယ်မှာ ၈၀၀/- လောက် ရောင်းနေရတော့ သူ့ ခမျာမှာလည်း တွက်ရပေမပေါ့။

အိမ်ပြန်ရောက်လျှင် Ink-Jet လောက်နဲ့ ဖြစ်ဖြစ် ပုံ ထုတ်ပြီး ပေးလိုက်မယ်လို့ စိတ်ကူး ခဲ့ပေမဲ့ မပေးဖြစ်ဘဲ ယခုတိုင် အကြွေးတင်နေဆဲ ဖြစ်ပါသည်။ ကဲ နန်း ခန်းဦးပြည့် လည်း ဒီ Blog မှာ ဘဲ ပုံတွေ အရင် ကြည့် နှင့်ပါလို့ အားနာနာ နဲ့ သာ မှာ ပါရစေတော့ နန်း ခန်းဦးပြည့်  ...ရေ  ..




လစ်ဟင်းခဲ့မှု များ။


သီပေါ ကို ရောက်တိုင်း ဆရာမကြီး ဒေါ် စဝ်မျိုးစစ် ကို သွားကန်တော့ ဖြစ်ပါသည်။ စင်စစ် စဝ် ( Sao )ပါနေ၍ ဒေါ် ထည့်ရန်မလိုသော်လည်း ရိုသေသမှု ကျန်သွားမည်ဟု ရှမ်း ဓလေ့ ထုံးစံ အလေ့အထနှင့် အကျွမ်းတဝင် မရှိသူများထင်မည် စိုး၍ ဒေါ် ထည့်ရခြင်းဖြစ် ပါသည်။ သို့သော် ဓါတ်ပုံ သမားဖြစ်လျှက်နှင့် ဓါတ်ပုံ မရိုက်ဖြစ်ခဲ့ သည်ကို ကိုယ့် ဟာ ကိုယ် စဉ်းမရ အောင် ဖြစ်ခဲ့ရပါသည်။


နောက် တစ်ခု က သီပေါ ဟော် နန်း ။

အလွန်ရောက် သင့်ပါလျှက် ဒီတစ်ကြိမ် မှာ ရောက်ကို မရောက် ခဲ့ပါ။ ပြန်ရောက် လို့ မိတ်ဆွေ အချို့ က ဟော် ကိုရောက်ခဲ့ သလား မေးတော့မှ သတိ ရဖြစ်သည်။


သီပေါ ရောက် တိုင်း သွားရောက် တွေ့ ဆုံလေ့ ရှိသည့် သူငယ်ခြင်းများ ဖြစ်ကြ သော မြို့ လယ် ရပ်က စိုင်းမောင်ကြီး နှင့် နန်း အုန်းတင် တို့ ကိုလည်း မတွေ့ဖြစ်။ အထက် နန်းကျောင်းသား ဘဝမှ တက္ကသိုလ် ကျောင်းသားဘ၀ တစ်လျှောက်လုံး တွဲ ခဲ့ကြသည့် ကိုသန်းဠေး တစ်ယောက်ကတော့ နောင်ပိန် မှာ အခြေကျနေ သဖြင့် မတွေ့ဖြစ်ခဲ့။ သူငယ်ချင်း နန်းခင်သန်းညွှန့် ကိုပင် Hello လောက်ပင် လုပ်နိုင်သည်။


မိမိ တက္ကသိုလ်ဝင်တန်း Matriculation ( ယခု အခေါ် ၁၀တန်း ) အောင်ခဲ့သည့် ကျောင်းကြီး ကို လည်း ရောက် ခဲ့ပါလျှက် ဓါတ်ပုံ မရိုက် ဖြစ်ခဲ့ပါ။ လစ်ဟင်းခဲ့ ကိစ္စများ အနက် ထူးခြားသည့် လစ်ဟင်းမှု များ ဖြစ်ပါသည်။

 အို.. နောက်တစ်ကြိမ် ပြန် လုပ်ကြတာ ပေါ့ လို့ လျှော့၍ ပေါ့ပေါ့ တွက် လို့မရ ဘဝဆိုတာက " ကွေးသော လက် မဆန့် မှီ ၊ ဆန့်သော လက် မကွေးမှီ " လို့ ပညာရှိ တို့ ဆိုထားတယ် မဟုတ်ပါလား။




အပြန်


အချိန် သုံးရက် သာနေချိန်ရပါသည်။ လေးရက် မြောက်တွင် ပြန်လေပြီ။ အလာတုန်းက ညပိုင်း တစ်ညလုံး မောင်းတဲ့ ကားကြောင့် လမ်းဘေး ကို ဘာမှ မမြင်ခဲ့ရ။ အပြန်တော့ လာရှိုးက ထွက်လာသည့် ကား သည် သီပေါကို နေ ခင်း နှစ်နာရီလောက်ရောက်တော့ လမ်း ဘေး ဘီဘင် ကြည့်လိုက် နိုင်သည်။

လမ်းဘေး အတော်များများ နေရာများတွင် ရခိုင် ကမ်းလွန် မှ သဘာ၀ ဓါတ်ငွေ့ များ ကို တရုတ်ပြည် သို့ ပို့ ဆောင်ရန် တပ်ဆင် ထားသည့် ပိုက်လိုင်း ညို နက်နက် ကြီးများကို တွေ့ ရသည်။ အမှတ်မထင် မိမိ လက်ဖမိုးပေါ်ရှိ သွေးပြန်ကြော ညိုမှိုင်းမှိုင်း တွေကို လည်း အမှတ် မထင် ကြည့် လိုက် မိပြန်သည်။


ထိုနှစ်ခု ခပ်ဆင်ဆင် တူနေပေသည်။ အော်...ငါတို့ ရဲ့ သွေး တွေ စီး ထွက်သွားမဲ့ သွေးကြာကြီး တွေများ ဖြစ်လာလေမလား လို့ တစ်ကိုယ်ကြား ပြောလိုက် မိပါသည်။


-------------------------------------------

1 comment:

  1. Izin promo ya Admin^^

    Bosan gak tau mau ngapain, ayo buruan gabung dengan kami
    minimal deposit dan withdraw nya hanya 15 ribu rupiah ya :D
    Kami Juga Menerima Deposit Via Pulsa x-)
    - Telkomsel
    - GOPAY
    - Link AJA
    - OVO
    - DANA
    segera DAFTAR di WWW.AJOKARTU.COMPANY ....:)

    ReplyDelete